ထိန်းသိမ်းထားသော လှေစီးပြေးဒုက္ခသည် ၃၀၀ နီးပါးကို မလေးရှားက ပင်လယ်ပြင်သို့ ပြန်လည်မောင်းထုတ်ဖွယ်ရှိ၍ လူ့အခွင့်အရေးအဖွဲ့တို့စိုးရိမ်။ ဒုက္ခသည်များအား ပြန်လည်ခေါ်ယူရန် မလေးရှား၏ တောင်းဆိုချက်အား ဘင်္ဂလားဒက်ရှ် ပယ်ချ။

မလေးရှားနိုင်ငံအနေဖြင့် လိုက်ပါလာသော ဘုတ်ပျက်စီးသွားသည့်အတွက် ထိန်းသိမ်းထားခဲ့ရသူ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ၃၀၀ နီးပါးတို့အား ဘုတ်ကိုပြန်လည်ပြင်ဆင်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ပင်လယ်ပြင်သို့ ပြန်လွှတ်ရန် စဉ်းစားလျှက်ရှိကြောင်း ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။

မကြာသေးမီက မြန်မာနိုင်ငံ၏ ညှဉ်းပန်းနှိပ်စက်မှုများမှ ထွက်ပြေးတိမ်းရှောင်လာပြီး ပိုမိုကောင်းမွန်သော အလားအလာများကို ရှာဖွေလျှက်ရှိသည့် ဒုက္ခသည်ဘင်္ဂါလီတို့အတွက် မွတ်စလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံမှာ ဦးတည်ချင်စဖွယ် နေရာကောင်းတစ်ခု ဖြစ်ခဲ့ ဖြစ်လျှက်ရှိသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ရန် နယ်စပ်ဒေသထိန်းချုပ်မှုများ တင်းကြပ်ထားရသည့် မလေးရှားနိုင်ငံအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများအား ရေရှည်လက်ခံနိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုသည်။

လွန်ခဲ့သည့် ဇွန်လ ၈ ရက်နေ့က ရောက်ရှိလာချိန်တွင် ထိန်းသိမ်းထားရသော ဒုက္ခသည်ဘင်္ဂါလီ ၂၆၉ ဦးကို ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒက်ရှ်အား မလေးရှားက တောင်းဆိုသည်။ သို့သော် မလေးရှား၏တောင်းဆိုချက်ကို ဘင်္ဂလားဒက်ရှ်အာဏာပိုင်တို့က ပယ်ချခဲ့သည်။

ယခုအခါ မလေးရှား အာဏာပိုင်တို့က ၎င်းတို့ ထိန်းသိမ်းထားရသူများအား ဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးစီးသည်နှင့် ပင်လယ်ပြင်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်လျှက်ရှိသည်ဟု မလေးရှားလုံခြုံရေး သတင်းရပ်ကွက်က ပြောဆိုသည်။ သို့သော် အတည်မပြုရသေးကြောင်း ပင်လယ်ပြင်သို့ ပြန်လည်စေလွှတ်ပါက အစားအစာနှင့် သောက်ရေအလုံအလောက် ဖြည့်တင်းပေးမည်ဖြစ်ကြောင်း ထိရှလွယ်သော ကိစ္စဖြစ်ခြင်းကြောင့် အမည်မဖော်လိုသူများက ပြောဆိုသည်။

ရေကြောင်းရဲတပ်ဖွဲ့၊ ရေတပ်မတော်နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများပါဝင်သော မလေးရှားအစိုးရ၏ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အလုပ်အဖွဲ့ သာမက ဝန်ကြီးချုပ်ရုံးကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးပါရန် အီး မေးလ်ဖြင့် တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိချေ။

ရောက်ရှိလာကြသည့် ဘုတ်ပေါ်တွင် ဒုက္ခသည်ဘင်္ဂါလီအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။ ကယ်ဆယ်ခြင်း မခံရမီ ပင်လယ်ပြင်၌ လပေါင်းများစွာ မရေမရာဖြစ်လျှက်ရှိချိန်တွင် အစာငတ်ရေစာငတ်မွတ်ခြင်းကြောင့် လူအများအပြား သေဆုံးခဲ့ကြရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားသည်။

ကယ်ဆယ်ခြင်းမခံရမီ လူများစွာသေဆုံးခဲ့ရသည့် ဘုတ်ပေါ်သို့ ၎င်း၌လိုက်ပါလာသူများကိုပင် ပြန်လည်တင်ဆောင်စေခြင်းမှာ လုံးဝ လူသားမဆန်သော လုပ်ရပ်ဖြစ်ကြောင်း၊ ဒုက္ခသည်များအား ပင်လယ်ပြင်သို့ ပြန်လည်လွှေတ်ခြင်းမပြုရန် ဒုက္ခသည်ဘင်္ဂါလီအရေး ဆောင်ရွက်လျှက်ရှိသည့် “အာရကန် ပရောဂျက် “ က တောင်းဆိုသည်။

နှိပ်စက်ညှင်းပန်းခြင်းခံရမည့်နေရာသို့ ဒုက္ခသည်များအား အတင်းအဓမ္မပြန်ပို့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာရောက်ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများသည် အကာအကွယ်ပေးရန် လိုအပ်လျှက် ရှိပြီး တစ်နိုင်ငံမှ တစ်နိုင်ငံသို့ မောင်းထုတ်သည့်အနေဖြင့် ပင်လယ်ပြင်သို့ ထီးတည်း စေလွှတ်နိုင်ခြင်း မရှိကြောင်း အာရကန် ပရောဂျက်က ဆက်လက်ပြောဆိုသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း မလေးရှားသည် အနည်းဆုံး ဘုတ်နှစ်စင်းကို မောင်းထုတ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ရာပေါင်းများစွာသော ဒုက္ခသည်ဘင်္ဂါလီများနှင့် အခြားအထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခဲ့သည်။

မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားရခြင်းနှင့် နိုင်ငံပိုင် အရင်းအမြစ်များအပေါ်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံခြားသားများအပေါ် ပြည်သူအများ ဒေါသအရှိန်မြင့် တက်လျှက်ရှိချိန်တွင် အဆိုပါ အရေးယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဆို၏။

လူအခွင့်အရေးအဖွဲ့များက ပြောဆိုရာတွင် အနည်းဆုံးဒုက္ခသည်ဘင်္ဂါလီ ၃၀၀ ခန့်ပါ ဘုတ်တစ်စီးမှာ ပင်လယ်ပြင်တွင်ရှိနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် အချို့မှာ ဖျားနာလျှက်ရှိကြောင်း ပါရှိသော်လည်း ၎င်း၏ တည်နေရာကို အတိအကျ မသိရကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((( Dhaka Tribune., June 18, 2020 “Malaysia could send Rohingya detainees back out to sea. By: Reuters “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#ထိန်းသိမ်းထားသောလှေစီးပြေး_၃၀၀ နီးပါးကို_မလေးရှားက_ပင်လယ်ပြင်သို့_ပြန်လည်မောင်းထုတ်ဖွယ်ရှိ #ဒုက္ခသည်များအားပြန်လည်ခေါ်ယူရန်_မလေးရှား၏တောင်းဆိုချက်အ_ဘင်္ဂလားဒက်ရှ်ပယ်ချ။

2+

Leave a Reply

Your email address will not be published.