တူရကီနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား ပြင်သစ် ပြန်လည်ခေါ်ယူ၊ ပြင်သစ်သမ္မတအနေဖြင့် မွတ်စလင်များအပေါ် သဘောထားနှင့်ပတ်သက်၍ စိတ်ကျန်းမာရေးစစ်ဆေးသင့်ကြောင်း တူရကီအကြံပြု။ ရှာလီဟက်ဗ်ဒိုကာတွန်း ခေါင်းဖြတ်သတ်ခံရသည့် ကျောင်းဆရာနှင့် နောက်ဆက်တွဲ ဂယက်



ပြင်သစ်နိုင်ငံက တူရကီနိုင်ငံဆိုင်ရာ ၎င်း၏အမတ်ကြီးအား ပြန်လည်ခေါ်ယူခဲ့ရာ သန်းပေါင်း များစွာသော မွတ်စလင်များအပေါ် မတရားပြုမူဆက်ဆံလျှက်ရှိသည့် ပြင်သစ်သမ္မတအနေဖြင့် စိတ်ကျန်းမာaရးစစ်ဆေးမှုခံယူသင့်ကြောင်း တူရကီသမ္မတအာဒိုဂန်က ဝေဖန်ပြောဆိုပြီးနောက် ဖြစ်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။ 


တူရကီနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား ပြန်လည်ခေါ်ယူကြောင်းကို စနေနေ့ညနေပိုင်းတွင် အီမန်နူရယ်မက်ခွန်၏ ပြင်သစ်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဆို၏။ 
တူရကီ၏ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အမည်နာမ သမုတ်ရန် အစီအစဉ်မရှိကြောင်း၊ ( တူရကီ၏ ) ဒေါသတကြီးနှင့် စော်ကားမှုမှာ နည်းလမ်းမကျကြောင်း သမ္မတရုံးသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 


တူရကီနိုင်ငံအလယ်ပိုင်း ကေဆီရီမြို့ရှိ ၎င်း၏ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး (AK) ပါတီ အစည်းအဝေးတွင် တူရကီသမ္မတ တေရစ်အာဒိုဂန်က ပြင်သစ်သမ္မတအနေဖြင့် သန်းပေါင်းများစွာသော မွတ်စလင်များအား မတရားပြုမူကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်ပြီး မက်ခွန်အနေဖြင့် လွတ်လပ်စွာ ယုံကြည်မှုအပေါ် နားလည်ခြင်း မရှိကြောင်း၊ စိတ်ကျန်းမာရေး ကုသမှုခံယူရန် လိုအပ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဆို၏။ 


အာဒိုဂန်၏ ဒေါသတကြီးမှတ်ချက်မှာ ပြင်သစ်ရှိ အစ္စလာမ်မစ်အခြေခံဝါဒီများအား ချေမှုန်းသွားမည်ဟု သမ္မတမက်ခွန်က ကတိပြုကြောင်း မကြာသေးမီက သတင်းထုတ်ပြန်အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြင်သစ်သမ္မတက ပြောကြားရာ၌ အစ္စလာမ်ဘာသာသည် တင်းမာသော ဘာသာရေးအယူအဆရှိသူများ တိုးပွားလာခြင်း ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အကျပ်အတည်း ဆိုက်လျှက်ရှိကြောင်း ထည့်သွင်း ဟောပြောသည်ဟု သိရှိရသည်။ 


အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပါရီမြို့ဆင်ခြေဖုံးတစ်နေရာ၌ အလယ်တန်းပြ ကျောင်းဆရာ ဆမ်မြူရယ်ပက်တီအား ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့ရမှုအပြီး၌ အစွန်းရောက်အစ္စလာမ်မစ်များအား ဖယ်ရှားပစ်ရန် သမ္မတမက်ခွန်က ကတိပြုခဲ့သည်။ ဆရာပတ်တီသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု သင်ခန်းစာ တစ်စိတ်တစ်ပိုင်းအဖြစ် တမန်တော်မိုဟာမက်ပုံပါ ကာတွန်းကို ၎င်း၏ ကျောင်းသားများအား အချေအတင်ဝေဖန်စေခဲ့သည်။ ထိုအတွက်နှင့် ဆရာပက်တီအား ၁၈-နှစ်အရွယ် ချေချင်းညာလူမျိုး ပြင်သစ်၌ ဒုက္ခသည် အဖြစ်ခိုလှုံနေသူ အဗ္ဗဒူလာအန်ဇိုရော့ဗ်က လက်စားချေသတ်ဖြတ်ခြင်းဖြစ်မည်ဟု ယူဆရသည်။ 


မက်ခွန်က အဆိုပါဖြစ်ရပ် အား အစ္စလာမ်မစ်အကြမ်းဖက်သမား၏ တိုက်ခိုက်မှုဖြစ်ကြောင်း အလျှင်အမြန်ကြေညာခဲ့သည်။ လွတ်လပ်စွာယုံကြည်ခွင့်၊ မယုံကြည်ပဲလည်း နေနိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို သင်ကြားပေးသော ကျွန်ုပ်တို့ နိုင်ငံသားတစ်ဦးမှာ ရက်စက်စွာ အသတ်ခံလိုက်ရကြောင်း၊ အစွန်းရောက်အယူအဆဆန့်ကျင်ရေးမှာ ကျွန်ုပ်တို့၏ တိုက်ပွဲဖြစ်၍ စည်းလုံးညီညွတ်ကြပါရန် ပြင်သစ်နိုင်ငံအား တိုက်တွန်းခဲ့သည်။ 


အောက်တိုဘာ ၁၇-ရက် စနေနေ့တွင် ပါရီမြို့အနောက်မြောက်ဖက်ရှိ ဆင်ခြေဖုံးတစ်နေရာ၌ ဆင်မြူရယ်ပက်တီမှာ ၎င်း၏ စာသင်ကျောင်းအပြင်ဖက်တွင် ခေါင်းဖြတ်အသတ်ခံခဲ့ရသည်။ သတ်ဖြတ်သူအဖြစ် ယုံကြည်ရသော အဗ္ဗဒူလာအန်ဇိုရော့ဗ်အား သေနတ်ဒါဏ်ရာများနှင့် ဖမ်းဆီးရမိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားသည်။ အန်ဇိုရော့ဗ်သည် ပြင်သစ်နိုင်ငံတွင် မိဘများနှင့်အတူ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခဲ့သည်မှာ ၁၂-နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ရုရှားနိုင်ငံ၏ ဖက်ဒရယ်နယ်မြေတစ်ခုဖြစ်သော ချေချင်းညာနှင့် အဆက်အသွယ် တစ်စုံတစ်ရာမတွေ့ရကြောင်း ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ရုရှားသံရုံးက သတင်းထုတ်ပြန်သည်ဟု South China Morning Post က ရေးသားသည်။ 


သို့သော် အဗ္ဗဒူလာအန်ဇိုရော့ဗ်သည် ဆီးရီးယားရှိ ရုရှားဘာသာစကားပြောဆိုသူ တိုက်ခိုက်ရေးသမားများနှင့် အဆက်အသွယ်ရှိကြောင်း လူသတ်သမားအား ဆရာပက်တီရှိသည့်နေရာကို ညွှန်ပြခဲ့သူ ၂-ဦးအပါအဝင် သက်သေ ၇-ဦးတို့က ထွက်ဆိုကြသည်ဟု Al Jazeera ( Oct 22, 2020 ) က ရေးသားသည်။ 


အန်ဇိုရော့ဗ်သည် ၆-နှစ်သားအရွယ်တွင် မိဘများနှင့်အတူ ပြင်သစ်နိုင်ငံတွင်ရောက်ရှိနေဖြင်းဖြစ်ပြီး ၎င်းနှင့်အဆက်အသွယ်ရှိသည်ဆိုသော ဆီးရီးယားရှိ ရုရှားဘာသာစကားပြောဆိုသူတိုက်ခိုက်ရေးသမားများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။ 


ပြင်သစ်ဒေသန္တရ သတင်းစာတစ်စောင်နှင့် ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုကမူ အဗ္ဗဒူလာအန်ဇိုရော့ဗ်နှင့် အဆက်အသွယ်ရှိသည်ဆိုသူများမှာ ဆီးရီးယားအနောက်မြောက်ပိုင်း “အိုင်ဒဲ့လ်ဗ်” ဒေသနေထိုင်သူများဖြစ်ကြောင်း၊ ၎င်းဒေသရှိ ချေချင်းလူမျိုးများသည် “ ဆီးရီးယား အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ အယ်လ်ရှာဘတ် “ ဟု လူသိများသည့် Hay’et Tahrir al-Sham (HTS) group “ ဟေရတ်တဟားရ်အယ်လ်ရှမ် “ အုပ်စုမှဖြစ်ပြီး အိုင်ဒဲ့လ်မြို့ကို သိမ်းပိုက်ထားသော်လည်း ခွဲထွက်အဖွဲ့အများအပြား၏ ခိုလှုံရာဖြစ်နေကြောင်း၊ ဗြိတိန်နှင့် ချေချင်းအပါအဝင် နိုင်ငံခြားသား ထောင်ပေါင်းများစွာ ရှိနေကြောင်းရေးသားသည်။ 


ဆင်မြူရယ်ပက်တီအသတ်ခံရပြီးနောက် ရုရှားဘာသာဖြင့် အသံသွင်းမှတ်တမ်းတစ်ခု ချက်ချင်းဆိုသလို ပေါ်ထွက်ခဲ့ရာ ၎င်းတွင် တမန်တော်မြတ်အား စော်ကားသည့်အတွက် ပြင်သစ်ကျောင်းဆရာအား ပြစ်ဒါဏ်ပေးလိုက်သည်ဟု အန်ဇိုရော့ဗ်က ဝန်ခံထားသည်။ ထို့ပြင် ကျမ်းစာမှ စာပိုဒ်များ၊ အိုင်စစ် ( ISIS ) အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ အဆိုအမိန့်များကို ကိုးကားထားပြီး “ ညီအစ်ကိုတို့ .. အရှင်မြတ်က ကျွနု်ပ်အား အာဇာနည်အဖြစ် လက်ခံစေရန် ဆုတောင်းပေးကြပါ “ ဟု ပါရှိသည်။ Twitter တွင် ပြန့်လွင့်နေသော ဗွီဒီယိုတစ်ခု၌ ဆင်မြူရယ်ပက်တီ၏ ပြတ်တောက်နေသော ဦးခေါင်းပုံနှင့် အန်ဇိုရော့ဗ်၏ ဝန်ခံချက် ပါရှိသည်။ 


ပြင်သစ်နိုင်ငံတွင် ရှာလီဟက်ဗ်ဒိုဂျာနယ်၏ ၂၀၁၁-ခုနှစ် နိုဝင်ဘာ ၀၃-ရက်တွင်ဖော်ပြသော မျက်နှာဖုံးပုံသည် တမန်တော်မိုဟာမက်အား ပြောင်လှောင်စော်ကားသည်ဟု အစ္စလာမ်ဘာသာဝင်နိုင်ငံများတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ၂၀၁၅-ခုနှစ် ဇန်နဝါရီ ၇-ရက်တွင် ပါရီမြို့ ရှာလီဟက်ဗ်ဒိုမီဒီယာရုံးချုပ်အား သေနတ်သမား တစ်စုတို့က အကြမ်းဖက်ပစ်ခတ်ရာ ၁၇-ဦးသေဆုံးပြီး ၁၁-ဦး ဒါဏ်ရာရရှိခဲ့သည်။ ထိုစဉ်မှစ၍ ၎င်းမီဒီယာအား ပိတ်ထားခဲ့ရာ လွန်ခဲ့သည့် စက်တင်ဘာ ၁၁-ရက်တွင် ရှာလီဟက်ဗ်ဒိုမဂ္ဂဇင်းအား ပြန်လည်ထုတ်ဝေသည်။ 


ထိုအတွက် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်အများစု နိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ်တားဆီးရေး ကန့်သတ်ချက် များကို ဖီဆန်လျှက် လူပေါင်း ထောင်သောင်းချီ စုဝေးကန့်ကွက်ခဲ့ကြသည်။ 


#တူရကီဆိုင်ရာပြင်သစ်သံအမတ်ပြန်လည်ခေါ်ယူ #ပြင်သစ်ကျောင်းဆရာနှင့်_အဗ္ဗဒူလာအန်ဇိုရော့ဗ် 



((( Russia Today., 25 Oct, 2020,” France recalls ambassador from Turkey after Erdogan urges Macron to seek ‘mental help’ over his attitude towards Muslims.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/news/504496-ambassador-france-turkey-recall/ 
https://apnews.com/article/turkey-mental-health-health-recep-tayyip-erdogan-france-a4464c96841ae2be9c40cd316f543d59 
https://www.aa.com.tr/en/europe/france-islamophobia-replacing-antisemitism/2017926# 
https://www.washingtonpost.com/outlook/macron-france-reform-islam-paty/2020/10/23/f1a0232c-148b-11eb-bc10-40b25382f1be_story.html 
https://www.scmp.com/news/world/europe/article/3105966/france-beheading-suspect-was-chechen-no-links-russia-says 
https://www.aljazeera.com/news/2020/10/22/france-teachers-killer-had-contact-with-fighter-in-syria 
https://edition.cnn.com/2015/01/07/europe/france-charlie-hebdo-attack-scene/index.html 
https://www.firstpost.com/india/photos-chechnya-to-pakistan-protests-across-the-world-against-charlie-hebdos-cartoons-2055389.htm

0

Leave a Reply

Your email address will not be published.