တူရကီ၏ ဆီးရီးယားထိုးစစ်ကြောင့် အကြမ်းဖက်သမားများ ပြန့်ကြဲပြီး လက်နက်ပြန်လည်ရရှိသွားခြင်းမျိုးကို တူရကီကိုယ်တိုင် အလျှင်အမြန်ဟန့်တားနိုင်ရန် မသေချာဟု ရုရှားသမ္မတ ခန့်မှန်း

ကာ့ဒ်လက်နက်ကိုင်များအပေါ် တူရကီက မြေပြင်စစ်ရေးထိုးစစ်ဆင်နွှဲနေစဉ်အတွင်း အဆိုပါနယ်မြေအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများ ကစင့်ကလျှားဖြစ်၍ လက်နက်ပြန်လည်ရရှိသွားနိုင်ကြောင်း ရုရှားသမ္မတက ခန့်မှန်းလိုက်ပြီး ထိုအဖြစ်မျိုးမှ တူရကီက ဟန့်တားနိုင်ရန်ကို မိမိသံသယရှိကြောင်း ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

  
အစ္စလာမ်မစ်စတိတ်တို့ စုဝေးလျှက်ရှိသော မြောက်ပိုင်းဆီးရီးယားရှိ ကြားခံသဖွယ်ဖြစ်နေသည့် အဆိုပါနယ်မြေတွင် ဆီးရီးယားကာ့ဒ်တို့က စောင့်ကြပ်လျှက်ရှိခြင်းဖြစ်ကြောင်း၊ တူရကီ၏ စစ်ရေးဆောင်ရွက်မှုကြောင့် ကာ့ဒ်တို့က စခန်းစွန့်ခွာလျှက်ရှိကြောင်း၊ တာ့ခ်မင်နစ်စတန် လွတ်လပ်သောဓနသဟာရနိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူ ဆိုဗီယက်ခေတ်ဟောင်း ခေါင်းဆောင်များအားဗလာဒီမာပူတင်က သတိပေးပြောဆိုသည်။

  
ရုှရှားစစ်ဖက်ထောက်လှမ်းရေး GRU ၏ သတင်းအရ ဆီးရီးယားမြောက်ပိုင်းတွင် အကြမ်းသမားထောင်ပေါင်းများစွာ ခိုအောင်းလျှက်ရှိကြောင်း သိရှိရသည်ဟု အကြမ်းဖက်စစ်ပွဲဆင်နွှဲခြင်း၏ လုပ်ငန်းစဉ်ကို ပူတင်က ရှင်းပြသည်။ 

  
ဒေါ်နယ်ထရမ့်အမိန့်အရ အမေရိကန်တပ်များ ဆုတ်ခွာသွားပြီးနောက် ဗုဒ္ဓဟူးနေ့တွင် တူရကီတပ်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။ ဆီးရီးယားဒုက္ခသည်များအတွက် Safe Zone တည်ဆောက်ရန်ပါဝင်သည့် တူရကီ၏ “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေးကို “ အနောက်နိုင်ငံများက ကျယ်ပြန့်စွာ ဝေဖန်ရှုတ်ချလျှက်ရှိသည်။ 


ကြာသပတေးနေ့တွင် အမေရိကန် ရီပတ်ဘလစ်ကင်ကိုယ်စားလှယ်တစ်စုက တူရကီအပေါ်ဒါဏ်ခတ်ပိတ်ဆို့မှုသစ် ပြဋ္ဌာန်းရန် ခြိမ်းခြောက်လျှက်ရှိကြသည်။ ဥရောပသမဂ္ဂကမူ လာမည့်ရက်သတ္တပတ်တွင် တူရကီအပေါ် ပြစ်ဒါဏ်ပေးရေး သီးခြားအဖွဲ့များဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။ 

  
( ၂၀၁၁-ခုနှစ် ဆီးရီးယားပြည်တွင်းစစ်စတင်ပြီး များမကြာမီ အိမ်နီးချင်း ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားသူပုန်များအား အမေရိကန်အထူးတပ်ဖွဲ့ဝင်များက စစ်ရေးလေ့ကျင့် လက်နက်တပ်ဆင်ပေးခဲ့သည်။ ထိုသူပုန်များတွင် ဒေသန္တရ အယ်လ်ကိုင်ဒါများ ပါဝင်နေသည်ဟု ဥရောပနိုင်ငံများ ကန့်ကွက်သည့်တိုင် ဇွတ်တိုးအကောင် အထည်ဖော်သူမှာ အမေရိကန်ကွန်ဂရက် လက်နက်ကိုင်တပ်များဥက္ကဋ္ဌ ဂျွန်မက်ကိန်း၊ ဟီလာရီကလင်တန်နှင့် အိုဘားမားတို့ဖြစ်ကြသည်။ 

  
၎င်းလက်နက်-စစ်ပညာရရှိသွားသော သူပုန်အတော်များများမှာ အယ်လ်ကိုင်ဒါများနှင့် ပူးပေါင်းသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ 


၂၀၁၄-ခုနှစ်တွင် အစွန်းရောက်ဆီးရီးယားသူပုန်များအတွင်း အလွန်အယူသီး-ပိုမိုအစွန်းရောက်သော အုပ်စုသစ်ပေါ်ထွန်းလာမည်ဖြစ်ကြောင်း CIA က ကြိုတင်သတင်းရရှိခဲ့သော်လည်း အိုဘားမားက အလေးအနက်မထားကြောင်း CIA အရာရှိဟောင်းတစ်ဦးက ဝန်ခံသည်။ ဤတွင် အသစ်ပေါ်ပေါက်လာသောအဖွဲ့က ဆီးရီးယားနိုင်ငံတစ်ဝှမ်း တိုက်ခိုက်သိမ်းယူကာ ISIL ခေါ် မြေထဲပင်လယ်အရှေ့ပိုင်း ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်ကို ထူထောင်သည်။ တစ်ဆက်တည်းမှာပင် အီရတ်နယ်မြေအများအပြားကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းယူ၍ ISIL မှ ISIS ခေါ် ခလီဖိတ်အစ္စလာမ်မစ်နိုင်ငံတော်ကြီးထူထောင်ပြီဖြစ်ကြောင်း နိုင်ငံတကာသို့ ကြေညာသည်။ 

  
အီရတ်ကို ခြေကုတ်ယူထားသော အမေရိကန်နှင့် တူရကီအခြေစိုက် ဆော်ဒီဘုရင့်လေတပ်မတော်တို့က အိုင်စစ်အစွန်းရောက်အကြမ်းဖက်တို့ကို ခုခံသော်လည်း မထိရောက်ခဲ့ပေ။ ဗြိတိန်စစ်အကြံပေးတို့ကွပ်ကဲသော ဆော်ဒီဘုရင့်လေတပ်မတော် ဂျက်တိုက်လေယာဉ် လေသူရဲများသည် ပေးအပ်သောအမိန့်ကို ဖီဆန်ကာ တော်ရာနေရာ၌ ဗုံးများကို ဖြုတ်ချခဲ့ကြပြီး စက်သေနတ်နှင့် ဒုံးကျည်များ ဖြုန်းတီးခဲ့မှုဖြင့် စစ်ခုံရုံးတင်ခံရသည်။ ဆီးရီးယားသူပုန်များနှင့် အစွန်းရောက်အကြမ်းဖက် အစ္စလာမ်မစ်များကို ဆေးဝါးကုသ-ထောက်ပံ့-လူသစ်စု ဆောင်းရာ၌ တူရကီစစ်ဖက်က ပါဝင်ပတ်သက်လျှက်ရှိကြောင်း စွပ်စွဲချက်များ ထွက်ပေါ်သည်။ 


၂၀၁၅-ခုနှစ်တွင် ဆီးရီးယားစစ်ပွဲ၌ ရုရှားနိုင်ငံ စတင်ပါဝင်လာသည်။ ဆီးရီးယားမြောက်ပိုင်း သူပုန်များနှင့် အစွန်းရောက်အကြမ်းဖက် အစ္စလာမ်မစ်များကို ဖြိုခွင်းရန် တူရကီမှ ထောက်ပံ့ရေးလမ်းကြောင်းများကို ရှေးဦးစွာ လေကြောင်းမှ တိုက်ခိုက်ဖြိုခွင်းသည်။ ရာနှင့်ချီသော ဆီတင်ဘောက်ဆာကားများ ဆီးရီးယားမှ တူရကီနယ်စပ်သို့ လူးလာခေါက်တုန့်သွားလာနေစဉ် တိုက်ခိုက်ဖြိုခွင်းခဲ့ပုံများကို ဗွီဒီယို ရုပ်သံသက်သေများနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းစာရှင်းလင်းခဲ့သည်။ ရုရှားစစ်လေယာဉ်တစ်စီးမှာ ဆီးရီးယားနယ်စပ်တွင် ပစ်ချခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့မှားယွင်းပစ်ချမိခဲ့ကြောင်း တူရကီက တောင်းပန်ပြီး ရုရှားလေသူရဲ ရုပ်အလောင်းကို ပြန်လည်ပေးအပ်သည်။ 


အ အချုပ်အချာအာဏာပိုင်မှု ပျက်ပြားလျှက်ရှိသော ဆီးရီးယားစစ်မြေပြင်တွင် မည်သည့် နိုင်ငံတကာမီဒီယာမျှ သတင်း မယူရဲချေ။ အိုင်စစ်နှင့် အယ်လ်ကိုင်ဒါတို့က ပြန်ပေးဆွဲ ခေါင်းဖြတ်သတ်ကြ၍ ဖြစ်သည်။ အနောက်နိုင်ငံမီဒီယာများ ကိုးကားဖော်ပြသည့် သတင်းများမှာ “ ခမောက်ဖြူ “ White Helmet များ သတင်းပေးပို့မှု့အပေါ် အခြေခံသည်။ 

အမေရိကန် CIA နှင့် ဗြိတိန်၊ ဥရောပနိုင်ငံများ ထောက်ပံ့ကြေးဖြင့် ရပ်တည်သော ဆီးရီးယား မြို့ပြကာကွယ်ရေးအဖွဲ့ ခေါ် အရပ်သားများပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် အိုင်စစ်-အယ်လ်ကိုင်ဒါတို့နှင့် ကြံရာပါ ပုလင်းတူဗူးဆို့များဖြစ်ကြောင်း ဆီးရီးယားအစိုးရနှင့် ရုရှားမီဒီယာတို့က စွပ်စွဲသည်။ 


နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရသည်အထိ တက်လှမ်းနိုင်ခဲ့သော “ ခမောက်ဖြူ “တို့၏ သတင်းပေးမှုကြောင့် အာဆတ်အစိုးရက အရပ်သားများအပေါ် တားမြစ်ဓါတုလက်နက်အသုံးပြုသတ်ဖြတ်သည်ဟု စွပ်စွဲကာ အမေရိကန်နှင့် နေတိုးအဖွဲ့က ဒုံးကျည်အများအပြားဖြင့် တိုက်ခိုက်မှု ၂-ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၈-ခုနှစ်တွင် ဆီးရီးယားအနောက်ပိုင်း၌ ပိတ်မိသွားသော နောက်ဆုံးလက်ကျန် “ ခမောက်ဖြူ “ တို့ကို အမေရိကန်၏ မေတ္တာရပ်ခံချက်အရဟု ဆိုကာ အစ္စရေးကွန်မန်ဒိုများက ဝင်ရောက်ကယ်ဆယ်ခဲ့ရသည်။ ခမောက်ဖြူ ၆၀ ခန့်နှင့် မှီခိုသူမိသားစုဝင်တို့ကို ဥရောပနိုင်ငံများက မျှဝေနေထိုင်ခွင့်ပြုခဲ့ကြောင်း တွေ့ရှိရသည်။ 



ဆီးရီးယားမြောက်ပိုင်းရှိ တူရကီထောက်ပံ့ရေးလမ်းကြောင်းအား ရှေးဦးစွာ ဖြတ်တောက်ရန် ရုရှား၏လေကြောင်းထိုးစစ်မှာ အလွန်ခက်ခဲ ရှုတ်ထွေးပြီး မြေပြင်တွင် ဆီးရီးယားကာ့ဒ်တို့က ပစ်မှတ်လမ်းညွှန်ပြသခဲ့၍ အီရန်စစ်အကြံပေးများနှင့် အစိုးရတပ်များက တိုက်ခိုက်စိုးမိုးခဲ့ခြင်းဖြစ်သည်။ ရုရှားဂျက်တိုက်လေယာဉ်တစ်စီးကို သူပုန်များက ပစ်ချခဲ့ရာ လေထီးဖြင့် ခုန်ထွက်လွတ်မြေက်သွားသော လေသူရဲမှာ မြေပြင်အရောက် သူပုန်တို့အား ခုခံပစ်ခတ်ရင်း ကိုယ်တိုင်လက်ပစ်ဗုံးခွဲ၍ ကျဆုံးသည်။ 


မြောက်ပိုင်းအား အစိုးရတပ်များ ပြန်လည်စိုးမိုးနိုင်သောအခါ ဆီးရီးယားကာ့ဒ်တို့က “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ “ တစ်ဖက်သပ်ကြေညာခြင်းဖြင့် ပုန်ကန်ခဲ့ပြီး အမေရိကန်အထူးတပ်ဖွဲ့များ ဝင်ရောက်လာကာ ကာ့ဒ်တို့ကို “ဆီးရီးယားဒီမိုကရက်တစ်တပ် “ SDF အဖြစ် ဖွဲ့စည်း၍ စစ်ရေးလေ့ကျင့် လက်နက်တပ်ဆင်ပေးခဲ့သည်။ 



ဆီးရီးယားအနောက်မြောက်စွန်း “ အက်ဖရင် “ Affrin နယ်မြေကျဉ်းရှိ ကာ့ဒ်တို့ကို ဆီးရီးယားသူပုန်တို့ အကူအညီဖြင့် တူရကီက တိုက်ခိုက်သိမ်းယူတပ်စွဲထားသည်။ ယခု တူရကီ၏ “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “ တွင် တူရကီတပ်မတော်နှင့်အတူ ဆီးရီးယားအရှေ့မြောက်ပိုင်းသို့ ချီတက်လာသည့် “ လွတ်လပ်သောဆီးရီးယားတပ် “ FSA “ ဆိုသည်မှာ အာဆတ်ဆန့်ကျင်ရေးဒေသတွင်းမှ စုရုံးထားသည့် ဆီးရီးယားသူပုန်များ ဖြစ်လေသည်။ ဆီးရီးယားစစ်ပွဲနှင့် ပတ်သက်၍ စာတမ်းပြုစုလိုသူများအား ယခုသတင်း ဖြည့်စွက်အချက် အလက်များအတွက် အထောက်အထားကိုးကား Links များ ပေးပို့ ကူညီလိုပါသည်။ ။ သတင်းဘာသာပြန်သူ )) 


( အောက်တိုဘာ – ၁၂၊ ၂၀၁၉ ) Russia Today., 11 Oct, 2019, “Turkey’s Syria op could see Islamic State terrorists scattering & rearming, not sure whether Ankara can tackle it fast – Putin.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/news/470714-putin-turkey-operation-isis/ 

0

Leave a Reply

Your email address will not be published.