တရုတ်နှင့် မြန်မာ့အနာဂါတ်

တရုတ်သမ္မတကြီး မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးအလည်လာမယ်ဆိုတော့ မြန်မာအတွက် ဘာများထူးခြားပြောင်းလဲသွားနိုင်လဲ အများစိတ်ဝင်စားကြတယ်။ ကျွန်တော်လဲ စိတ်ဝင်စားပါတယ်။

ကျွန်တော့်အမြင်မှာတော့ ရှီကျင့်ဖျင်လာလို့ မြန်မာမှာ ဘာမှ ထူးခြားတိုးတက်ပြောင်းလဲသွားစရာမရှိသလို ယခုအစိုးရလဲ ယခင်အစိုးရများနည်းတူ ဘာစာချုပ်တွေ ချုပ်ပေးလိုက်ရမလဲသာ တွေးမိပြီး ချွေးသီးတွေဆိုတာ ဘူးသီးလုံးလောက် ကျတယ်။

လှေနံဓါးထစ်ပြောပြော ဦးနေဝင်းခေတ် ပဲခူးရိုးမတောင်ခြေမြို့ကလေးမှာ ကလေးဘဝနေခဲ့ရဖူးတဲ့ ကျွန်တော့်အတွက် တရုတ်ဟာ မြန်မာအပေါ်မှာ အိမ်နီးချင်းကောင်း ပီပီသသ တန်းတူရည်တူ သဘောမထားဖူး၊ မြန်မာတွေ အင်အားချိနဲ့ပြီး သူ့မျက်နှာ အမြဲတန်း ကြည့်နေရတာမျိုး နှစ်သက်တယ်လို့ မြင်ပါတယ်။

ကျွန်တော်တို့နိုင်ငံကို သိမ်းယူအုပ်ချုပ်ဖူးတဲ့ အင်္ဂလိပ်ရော ဂျပန်ပါ မြန်မာအပေါ် တစ်ညီတစ်ညွတ်တည်း မြင်ကြတာက အာရှမှာ မြန်မာတွေဟာ သင်လွယ်၊ တတ်လွယ်၊ ထက်မြက်တဲ့ “လူကျော်” တွေဖြစ်ပါသတဲ့။ သူတို့ပြောသလိုပဲ ရှေးဘုရင်များခေတ် မြန်မာတို့ဟာ ထင်းအစည်းပြေသလို ဖြစ်နေတဲ့နိုင်ငံကို အကြိမ်ကြိမ်စုစည်းနိုင်ခဲ့တယ်။ သမိုင်းစဉ်လာရှေးကျတဲ့ လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံအကြား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ပါတယ်။

မြန်မာနည်းတူ အာရှလူကျော်တစ်ဦးက ဗီယက်နမ်ပါ။ ပထဝီနိုင်ငံရေးအရ အရေးပါပြီး မြန်မာနဲ့ ရေမြေသဘာဝနီးစပ်တဲ့ ဗီယက်နမ်ဟာ တိုင်းတစ်ပါးသား ကိုလိုနီပြုခံခဲ့ရပုံတာမှာလဲ တူညီနေပါတယ်။ဗီယက်နမ်ဟာ ပြင်သစ်လက်အောက်က အမေရိကန်လက်အောက်ရောက်သွားတာပဲ မြန်မာနဲ့ကွာပါတယ်။

ဗီယက်နမ်-လော-ကမ္ဘောဒီးယားတို့ရဲ့ ဒုတိယအင်ဒိုချိုင်းနားစစ်ပွဲဟာ ၁၉၅၅-ခုနှစ်က စခဲ့ပြီး ၃၃-နှစ်ကြာပါတယ်။ တောင်-မြောက်ဗီယက်နမ် ပြည်တွင်းစစ်မှာ ၁၉၇၅-ခုနှစ် အမေရိကန်ကျောထောက်နောက်ခံ ဆိုင်ဂုံ ( ယခုဟိုချီမင်းမြို့တော် ) ကို မြောက်ဗီယက်နမ်အမျိုးသားလွတ်မြောက်တပ်တို့ သိမ်းယူနိုင်ခြင်းမှာ တရုတ်ရဲ့ နောက်ကွယ်ကျေးဇူးတွေ အများကြီး ပါတာ အမှန်ပါ။ သို့သော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဖြစ်လာတဲ့ ဗီယက်နမ်ဟာ သိပ်မကြာပါဘူး ၁၉၇၉-ခုနှစ်မှာ တရုတ်နဲ့ အတိအလင်း စစ်တိုက်ရပါတော့တယ်။

အဲဒီအချိန်က ဗီယက်နမ်ဟာ ကမ္ဘေ္ဘာဒီးယားမှာ အာဏာရနေတဲ့ တရုတ်မွေးစားသား ခမာနီတွေကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ရဲဘော်ကြီးတိန့်ရှောင်ဖိန်ရဲ့ ပထမဆုံးအကြိမ် အမေရိကန်ခရီးစဉ်မှာ သမ္မတဂျင်မီကာတာကို ဗီယက်နမ်နဲ့ပတ်သက်ပြီး“ ချာတိတ်က အတော်ဆိုးတေနေပြီဗျ၊ ခပ်စပ်စပ်လေး ဆုံးမဖို့လိုနေပြီ “ ဆိုတဲ့ အတိုင်း တရုတ်-ဗီယက်နမ်တို့ နှစ်ဖက်တပ်များ အသေအကြေ တိုက်ခိုက်ကြတယ်။ ကမ္ဘောဒီးယားကြောင့်လိုသာပြောပေမဲ့ တကယ့်အကြောင်းရင်းမှာ ဗီယက်နမ်ရှိ တရုတ်များ လူပါးဝခြင်းအရေးအခင်းနောက်ဆက်တွဲ၊ တရုတ်ပိုင်ကြေညာထားသော တောင်တရုတ်ပင်လယ် စပရက်လီကျွန်းကို ဗီယက်နမ်က သိမ်းယူခြင်းတို့လည်း ပါပါတယ်။

နိုင်ငံတကာဖြန်ဖြေလို့ ရက်သတ္တ ၃-ပတ်နဲ့ ၆-ရက်အကြာမှာ စစ်ပြီးဆုံးသွားခဲ့ပြီး နှစ်ဖက်စလုံးက အနိုင်ရကြောင်း ကြေညာကြပါတယ်။ နောက်ပိုင်း ခပ်တန်းတန်းဖြစ်သွားတဲ့ ဗီယက်နမ်ဟာ တရုတ်နဲ့ စစ်ခင်းရလုနီးပါး အကြိမ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ တွေ့ရပါတယ်။

မြန်မာအနေနဲ့ ဗီယက်နမ်လို စစ်ခင်းရတဲ့အထိ ဘယ်တော့မှ မဖြစ်စေချင်ပါဖူး၊ မျက်မှောက်မြန်မာတို့ဟာ ဗီယက်နမ်တွေလို သွေးစည်းညီညွတ်မှု့ မရှိပါ။ ပုဂ္ဂိုလ်စွဲ- ဂိုဏ်းဂဏစွဲနဲ့ အာဃာတို့ အရိုးစွဲသလိုဖြစ်နေပြီး အတော်များများရဲ့ စဉ်းစားပုံ တွေးခေါ်ပုံဟာ ဦးနှောက်နဲ့ ရေပြွတ် နေရာချင်းမှားပြီး မွေးဖွားလာသလား ထင်မှတ်ရအောင် မိုက်လုံးကြီးရာမှာ နိုင်ငံတကာ အံသြယူနေရပါတယ်။

မြန်မာပြည်အနှံ့ စစ်ဘေးရှောင်တွေလဲ သိန်းချီအရေအတွက်ဖြစ်နေပါပြီ။ တည်ငြိမ်အေးချမ်းမှု့မရှိလို့ ပညာရေး- ကျန်းမာရေး ဘာတစ်ခုမှ ဖိဖိစီးစီး မလုပ်နိုင်ပါ။ ယမ်းငွေ့၊ လူသေအလောင်း၊ မျက်ရည်တွေအပြင် သွေးကြွေးတွေလိုဖြစ်လာနေတာ အမြန်ဆုံးရပ်တန့်သင့်ပါပြီ။ ဒီအတွက် ပြည်တွင်းရေးမှာ ပြည်ပနိုင်ငံများက ဝင်ရောက်ချယ်လှယ်ကြိုးကိုင်တာမျိုး မရှိဖို့ လုံးဝလိုအပ်ပါတယ်။

“ အမေရိကန်လာ- တရုတ်နားလိုက်တော့။ အမေရိကန် ဒိုး – တရုတ်လာ “ အထိ မဖြစ်စေပဲ နိုင်ငံအားလုံးနဲ့ တန်းတူ ရည်တူ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံချင်ပါတယ်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

http://www.hkfront.org/wcvcw12.htm

0

Leave a Reply

Your email address will not be published.