တရုတ်-အိန္ဒိယ နယ်စပ်တွင်နှစ်ဖက်တပ်များ ပဋိပက္ခဖြစ်ပွား။ နှစ်ဖက်စလုံး၌ အသီးသီး ဒါဏ်ရာရရှိ။ အိန္ဒိယ၏ ညီအမခုနှစ်ဖော်ဖွံ့ဖြိုးရေး ကုလားတန်စီမံကိန်းနှင့် စစ်တွေ-ကျောက်ဖြူရေနက်ဆိပ်ကမ်း

အိန္ဒိယနှင့် တရုတ်စစ်သားများတို့သည် နှစ်နိုင်ငံနယ်စပ်၌ အပြန်အလှန် ကိုယ်ထိလက်ရောက် ထိုးကြိတ်ကြ ကြောင်း အိန္ဒိယမီဒီယာများကို ကိုးကားလျှက် BBC က ယနေ့ဖော်ပြသည်။  

ဆစ်ကင်းပြည်နယ် နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခဖြစ်ပွားရာ၌ တရုတ်စစ်သား ၇-ဦးနှင့် အိန္ဒိယစစ် သား ၅-ဦးတို့ ဒါဏ်ရာရရှိခဲ့ကြကြောင်း၊ စနေနေ့တွင် နှစ်ဖက်တပ်မှူးများက  အငြင်းပွားမှုများကို ဖြေရှင်းပြီးဖြစ်သည်ဆို၏။

မိုင် ၂,၁၀၀ခန့် ရှည်လျှားသော နယ်နိမိတ်နှင့်ပတ်သက်၍ အိမ်နီးချင်း နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုများရှိနေသည်။

တခါတရံတွင် တရုတ်နှင့် အိန္ဒိယစစ်သားအချင်းချင်း ရင်ဘတ်ဆောင့်တွန်းခြင်း၊ ကိုယ်လုံးချင်းပစ်တိုက်ခြင်း နှင့် ကျောက်တုံးများဖြင့် အပြန်အလှန် ပစ်ပေါက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီ တောင်အာရှအယ်ဒီတာ က ပြောကြားသည်။

ယခု နောက်ဆုံးတင်းမာမှုဖြစ်ပွားရာမှာ ဟိမဝန္တာတောင်တန်း ပင်လယ်ရေမျက်နှာပြင်အထက် ၁၆,၄၀၀ ပေခန့် မြင့်မားသော ဆစ်ကင်းပြည်နယ်ရှိ နာကူးလာ နယ်မြေ၌ ဖြစ်ကြောင်းသိရှိရသည်။

တရုတ်နှင့် အိန္ဒိယတို့သည် နယ်စပ်အရေးနှင့်ပတ်သက်၍ ၁၉၆၂ ခုနှစ်တွင် လက်နက်စွဲကိုင်၍ နှစ်ဖက် စစ်မက် ဖြစ်ပွားခဲ့ဖူးသည်။ ၂၀၁၇-ခုနှစ်တွင် ပိုင်ဆိုင်မှုအငြင်းပွားကုန်းပြင်မြင့်အနီး၌ တရုတ်က နယ်စပ်ပတ်လမ်း လမ်း တိုးချဲ့ရန် ကြိုးစားခြင်းကြောင့် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ကိုယ်ထိလက်ရောက် အငြင်းပွားမှုဖြစ်ပွားလေ့ရှိသော နယ်မြေများသို့ ကင်းလှည့်မှု တိုးချဲ့ ချထားတတ်သော်လည်း၊ နှစ်နိုင်ငံနယ်စပ်တလျှောက် လွန်ခဲ့သော ဆယ်စုနှစ် ၄-ခု အတွင်း  သေနတ်ချင်း ပစ်ခတ်တိုက်ခိုက်ကြသည့်အထိ ဖြစ်ပွားခြင်း မရှိခဲ့ချေ။

((( ယခုတင်းမာမှုဖြစ်ပွားသည့် ဆစ်ကင်းပြည်နယ်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျား၌ တည်ရှိပါသည်။ အိန္ဒိယ အတွက် ဗဟိုအစိုးရ၏ အုပ်ချုပ်-ထောက်ပံံမှုနှင့် အလှမ်းကွာဝေးပြီး ဘူတန်နှင့် ဘင်္ဂလားဒက် ရှ်နိုင်ငံတို့အကြား ကျဉ်းမြောင်းသော တောင်ကြားလမ်းဖြင့်သာ ကုန်းလမ်း အဆက်အသွယ်ပြုနေရသည်။ ဆစ်ကင်းပြည်နယ် သည် အိန္ဒိယ၏ “ ညီအမ ၇-ဖော် “ ခေါ် အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား ပြည်နယ် ၇-ခု၌ ပါဝင်နေသည်။

ထိုအတွက် အိန္ဒိယက “ ကုလားတန် စီမံကိန်း “ ကို အပူတပြင်း အကောင်အထည်ဖော်လျှက်ရှိသည်။ အိန္ဒိယ၏ ဖွံ့ဖြိုးလူစည်ကားသော ခိုးလ်ကတ္တား၊ ချင်းနိုင်တို့မှ ကုန်စည်များကို ရေလမ်းခရီးဖြင့် စစ်တွေရေနက်ဆိပ်ကမ်း တွင် တစ်ထောက်နားမည်။ စစ်တွေမှ ကုလားတန်ုမြစ်ကြောင်းဖြင့် ချင်းပြည်နယ် ပလက်ဝ၊ ထိုမှတဆင့် အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။

စီးပွားရေးလျှင်မြန်စွာဖွံ့ဖြိုးပြီး ကမ္ဘာ့စစ်အင်အားတွင် အဆင့် ၃-ဖြစ်လာသော တရုတ်နှင့် အဆင့် ၄- အိန္ဒိယ တို့အတွက် မြန်မာအနောက်တံခါးသည် ပထဝီနိုင်ငံရေးအတွက် အလွန်အရေးပါသော နယ်မြေဖြစ် လာသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်လုံးမှာ အိန္ဒိယသမုဒ္ဒရာ၏ ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသဖြင့် စစ်ရေး မဟာဗျူအတွက် အကွက်ကွင်းကောင်းဖြစ်နေသည်။

တရုတ်သည် ကျောက်ဖြူရေနက်ဆိပ်ကိမ်းစီမံကိန်းကို စောစီးစွာ အကောင်အထည်ဖော်နိုင်ပြီး အရှေ့အလည် ပိုင်းမှ ရေနံနှင့် သဘာဝဓါတ်ငွေ့အမြောက်အများကို ၎င်း၏ ယူနန်ပြည်နယ်အရောက် လမ်းကြောင်းတို ဖြင့်သယ်ယူနိုင်ခဲ့ပြီးုဖြစ်သည်။

အိန္ဒိယ၏ ညီအမခုနစ်ဖော်ထောက်ပံ့ရေး “ ကုလားတန်စီမံကိန်း “ မှာမူ AA နှင့် မြန်မာ့တပ်မတော်တို့အကြား လက်နက်ကိုင်တိုက်ပွဲများကြောင့် နယ်မြေမငြိမ်မသက်ဖြစ်ကာ လုပ်ငန်းရပ်တန့်ခြင်း၊ ဆောက်လုပ်ရေး ပစ္စည်းများကို AA က ဖျက်ဆီးခြင်းဖြင့် တစ်ပိုင်းတန်းလန်း ကျန်ရှိနေသည်။      ။ သတင်းဘာသာပြန်သူ ))  

((( BBC., 10 May 2020,” Indian and Chinese troops ‘clash on border’ in Sikkim.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#တရုတ်-အိန္ဒိယနယ်ခြားပဋိပက္ခ #အိန္ဒိယညီအမခုနှစ်ဖော်နှင့်ကုလားတန်စီမံကိန်း #တရုတ်ကျောက်ဖြူရေနက်ဆိပ်ကမ်း

https://www.bbc.com/news/amp/world-asia-52606774

https://theculturetrip.com/asia/india/articles/seven-sisters-of-india-an-introduction/https://www.drishtiias.com/to-the-points/Paper2/india-myanmar-relations

0

Leave a Reply

Your email address will not be published.