ထိုင်းနိုင်ငံတွင် တရားသူကြီးတစ်ဦးမှာ ၎င်းချမှတ်ခဲ့သော စီရင်ချက်၌ လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း အထက်အရာရှိ၏ ဖိအားပေး စွက်ဖက်ခံရသဖြင့် တရားခွင်အတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှုဖြစ်ပွားသည်ဟု နိုင်ငံတကာမီဒီယာများက ယနေ့ဖော်ပြသည်။
စနေနေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ယာလာစီရင်စု အောက်တရားရုံး တရားသူကြီး ချာနခရွန်ပီယန်ချာနာ
ဆိုသူမှာ ၎င်း၏တရားရုံးခန်းအတွင်း ပစ္စတိုသေနတ်ဖြင့် ရင်အုံ၌ ကိုယ်တိုင်ပစ်ခတ်၍ သတ်သေခြင်း
ဖြစ်သည်ဆို၏။ လက်နက်ကိုင်ဆောင်မှု၊ လူသတ်မှုဖြင့် သေဒါဏ်ပုဒ်မ ၃-ဦးအပါဝင် စွဲချက်အတင်ခံရသူ
၅-ဦးကို ချာနခရွန်က ကြားနာ၍ သောကြာနေ့တွင် တရားသေလွှတ်ကြောင်း စီရင်ချက်ချမှတ်ပြီးနောက်ပိုင်းအထိ
တည်ငြိမ်စွာရှိနေခဲ့သည်ဟု သိရှိရသည်။
လွတ်လပ်၍ တရားမျှတမှုမရှိဟု စွပ်စွဲချက်အတွက် ချာနခရွန်၏စီရင်ချက်အား တရားသူကြီး
ကြီးကြပ်အဖွဲ့ကို ကြည့်ရှု့ခွင့်ပြုကြောင်း၊ စီရင်ချက်အား ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသည်ဟုပြောင်းလဲရန်
အားထုတ်လျှက်ရှိကြောင်း စာမျက်နှာ ၂၅ မျက်နှာပါ သုံးသပ်ချက်တို့ အွန်လိုင်းတွင် ပြန့်နှံ့လာပြီးနောက်
ယခုကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။

ချာနခရွန်၏လုပ်ရပ်မှာ ပုဂ္ဂလိကခံစားချက်သာလျှင်ဖြစ်ကြောင်း တရားရုံးပြောရေးဆိုခွင်ရှိသူက
ပြောကြားသော်လည်း မှန်ကန်ပွင့်လင်းသော တရားစီရင်ရေးတွင် လိုအပ်ချက်များရှိနေကြောင်း
တရားရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ထိုင်းနိုင်ငံတရားစီရင်ရေးသည် အကျင့်ပျက်ခြစားမှု့ဖြင့် စွပ်စွဲခံနေရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် လတ်တလောတွင် နိုင်ငံရေးဘက်လိုက်မှု ပိုများကြောင်း စွပ်စွဲခြင်းခံရသည်။ တရားစီရင်ရေးပြုပြင်ပြောင်းလဲရန်
ယခင်အားထုတ်မှုများမှာ ပြင်းပြင်းထန်ထန်ဆန့်ကျင်မှုများ ရင်ဆိုင်ခဲ့ရပြီး တရားရုံးများအပေါ်
စွပ်စွဲချက်များမှာလည်း ပိုမိုကျယ်လောင်လျှက်ရှိသည်။
ဖယ်ရှားခံ သက်ဆင်ရှင်နာဝပ်ထရာလက်ထက် ၂၀၀၆-ခုနှစ်ကတည်းကပင် နိုင်ငံရေး၌ စစ်ဖက်က တရားရုံးများအပေါ်
စွက်ဖက်ခြင်းမှာ တရားမမျှမတမှု ဖြစ်စေသဖြင့် ဝန်ကြီးချုပ်ထောက်ခံ ဒီမိုကရေစီလိုလားသူများက
ဆန့်ကျင်ခဲ့ကြသည်။
ထိုင်းတောင်ပိုင်းတွင် စစ်ဖက်က ရက်စက်စွာ ပြုကျင့်နေသည်ဟု မွတ်စလင်ခွဲထွက်ရေးဝါဒီများစွပ်စွဲပြီး
၂၀၀၄-ခုနှစ်မှစ၍ ပုန်ကန်လျှက်ရှိရာ ယခုထိ လူပေါင်း ၆,၀၀၀ ကျော်သေဆုံးကာ နက်ရှိုင်းသော
ပြဿ နာများနှင့် ရင်ဆိုင်နေရသည်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံး ဗုဒ္ဓဘာဘာဝင်များဖြစ်ကြသော်လည်း
တောင်ပိုင်းခရိုင် ၃-ခုမှာ မွတ်စလင်အများစုနေထိုင်သည်။

ချာနခရွန်၏စီရင်ချက်တွင် ထိုင်းတောင်ပိုင်း၏ လုံခြုံရေးအခြေအနေ အများအပြားကို ကိုးကားထားသည်။
သူပုန်များအဖြစ် စွပ်စွဲခံရသူများ၏ ဖြောင့်ချက်မှာ ညှင်းပန်းနှိပ်စက်လေ့ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက
ပြောဆိုကြသည့် ဖမ်းဆီးထိန်းသိမ်းခံရစဉ် ထွက်ဆိုချက်များဖြစ်ခြင်းကြောင့် ခိုင်လုံသောသက်သေအဖြစ်
အသုံးမပြုနိုင်ကြောင်း ဖော်ပြထားသည်။
ယခင်ကလည်း စစ်သားများက အရပ်သားတစ်ဦးအား သတ်ဖြတ်ခဲ့မှုတွင် ချာနခရွန်၏ စီရင်ချက်အား
ပြန်လည်စစ်ဆေးစေပြီး နိုင်ငံ့တာဝန်ထမ်းဆောင်စဉ် ပြုလုပ်မှုများအဖြစ် အမှုပိတ်သိမ်းစေရန်
ဖိအားပေးခြင်း ခံခဲ့ရဖူးသည်။
( အောက်တိုဘာ – ၀၅၊ ၂၀၁၉ ) ((( Bangkok Post., 5 OCT 2019, “’Suicide bid’ spurs case meddling fears.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.sacbee.com/news/nation-world/article235828292.html
https://www.bangkokpost.com/thailand/general/1765179/judge-shoots-self-in-court
https://www.bangkokpost.com/thailand/general/1765624/courts-insist-on-judges-independence