ထိန်းချုပ်မရတော့သည့် တရုတ်ဒုံးပျံ၏ အပိုင်းအစများ ယနေ့နံနက်ပိုင်း ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်လာ၊ အိန္ဒိယအနောက်တောင်ဘက်နှင့် သီရိလင်္ကာနေရာအချို့တွင် ကျရောက်ဖွယ်ရှိ။ လမ်းကြောင်းတစ်လျှောက် အပျက်အစီးများ ကျရောက်မည်


တရုတ်ဒုံးပျံ၏ အပိုင်းအစများမှာ အိန္ဒိယသမုဒ္ဒရာအတွင်း ကျဆင်းသွားပြီဖြစ်ကြောင်း ထိုအတွက် အထူးတလည်း စိုးရိမ်စရာ မရှိကြောင်း တရုတ်နိုင်ငံက ပြောဆိုသည်။ သို့သော်လည်း ဒုံးပျံကျဆင်းလာမှုကို တရုတ် နိုင်ငံက ထိန်းချုပ်ရန် အထူးတလည် အားထုတ်မှုမရှိကြောင်း အချို့ ဝေဖန်လျှက်ရှိသည်ဟု The Sky News က ယနေ့ ရေးသားသည်။…   
လွန်ခဲ့သည့် ဧပြီလ ၂၉-ရက်နေ့ နံနက်တွင် တရုတ်နိုင်ငံက #တီယန်ဟီ အမည်ရှိ ၎င်း၏ ပထမဆုံး #မော်ဂျူး ခေါ် #သီးသန့်အာကာသယာဉ်အစိတ်အပိုင်းကို သယ်ဆောင်ထားသည့် #Long_March_5B ဒုံးပျံကို #ဟိုင်နန်ကျွန်းတောင်ပိုင်းရှိ_ဝင်ချန်းစခန်းမှ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။…   
ဗြိတိသျှ စံတော်ချိန် ၀၃း၂၄ နာရီတွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီး ထိုအချိန်၌ပင် ဒုံးပျံ၏ အစိတ်အပိုင်းအများစုမှာ ပျက်စီးသွားခဲ့ကြောင်း၊ အိန္ဒိယအနောက်တောင်ဘက်နှင့် သီရိလင်္ကာနိုင်ငံ၏နေရာ အချို့တို့တွင် ကျရောက်ဖွယ်ရှိကြောင်းတရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။…    
အစိတ်အပိုင်းအများစု ကျဆင်းလာမည့် အချိန်ကို အနီးစပ်ဆုံး အတိအကျ တွက်ချက်နိုင်သော်လည်း နောက်ဆုံးမိနစ်မတိုင်မီ ကျဆင်းလာမည့် နေရာအတိအကျကိုမူ ရှင်းလင်းစွာ ပြောဆိုနိုင်ခြင်း မရှိသေးချေ။…   
အဆင့်တစ်ခု၌ ဒုံးပျံဝင်ရောက်လာသည့် လမ်းကြောင်းတစ်လျှောက် အပျက်အစီးများသည် နယူးယောက်မြို့ မြောက်ဘက်၊ စပိန်နိုင်ငံ မက်ဒရစ်မြို့၊ သို့မဟုတ် ပေကျင်းမြို့၊ ချီလီနိုင်ငံနှင့် နယူးဇီလန်တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကျဆင်းဖွယ်ရှိသည်ဆို၏။…   
ကမ္ဘာ့မျက်နှာပြင်အများစုကို ဖုံးလွှမ်းထားသည်မှာ သမုဒ္ဒရာရေပြင်ဖြစ်ခြင်းကြောင့် မြေပြင်ပေါ်သို့ အပျက်အစီးများကျရောက်၍ လူကို ထိမှန်ရန်မှာ အလားအလာ အလွန်နည်းပါးကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။…   
မည်သို့ပင်ဆိုစေကာမူ ဒုံးပျံအခြေအနေနှင့် မသေချာမရေရာသော တရုတ်နိုင်ငံ၏ တည်နေရာခန့်မှန်းချက်များကြောင့် ခန့်မှန်းကျဆင်းလာချိန် နီးကပ်လာသည်နှင့်အမျှ လူအများတို့မှာ ကောင်းကင်သို့ စိုးရိမ်တကြီး ကြည့်ရှု လျှက်ရှိကြောင်း သိရှိရသည်။…  
၁၉၇၉ ခုနှစ်တွင် #အမေရိကန်_နာဆာအာကာသသုတေသနစခန်းဖြစ်သည့်_စကိုင်းလက်ဗ် သည် ၎င်း၏ ပုံမှန်ကမ္ဘာပတ်လမ်းကြောင်းမှ နိမ့်ကျသွားပြီး သြစတြေးလျှနိုင်ငံပေါ်သို့ ကျရောက်ခဲ့သည်။ ထိုစဉ်မှစ၍ နိုင်ငံအများစုတို့မှာ ထိန်းချုပ်မရနိုင်သည့် အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန် အတွက် ၎င်းတို့အာသာသယာဉ်၏ ဒီဇိုင်းနှင့် ပတ်သက်၍ ပြုပြင် ပြင်ဆင်ခဲ့ကြသည်။…   
လွန်ခဲ့သည့်နှစ် တရုတ်တို့က ပထမဆုံးအကြိမ် ပစ်လွှတ်သော လောင်းမက်ချ်ဒုံးပျံ၏ အစိတ်အပိုင်းများမှာလည်း အိုင်ဗရီကို့စ်နိုင်ငံတွင် ကျရောက်သဖြင့် အဆောက်အအုံများစွာတို့ကို ပျက်စီးစေသော်လည်း လူထိခိုက်မှုမရှိခဲ့ချေ။…   
တရုတ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ အလားတူ မော်ဂျူးများကို ၁၀-ကြိမ်ခန့်လွှတ်တင်ပြီး အာကာသတစ်နေရာတွင် ပြန်လည်စုဖွဲ့တည်ဆောက်ခြင်းဖြင့် ၂၀၂၂-ခုနှစ်တွင် ၎င်း၏ ပထမဆုံး အာကာသစခန်းအဖြစ် အသုံးပြုရန် ဆန္ဒပြင်းပြလျှက်ရှိသည်။

#ထိန်းချုပ်မရတော့သည့်_တရုတ်ဒုံးပျံ၏အပိုင်းအစများ_ကမ္ဘာ့လေထုအတွင်း_ပြန်လည်ဝင်ရောက်လာ

(((Sky News., 9 May 2021.” ‘Out-of-control’ Chinese rocket has landed in the Indian Ocean.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://news.sky.com/story/out-of-control-chinese-rocket-has-landed-in-the-indian-ocean-12301274?fbclid=IwAR0Mwni3hcshcZklocvJnGUqITECOnQYdLYKY3a5bqGFBOQeRrjW7qzEGRc 

+1

Leave a Reply

Your email address will not be published.