ထန်းပင်ပေါ်က အသီး ဘာသီးကြီးလဲကို ဆိုင်းဘုတ်ကပ်ခြင်း

စာရေးဆရာကြီး သော်တာဆွေ၏ “ ဘဝထိုထို “ လုံးချင်းစာအုပ် ထွက်ပေါ်လာသောအခါ ဆရာကြီး၏ စာဖတ်ပရိဿတ်များက “ ဆရာရယ် .. ဆရာ့စာအုပ်က ရယ်လဲ မရယ်ရဘူး “  ဟု ပြောဆိုကြောင်း ဆရာကြီး ၏ “ ကျွန်တော့်ဘ၀ ဇာတ်ကြောင်း  “ တွင်ဖတ်ရသည်။

သို့သော် မြန်မာစာပေလောကတွင် ဟာသဝတ္ထုများဖြင့်  အောင်မြင်စွာ သမိုင်းမှတ်တိုင် စိုက်ထူခဲ့သည့် ဆရာ ကြီး၏ “ ဘဝထိုထို “ မှာ စာပေဆု ချီးမြှင့်ခြင်း ခံရသည်။

“ စာဖတ်သူတွေက ကျွန်တော့်ကို ရယ်စရာ ဝတ္ထုရေးသူလို့ ဆိုင်းဘုတ်ကပ်လိုက်ကြတယ်။ “  ဟု ဆရာကြီးက ညီးတွားပါသည်။  အမှန်တော့ ဟာသဆိုသည်မှာ လောကကြီး၏ အမြီးအမောက်မတည့်ခြင်းများကို “ ဟာသ“ တည်းဟူသော သကာဖုံး၍ တင်ပြထားခြင်းသာဖြစ်သည်။ အထင်ရှားဆုံးမှာ ဟာသ ကဝိတစ်ဆူဖြစ်သော ချာလီချက်ပလင်၏ ရုပ်ရှင်ဇာတ်ကားများက သက်သေဖြစ်သည်။

ကျွန်တော် ကလေးဘ၀ ဦးနေဝင်း အစိုးရခေတ်တွင် ငါးကျပ်တန် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေသည်။ အဆိုပါ ငွေစက္ကူနောက်ကျောဖက်တွင် ထန်းတက်နေသော ထန်းတက်သမားတစ်ဦးပုံ ပါရှိသည်။ သို့သော် ထန်းပင်ပေါ်မှ ထန်းသီးခိုင်များမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် မြေဘက်သို့ တွဲကျနေရမည့်အစား ကောင်းကင်သို့ လက်ညိုးကြီးထိုးပြနေသလို “ ပဒတ်ကော့ ကော့ “ နေလေသည်။

ထိုအခါ သတင်းစာဆရာကြီးများက “ ထန်းပင်ပေါ်ကအသီး ဘာသီးကြီးလဲ “ ဟု ဝေဖန်ရေးသားကြသည်။

အများသိရှိသည့်အတိုင်း ထိုခေတ် ထိုအခါက စာပေစိစစ်ရေးမှာ အလွန်ပြင်းထန်လှချိန်ဖြစ်ပြီး ရေးသားသူများ မှာလည်း ယခုအခါ ကွယ်လွန်သွားကြပြီဖြစ်သော အထင်ကရ သတင်းစာဆရာကြီးများဖြစ်သည်။

မကြာမီ ထုတ်ဝေမည်ဆိုသည့် ၅၀၀ ကျပ်တန် ငွေစက္ကူကျောဖက်ပါ အလံပုံသည် နိုင်ငံရေးပါတီတစ်ခု၏ အလံနှင့်တူနေကြောင်း ဝေဖန်သံကျယ်လောင်စွာကြားနေရသည်။ ထင်ရှားသည့် အရောင်တစ်မျိုးတည်းကို ပေါ်လွင်စေရန် ရိုက်နှိပ်ရာ၌ မြန်မာနိုင်ငံတော်အလံဖြစ်သည်ဟု ဗဟိုဘဏ်က ရှင်းလင်းကြောင်း မီဒီယာ တစ်ခုက ရေးသားသည်။ ထိုအကြောင်း Facebook တွင်ကျွန်တော်က  ရေးသားသည့်အခါ ကျွန်တော်နှင့် မဆိုင်၊ ရေးရန်မလိုဟု ဆိုသလို တိရစ္ဆာန်ပုံမဟုတ်ပြီးရော၊ မခိုးပြီးရောဟု ကောမန့်ရေးသားကြသဖြင့် ဘာကိုဆိုလိုမှန်း မသိပါ။

ကျွန်တော်သည် ဘာသာပြန်သတင်းများ ဖော်ပြရာတွင် “ သတင်းဘာသာပြန်သူ မှတ်ချက်  “ ပူးတွဲပါဝင် သည်က များပါသည်။ ထိုမှတ်ချက်တွင် ဖော်ပြထားသော သတင်းနှင့်ပတ်သက်၍  ဖတ်ရှုသူများ ဆက်စပ် စဉ်းစားဖွယ် နောက်ခံ အကြောင်းအရာများ ရှာဖွေ ဖော်ပြလေ့ရှိပါသည်။ ထို အချက်အလက်များမှာ ဖြစ်စဉ် အမှန် အထောက်အထားများသာဖြစ်ပြီး မည်သူတစ်ဦး၊ တစ်ဖွဲ့ကိုမျှ နစ်နာစေလိုခြင်း မရှိချေ။

ထို့ကြောင့် ဆိုင်းဘုတ်ချိတ် မှားနေပြီလားဟု စဉ်းစားမိသည်။ ထို့ပြင် လော်ဘီစာရေးသူ လုံးဝမဟုတ်ပါသဖြင့် အများကြိုက်ရေးရန် အကြောင်းမရှိပါ။ တကယ့်ဆင်ပြောင်ကြီးဟု ဆိုရမည့်သူများပင် ဆိုရေးရှိက ဆိုခဲ့ကြလျှင် သူတို့၏ မြေးအရွယ် ခြေမှုန့်စာမျှ ရှိသော ကျွန်တော်၏ ဝေဖန်ပြောဆိုခြင်းမှာ မှားယွင်းနေပါသလား။

ကျွန်တော့်သဘောအရဆိုလျှင် ဗဟိုဘဏ်က  အဆိုပါ ငွေစက္ကူနောက်ကျောဖက်ကို ထင်ရှားမြင်သာသည့် အရွယ်အစားထိ ဖော်ပြ၍ သီးခြား ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်သင့်သည်။

အများပြည်သူ ကိုင်တွယ်သုံးစွဲမည့် တရားဝင်ငွေစက္ကူကို မဟုတ်လျှင်လည်း မဟုတ်သည့်အကြောင်း အများသံသယရှင်းအောင် အပြီးအပြတ် သတင်း ထုတ်ပြန်သင့်သည်ဟု လုံး၀ ယုံကြည်ပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.