တရုတ်ချေးငွေဖိစီးနေသော သီရိလင်္ကာကို သင်ခန်းစာယူ၊ ကျောက်ဖြူကို သတိပြု။ ဘင်္ဂလားဒက်ရှ်က ကောခ့်ဘဇား ရေနက်ဆိပ်ကမ်းနှစ်ခုကို ဂျပန်အကူအညီဖြင့် ဆက်လက်တည်ဆောက်မည်။ ဘင်္ဂလားပင်လယ်အော်တွင် တရုတ်-အိန္ဒိယနှင့် အမေရိကန်တို့ အားပြိုင်မှု့ ပြင်းထန်

ဘင်္ဂလားဒက်ရှ်အစိုးရသည် ကော့ခ်ဘဇားတွင် “ ဆိုနတ်ဒီယာရေနက်ဆိပ်ကမ်း “ ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ပြီး “ မာတာဘာရီ ရေနက်ဆိပ်ကမ်း “ ကို အမြန်အကောင်အထည်ဖော်မည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် ၁၉၉၉ -ခုနှစ်တည်းက ဂေဟဗေဒဆိုင်ရာအကြပ်အတည်း(ECA)နှင့် ရင်ဆိုင်နေရကြောင်း ကြေညာထားသည့် “ ဆိုနတ်ဒီယာကျွန်း “နယ်မြေတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြေများကို လေ့လာပြီးနောက် ဗုဒ္ဓဟူးနေ့၌ ရှိတ်ဟာစီနာအစိုးရက ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ သို့သော် ထိုကိစ္စတွင် ပထဝီနိုင်ငံရေးကစားကွက်များ ပါဝင်နေဟန်ရှိသည်ဟု အမည်မဖော်လိုသော အစိုးရအရာရှိကြီးတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီ ၅-ရက်နေ့ ဝန်ကြီးချုပ်ရုံးတွင် ကျင်းပသည့် စီမံကိန်းအမြန်အကောင်အထည်ဖော်ရန် စောင့်ကြည့်စစ်ဆေးရေးကော်မတီအစည်းအဝေး၌ ဂေဟသဘာဝညီမျှမှု့ကို ပျက်ပြားစေသည့် ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်းမျိုး မပြုသင့်ကြောင်း အကြံပြုခဲ့သည်ဆို၏။ ဆိုနတ်ဒီယာရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ငွေကြေး ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ၂၀၀၉-ခုနှစ်တည်းက ဖြစ်နိုင်ခြေလေ့လာခဲ့သော နိုင်ငံမှာ တရုတ်ဖြစ်ကြောင်း၊ သို့သော် အဆိုပါကိစ္စအကောင်အထည်ဖော်ရန် လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံတွေ့ဆုံညှိနှိုင်းခြင်းများ မရှိခဲ့ချေ။ ဒေသတွင်း စီးပွားရေးအင်အားကြီး တရုတ်-အိန္ဒိယနှင့် အမေရိကန်တို့၏ ကွဲပြားသော အမြင်အမျိုးမျိုးတို့မှာ ဘင်္ဂလားပင်လယ်အော်ဇုံ၌ ဗဟိုပြုလျှက်ရှိကြောင်း သိရိရသည်။

ဘင်္ဂလားဒက်ရှ်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးရေးကို ဂယက်ရိုက်စေမည့် ဒေသတွင်းနိုင်ငံရေးအရှုတ်အထွေးများတွင် ပါဝင်လိုခြင်းမရှိကြောင်း၊ ပြည်ပပင်လယ်ရေနက်ဆိပ်ကမ်းကြီးများ ဝန်းရံနေသည့် ဘင်္ဂလားဒက်ရှ်အတွက် ပင်လယ်ရေနက်ဆိပ်ကမ်း သီးခြားတည်ဆောက်ရန် မလိုသော်လည်း မာတာဘာရီတွင် ဂျပန်နိုင်ငံက သဘာဝဓါတ်ငွေ့ဆိပ်ကမ်းတစ်ခုတည်ဆောက်ခဲ့သဖြင့် ရေနက်ဆိပ်ကမ်းဆက်လက်တည်ဆောက်ရန် မခဲယဉ်းကြောင်း၊ ထိုအချက်မှာ ဘင်္ဂလားဒက်ရှ်အစိုးရအနေဖြင့် ဆိုနတ်ဒီယာရေနက်ဆိပ်ကမ်း “ တည်ဆောက်ရန် ဆုံးဖြတ်ချက် အပြောင်း အလဲဖြစ်စေခဲ့သည်။

တရုတ်ကုန်သွယ်ရေကြောင်းလုပ်ငန်း၏ ၇၀ ရာနှုန်းကို ကြီးစိုးထားသည့် တရုတ်ကုမ္ပဏီကြီး၏ ချေးငွေဖြင့် ပင်လယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ခဲ့သဖြင့် အိမ်နီးချင်း သီရိလင်္ကာတွင် အကြွေးဖိစီးသည့် သင်ခန်းစာကို နမူ နာယူကာ “ ဆိုနတ်ဒီယာရေနက်ဆိပ်ကမ်း “ ၌ တရုတ်၏ ချေးငွေကို သတိပြုလိမ့်မည်ဟု အဆိုပါအရာရှိကြီးက ဆက်လက်ပြောဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၈-ရက်နေ့တွင် တရုတ်နှင့် မြန်မာတို့သည် သက်သာခွင့်ပြုခြင်းနှင့် ရှယ်ယာမျှဝေခြင်း သဘောတူညီချက်များအပါအဝင် နားလည်မှု့စာချွန်လွှာ ( ၃၃ ) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းတို့တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုံ စီမံကိန်းလည်းပါဝင်သည်။

သမ္မတရှီကျင့်ဖျင်၏ ၂-ရက်တာ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ ဘင်္ဂလားဒက်ရှ်နယ်စပ် ရခိုင်ပြည်နယ်၏ ကျောက်ဖြူနယ်မြေတွင် ရေနက်ဆိပ်ကမ်းအတွက် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လောလောဆယ်တွင် ဒေသတွင်း၌ အိန္ဒိယက ၎င်း၏ အရှေ့ဖျားပြည်နယ် ၇-ခုအတွက် “ ညီအမ ၇-ဖော် စီမံကိန်း” ဖြင့်ကုန်းတွင်း ဆက်လမ်းကြောင်း တည်ဆောက်နေသည်။ ထိုအတွက် “ ဘင်္ဂလားဒက်ရှ်ဆိုနတ်ဒီယာရေနက်ဆိပ်ကမ်း “ သည် တရုတ်အနေဖြင့် “ မြန်မာကျောက်ဖြူရေနက်ဆိပ်ကမ်း “ ပြီးလျှင် အလှည့်အပြောင်းအဖြစ် အာရုံစိုက်ဖွယ်ဖြစ်လာခဲ့ကြောင်း ပထဝီနိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်သည်။

အိန္ဒိယက ၎င်း၏ အရှေ့ဖျားပြည်နယ် ၇-ခုတွင် “ ညီအမ ၇-ဖော် စီမံကိန်း” ဖြင့်ကုန်းတွင်း ဆက်လမ်းကြောင်း တည်ဆောက်နေပါသည်။ မြောက်ဖက်အကျဆုံး အာရူနာချယ်ပရာဒက်ရှ်သည် မိမိတို့ပိုက်နက် တိဘက်တောင်ပိုင်းအတွင်း ကျရောက်ကြောင်း ထိုင်ဝမ်နှင့် တရုတ်တို့က သတ်မှတ်ထားသည်။ ပိုင်ဆိုင်မှု့ အငြင်းပွားရာမှ ၁၉၆၂-ခုနှစ် တရုတ်-အိန္ဒိယနယ်စပ်ပဋိပက္ခအဖြစ် ၁-လကျော်ကြာ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြဖူးသည်။

ဘင်္ဂလားဒက်ရှ်သည် ယခုအခါ နိုင်ငံတကာစီးပွားရေးသံတမန်အခင်းအကျင်း၌ ဝင်ရောက်နေပြီဖြစ်သည်။ ဘင်္ဂလားဒက်ရှ်အနေဖြင့် “ အိန္ဒိယအကြိုက်-တရုတ်လိုလား “ နည်းဗျူဟာဟောင်းကျင့်သုံးရာမှ ပြောင်းလဲရန် ဆန္ဒရှိကြောင်း လတ်တလော အခြေအနေက ပြသလျှက်ရှိသည်။

လက်ငင်းဖြစ်ပေါ်နေသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) အရေးအခင်းတွင် တရုတ်သည် ဘင်္ဂလားဒက်ရှ်ဘက်မှ ရပ်တည်ခြင်းမရှိချေ။ ဒုက္ခသည်ဘင်္ဂါလီအရေးနှင့် ပတ်သက်လာလျှင် မြန်မာဘက်က အမြဲရပ်တည်ခဲ့သော တရုတ်သည် ၎င်း၏ သဘောထားအတိုင်း ဘင်္ဂလားဒက်ရှ်ကိုလည်း တစ်နည်းနည်းဖြင့် အတင်းအကြပ်လက်ခံလာစေလိမ့်မည်ဖြစ်ကြောင်း ဒါကာတက္ကသိုလ် နိုင်ငံဆက်ဆံရေးပါမောက္ခက ယူဆသည်။

ဘင်္ဂလားဒက်ရှ်အစိုးရ၏ အမြင့်ဆုံးစီမံကိန်းဖြစ်သော မာတာဘာရီဆိပ်ကမ်းဖွံံဖြိုးရေးစီမံကိန်းကို ဘင်္ဂလားဒက်ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ( CPA ) နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA ) တို့က ပူးတွဲတည်ဆောက်မည်ဖြစ်သည်။ (CPA တာကာငွေ ၂၂,၁၃၀.၉၉ သန်း၊ JICA တာကာငွေ ၁၂၈,၉၂၀.၉၆ သန်း ) စုစုပေါင်း တာကာငွေ ၁၇၇,၇၇၀.၁၆ သန်း ကုန်ကျမည့် အဆိုပါစီမံကိန်းကို ၂၀၂၀ -ခုနှစ်တွင် စတင်မည့်ဖြစ်ပြီး၂၀၂၄-ခုနှစ်ပြီးစီးရန် လျှာထားသည်။

JICA က အကျယ် ၃၅၀ မီတာ အရှည် ၁၅ ကီလိုမီတာရှိသော သင်္ဘောခုတ်မောင်းလမ်းကြောင်း တည်ဆောက်ရမည်ဖြစ်ပြီး ရေစူး ၁၆.၃ မီတာရှိ သင်္ဘောများ ဝင်ထွက်နိုင်မည်။ မာတာဘာရီဆိပ်ကမ်းသည် ၂၀ ပေအရှည်စံနှုန်း ကုန်သေတ္တာ ၈,၀၀၀ ကိုင်တွယ်နိုင်သော ဆိပ်ခံ ၂-ခုပါဝင်မည်ရာ ဘင်္ဂလားဒက်ရှ် လက်ရှိ တင်ချနိုင်သော ကုန်သေတ္တာအရေအတွက် ၃-ဆ ရှိမည်ဖြစ်သည်။

(( အတိုချုံးရလျှင် ရှိတ်ဟာစီနာသည် နိပွန်မာစတာနှင့် ပေါင်းရန် ပေါက်ဖော်ကြီးအား တာ့တာ့ လုပ်ပြခြင်း ဖြစ်သည်။ လုပ်ဆို ရှိတ်ဟာစီနာတို့တိုင်းပြည်သည် ပေါက်ဖော်ကြီးနှင့် နယ်မြေချင်းထိစပ်မှု့မရှိ အဖနိုင်ငံတော် ထူထောင်မည့် သူပုန်လဲ မရှိချေ။

ဘာဘူကြီးအနေဖြင့်လည်း နိပွန်မာစတာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးသည်အထိ ပုလဲနံပသင့်ပြီးဖြစ်၍ ကုလားတန်စီမံကိန်းကို ၁၀၇ နှင့် ထုသော်ငြား သိပ်စိုးရိမ်ရန် မရှိချေ။ လက်နက်အင်အားကြီးနိုင်ငံဖြစ်ပါလျှက် ညီအမ ၇-ဖော်အတွက် အိမ်နီးချင်းနိုင်ငံသူပုန်ထံ ဆက်ကြေးပေးရမည့် အောက်အောက်ညှစ်ညှစ် လူကြားမကောင်းသည်မျိုးကို ကျော်လွှားကာ မာတာဘာရီနှင့် ဆိုနတ်ဒီယာရေနက်ဆိပ်ကမ်းမှ လှေကလေးကို ဘေးမသန်းပဲ လှော်ယုံသာရှိသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., January 23rd, 2020.” Deep sea port project in Matarbari gains pace, Sonadia dropped.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ပူးတွဲကိုးကားချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#ကော့ခ်ဘဇားရေနက်ဆိပ်ကမ်း #အိန္ဒိယညီအမ၇ဖော်ကုန်းလမ်းဆက်ကြောင်း

0

Leave a Reply

Your email address will not be published.