
မလေးရှားနိုင်ငံက လာမည့်ရက်သတ္တပတ်တွင် ပြည်နှင်ဒဏ်ပေးခြင်းခံရမည့် မြန်မာနိုင်ငံသား ၁၂၀၀ – တို့တွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ အနည်းဆုံး ၆-ဦး ပါဝင်ကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက စနေနေ့ (ဖေဖော်ဝါရီ ၂၀) တွင် ပြောဆိုသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှင်ထုတ်ခံရသူများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်မိကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုသည်ဟု Channel News Asia ( 20 Feb 2021 ) က ပြောဆိုသည်။
ယခုဖြစ်စဉ်မှာ မလေးရှားနိုင်ငံမှ နှင်ထုတ်ခံရမည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူရန် မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်များ မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်အပြီး၌ ဖြစ်သည်။ ခိုလှုံခွင့်တောင်းခံသူများအပါအဝင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးမည်ဖြစ်ရာ ၎င်းတို့အား ပြန်လည်ခေါ်ယူရေးအတွက် စစ်သင်္ဘောများစေလွှတ်ပေးရန် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာထိန်းခဲ့သော နစအ အစိုးရထံ မလေးရှားက အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကွာလာလန်ပူအရာရှိများနှင့် ဒုက္ခသည်များ က ပြောဆိုသည်။
မလေးရှားအနေဖြင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) များအား ပြန်ပို့ရန် ကတိပြုထားခြင်းမရှိသေးချေ။ သို့သော်လည်း မှတ်ပုံတင်မထားသော ခိုလှုံခွင့်တောင်းခံသူများအား အချက်အလက်စိစစ်ရေးအတွက် လူတွေ့မေးမြန်းရေး ( မလေးရှားက ) ခွင့်မပြုခဲ့သည်မှာ တစ်နှစ်ကျော်ကြာ ရှိခဲ့ပြီး ယခု၎င်းတို့အား နှင်ထုတ်မည်ဆိုခြင်း အတွက် UNHCR က ဆက်လက်စိုးရိမ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
မလေးရှားအနေဖြင့် အထောက်အထား တစ်စုံတစ်ရာမပါရှိသော ရွှေ့ပြောင်းသွားလာသူများအား ဖမ်းဆီးလေ့ရှိ ပြီး၊ ပုံမှန်အားဖြင့် #ဒုက္ခသည် ဟူ၍လည်း တရားဝင်အသိအမှတ်ပြုခြင်း မရှိပေ။
နှင်ထုတ်ခံရမည့်သူ ၆-ဦးမှာ UNHCR တွင် မှတ်ပုံတင်ထားသူများ ဟုတ်-မဟုတ် အတည်ပြုရန် စီစဉ်လျှက်ရှိ ကြောင်း ၎င်းတို့မှာ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးမှု လိုအပ်သည့်အတွက် ၎င်းတို့အား ပြန်မပို့ရန် မလေးရှား အာဏာပိုင်များထံ တောင်းဆိုမည်ဖြစ်ကြောင်း၊ အကျုံးဝင်သူ အခြားအုပ်စုများလည်း ရှိနိုင်ကြောင်း UNHCR က Reuters အား အီးမေးလ်ဖြင့် ရှင်းပြသည်။
နှင်ထုတ်ခံရမည့်သူ့များအတွက် အန္တရာယ်ရှိသဖြင့် ပြည်နှင်ဒဏ် ပေးခြင်းကိုဖျက်သိမ်းရန် လူ့အခွင့်အရေးအဖွဲ့များကလည်း မလေးရှားအား တောင်းဆိုထားကြောင်း၊ နှင်ထုတ်ခံရသူအချို့မှာ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားစဉ် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးလာပြီး မလေးရှားရောက်ရှိနေသည့် မွတ်စလင်များနှင့် ချင်းလူမျိုးအသိုင်းဝိုင်းမှဖြစ်ကြောင်း ပြောဆိုထားသည်။
မလေးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက Reuters သို့ ပြောကြားရာတွင်မူ ၎င်းတို့အနေဖြင့် စိုးရိမ်မိကြောင်း၊ အဆိုပါ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ UNHCR အား ဝင်ရောက်ခွင့်ပြုရန် ထပ်လောင်းပြော ကြားသည်။
လောလောဆယ်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနထံမှ မှတ်ချက် မရရှိသေးချေ။
အလားတူပင် မလေးရှားနိုင်ငံ မြန်မာသံရုံးကလည်း မှတ်ချက်ပေးရန်မေတ္တာရပ်ခံချက်ကို တုန့်ပြန်ခြင်း မရှိသေးချေ။
စနေနေ့၌ Facebook တွင် တွေ့မြင်ရသော သတင်းအရ ပြန်ပို့မည့်သူပေါင်းမှာ ၁,၂၀၀ -ဦး ရှိကြောင်း အတည်ပြုထားပြီး၊ ကူးစက်ရောဂါကြောင့် သောင်တင်နေသော နိုင်ငံသားများအား နေရပ်ပြန်ပို့ခြင်းကို ဦးစားပေးခဲ့ကြောင်း ဖော်ပြထားသည်။
စနေနေ့တွင် ( မလက္ကာရေလက်ကြား ပီနန်မြို့တောင်ဘက် ) #လူမွတ်_မလေးရှားရေတပ်အခြေစိုက်စခန်းတွင် မြန်မာနိုင်ငံတော် အလံတင် သင်္ဘော ၃-စီး ကျောက်ချထားသည်ကို တွေ့မြင်ကြရပြီး၊ ၎င်းတို့အနက် ၁-စီးမှာ စစ်ရေးဆိုင်ရာတာဝန်ထမ်းဆောင်သည့် ရေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု #သင်္ဘောများခြေရာခံ_ဝက်ဘ်ဆိုက် Marine Traffic က ပြောဆိုသည်။
အမည်မဖော်ပြရန် တောင်းဆိုသည့် အခြား သတင်းရင်းမြစ် ၂- ဦးကမူ ထိန်းသိမ်းသိမ်းထားသူများအား ပြန်လည်ခေါ်ယူရန် ( မြန်မာနိုင်ငံမှ ) ရောက်ရှိလာသည့် သင်္ဘောများဖြစ်ကြောင်း၊ မြန်မာသို့ အင်္ဂါနေ့တွင် ပြန်လည် ထွက်ခွာရန် စီစဉ်ထားကြောင်း အတည်ပြုသည်။
မလေးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် အခြားအနောက်နိုင်ငံသံရုံးများက မလေးရှားက ဆက်လက်လုပ်ဆောင်ခြင်းမှ ဟန့်တားရန် ကြိုးပမ်းလျှက်ရှိကြောင်း နီးစပ်သည့် သတင်းရင်းမြစ် ၄-နေရာမှ သိရှိရသည်။
မလေးရှားသည် ထိန်းသိမ်းထားသူများအား လွှဲပြောင်းပေးခြင်းဖြင့် မြန်မာ နစအ အစိုးရအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်လျှက်ရှိကြောင်း အခြား သတင်းရင်းမြစ်က ပြောဆိုသည်။
သံတမန်များကလည်း မလေးရှားနိုင်ငံအနေဖြင့် ထိန်းသိမ်းထားသူများနှင့် UNHCR တို့အား လူချင်းတွေ့ဆုံခွင့် ပြုသင့်ကြောင်း၊ မလေးရှားက မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် စိုးရိမ်ကြောင်း ဖော်ပြကြသည်ဆို၏။
မလေးရှားသည် မြန်မာတွင် စစ်တပ်က အာဏာထိန်းသည့်အတွက် အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း စောစောပိုင်း၌ ပြောဆိုခဲ့ဖူးသည့်
အာဏာသိမ်းမှုကို ကန့်ကွက်သည့် ဆန့်ကျင်ခြင်းများမှာ ရက်သတ္တပတ်ချီ ကြာခဲ့သည်။ စနေနေ့တွင် ကန့်ကွက်ဆန္ဒပြသူများအား ပစ်ခတ်လူစုခွဲခြင်းကြောင့် လူ ၂-ဦး သေဆုံးခဲ့သည်။
(( ယခုသတင်းအရ ပြန်ခေါ်မည့်သူ လူပေါင်း ၁၂၀၀ – မှာ ဒုက္ခသည်ဘင်္ဂါလီများ မဟုတ်ပဲ မလေးရှားတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာ နစအ အစိုးရနှင့် မလေးရှားတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ။ သတင်းဘာသာပြန်သူ ))
..
#မလေးရှားတွင်_ထိန်းသိမ်းခံရပြီး_ပြည်နှင်ဒဏ်ပေးခံရမည့်_မြန်မာနိုင်ငံသားများ
#စစ်သင်္ဘော၃-စီးဖြင့်_မြန်မာပြန်လည်ခေါ်ယူ