ထိန်းသိမ်းခံထားရသည့် ဒုက္ခသည်ဘင်္ဂါလီခိုလှုံသူများနှင့် တွေ့ဆုံခွင့်ပေးရန် ကုလသမဂ္ဂ၏တောင်းဆိုချက် မလေးရှားပယ်ချ။ မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် သန်းပေါင်းများစွာသော အထောက်အထားမဲ့ နိုင်ငံခြားသားများ၊ ဒုက္ခသည်ဘင်္ဂါလီ ၁၀၀,၀၀၀ ကျော်တို့ရှိနေဟု UNHCR နှင့် လူ့အခွင့်အရေးအဖွဲ့တို့ ပြောဆို

  
မလေးရှားနိုင်ငံသည် အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူများအဖြစ် ၎င်းတို့ဖြိုခွင်း၍ တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားသည့် ဒုက္ခသည်များအပါအဝင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား တွေ့ဆုံခွင့်ပြုရန် မိမိတို့၏ တောင်းဆိုချက်ကို ခွင့်ပြုခြင်း မရှိကြောင်း၊ ထိုအတွက် ထိခိုက်လွယ်သူများ၏အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်သောက ဖြစ်ရပါကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောဆိုသည်ဟု bdnews24 ဒဒ်ဂျစ်တယ်မီဒီယာက ယမန်နေ့ရေးသားသည်။ 

  
ယခင်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အနေဖြင့် ထိန်းသိမ်းရေးစင်တာများသို့ သွားရောက်ခွင့်ရရှိခဲ့ပြီး မည်သူတို့အား ဒုက္ခသည်အဖြစ် သတ်မှတ်၍ လွှတ်ပေးရန် ဆုံးဖြတ်ခွင့် ရရှိခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင် မလေးရှားအစိုးရက ၎င်းတို့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်ကို တင်းကြပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ 

  
ထောင်ပေါင်းများစွာသော အထောက်အထားမဲ့ နိုင်ငံခြားသားများမှာ မလေးရှားအာဏာပိုင်များ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုတားဆီးရေး အကြောင်းပြချက်ဖြင့် တင်းကြပ်စွာထိန်းချုပ်ထားခြင်းခံနေရကြောင်း၊ လူဦးရေ ပြွတ်သိပ်လျှက် ပိတ်လှောင်ခြင်းခံနေရသူများအတွက် စိုးရိမ်မိကြောင်း အစိုးရမှငွေကြေးထောက်ပံ့သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောကြားသည်။ 


ထိန်းသိမ်းရေးစခန်းများဖွင့်လှစ်ထားသော မလေးရှားအစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဌာနကမူ ထိုအကြောင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခြင်းမရှိပါ။ ပြည်ထဲရေးဝန်ကြီးကလည်း လောလောဆယ် မှတ်ချက်ပေးရန် မရှိဟု ဆိုပါသည်။

  
ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က Reuters သတင်းဌာသို့ ပြောကြားရာ၌ ၎င်းတို့အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လကတည်းက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစင်တာများသို့ သွားရောက်ခွင့် မရရှိခဲ့ကြောင်း ရှင်းပြသော်လည်း မည်သည့်အတွက် ဖြစ်ကြောင်းဖော်ပြခြင်းမရှိချေ။

  
ထိန်းသိမ်းခံထားရသူများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးအပ်ရန် လိုအပ်နေခြင်း ရှိ-မရှိ ဆုံးဖြတ်ရန်နှင့် ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် UNHCR က အကူအညီပေးအပ်ရန် အခွင့်အရေး မရရှိခဲ့ကြောင်း၊ ထိန်းသိမ်းရေးစခန်းများတွင် ထိခိုက်လွယ်သူများအပါအဝင် လူအများအပြားကျန်ရှိနေသေးသည်ကို ကောင်းစွာ သတိပြုမိပြီး စိုးရိမ်မိပါကြောင်း အီးမေးလ်ဖြင့်သာ အကြောင်းပြန်ကြားခဲ့သည်။ 

  

မလေးရှားနိုင်ငံသည် သန်းပေါင်းများစွာသော အထောက်အထားမဲ့ နိုင်ငံခြားသားများ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းများ၏ ညှင်းပန်းနှိပ်စက်မှုများမှထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ဟုဖော်ပြ ) ၁၀၀,၀၀၀ ကျော်တို့၏ နေအိမ်ဖြစ်လျှက်ရှိကြောင်း၊ မလေးရှားသည် ဒုက္ခသည်များကို အသိအမှတ်မပြုသော်လည်း UNHCR မှ ကာကွယ်ပေးသူများအား လွတ်လပ်စွာသွားလာခွင့်ပေးသည့် နိုင်ငံဖြစ်ခဲ့သည်။ 

  
ယခုနှစ်အောက်တိုဘာလတွင် ကုလသမဂ္ဂအေဂျင်စီအနေဖြင့် ၆,၀၃၉ ဦးသာလျှင် ခိုလှုံခွင့်တောင်းခံသူအဖြစ် မှတ်ပုံတင်နိုင်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ၂၇,၃၂၃ – ဦးနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါကြောင်း၊ ၎င်းတို့အနက် ပင်လယ်ပြင်တွင် လအနည်းငယ်ကြာ လှေများဖြင့် မျောပါနေခဲ့ပြီး ဖမ်းဆီးခြင်းခံထားရသည့် ရာပေါင်းများစွာသော ဒုက္ခသည်ဘင်္ဂါလီများကိုလည်း ကြည့်ရှု့ခွင့် မရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများမှာ UNHCR ၏ အကူအညီမပါဘဲ ပြန်လည်လွတ်မြောက်ရန် အခွင့်အရေးမရှိကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်နာမင်းကြီး ဂျယ်ရယ်လ်ဂျိုးဇက်က ပြောကြားသည်။ 


ဂျိုးဇက်၏ ခန့်မှန်းချက်အရဆိုလျှင် ခိုလှုံခွင့်တောင်းခံသူ ၁,၀၀၀ ကျော်တို့မှာ ထိန်းသိမ်းရေးစခန်းများတွင်ရှိနေပြီး ယခုအခါတွင် သူတို့အတွက်တည်ဆောက်ခဲ့သော လူဦးရေ ၁၂,၅၀၀ ထက် သုံးပုံတစ်ပုံကျော် ပိုမိုများပြားလာနေသည်ဟု ယုံကြည်ရသည်။ ပိတ်လှောင်ခြင်းခံနေရသည့် နိုင်ငံခြားသားများမှာ ပြည်နှင်ဒဏ်ပေးခံရရန် စောင့်ဆိုင်းနေရသော အထောက်အထားမဲ့ နိုင်ငံခြားသားများဖြစ်သည်။ 


အနည်းဆုံးထိန်းသိမ်းရေးစခန်း ၅ ခုတွင် COVID-19 ရောဂါဖြစ်ပွားလျှက်ရှိကြောင်း သတင်းများရရှိခဲ့ပြီး လူပေါင်း ၁,၀၀၀ ကျော် ရောဂါကူးစက်လျှက်ရှိသည်ဆို၏။ လူ့အခွင့်အရေးအဖွဲ့များနှင့် ထိန်းသိမ်းခြင်းခံခဲ့ရဖူးသူများအဆိုအရ စခန်းများ၏ အခြေအနေများမှာ ရက်စက်ကြမ်းကြုတ်လှသည်ဟု သိရှိရသည်။ 

  
ပြီးခဲ့သည့်လတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က ထိန်းသိမ်းခံခဲ့ရဖူးသူများအား ကိုးကားပြောဆိုရာ၌ COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် ထိန်းသိမ်းခံရသူများအား တိရစ္ဆာန်များကဲ့သို့ ပိုးသတ်ဆေးရည်ဖြင့် ထိုးပက်ခဲ့ကြောင်း ဖော်ပြထားသည်။ 


ဇန်နဝါရီလ၌ လွတ်မြောက်လာခဲ့သော ယခင်ထိန်းသိမ်းခြင်းခံခဲ့ရသည့် အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဖြစ်သူက Reuters သို့ ပြောကြားရာတွင် ရာနှင့်ချီသောထိန်းသိမ်းထားသူများကို အခန်းတစ်ခုတည်း၌ ပြွတ်သိပ်ထည့်ထားကြောင်း၊ သက်ကြီးရွယ်အိုများ၊ ဖျားနာလျှက်ရှိသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ပြီး၊ စားနပ်ရိက္ခာမလုံလောက်သည့်အပြင် တာဝန်ရှိသူများက ထိန်းသိမ်းခံရသူများကို ရိုက်နှက်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းရှိ ထိန်းသိမ်းခံထားရသူအားလုံး၏ အခြေအနေမှာ သက်ရှိ လူသားမဟုတ်သကဲ့သို့ ဖြစ်နေရကြောင်း ပြန်ပြောင်းပြောဆိုသည်။ 

  
အာဏာပိုင်များ၏ ယခင်ပြောဆိုချက်များမှာမူ ထိန်းသိမ်းထားသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခြေအနေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကတိပြုထားသည်။ 




#ထိန်းသိမ်းခံဒုက္ခသည်ဘင်္ဂါလီများနှင့်တွေ့ဆုံခွင့်ပေးရန်ကုလ၏တောင်းဆိုချက်_မလေးရှားပယ်ချ။ #မလေးရှားလဝကထိန်းသိမ်းရေးစခန်းများ၌  #သန်းပေါင်းများစွာသောအထောက်အထားမဲ့နိုင်ငံခြားသားများ၊ #ဒုက္ခသည်ဘင်္ဂါလီ၁၀၀,၀၀၀ကျော်တို့ရှိနေဟုဆို 



((( bdnews24., 11 Nov 2020, “Malaysia denying UN access to detained asylum seekers, agency says.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://bdnews24.com/world/south-east-asia/2020/11/11/malaysia-denying-un-access-to-detained-asylum-seekers-agency-says 

0

Leave a Reply

Your email address will not be published.