ထွက်ပေါက်မရှိ အန္တရာယ်များနှင့် မြန်မာနိုင်ငံ။ အရပ်သားအုပ်ချုပ်မှုပုံစံ ပြန်လည်ရောက်ရှိရေး အာမခံနိုင်သည့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တစ်ခုတည်းသောနည်းလမ်းမှာ တပ်မတော်၏ အဓိကရည်မှန်းချက်အတိုင်း အင်အားကြီး လူကြိုက်များသော ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားရန် အနောက်အုပ်စု ရှု့မြင်(ပထမပိုင်း)


#တပ်မတော်ဟု လူသိများသော မြန်မာပြည်၏ စစ်တပ်သည် ရွေးကောက်ခံ ဒေါ်အောင် ဆန်းစုကြည်၏ အစိုးရအား အာဏာသိမ်းယူလိုက်ကြောင်းသတင်းဖြင့် ဖေဖော်ဝါရီ ၁ ရက် ကမ္ဘာကြီးမှာ နိုးထလာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီနှင့် ဆယ်စုနှစ်တစ်ခုကြာ အရပ်သားအုပ်ချုပ်ရေးဆိုင်ရာစမ်းသပ်မှုသည်လည်း အဆုံးသတ်သွားတော့သည်။ အာဏာသိမ်းမှုသည် နေ့စဉ်နှင့်အမျှ ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေပြီး လမ်းများပေါ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာလည်း တိုးပွားလာရသည်။ ဤဖြစ်ရပ်များသည် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၄,၀၀၀ မှ ၅,၀၀၀ အထိ အသတ်ခံရသည့် ၁၉၈၈ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူ ကျောင်းသားဆန္ဒပြပွဲများအတွင်း သွေးထွက်သံယိုနှိမ်နှင်းမှုများကို အမှတ်ရစေခဲ့သည်ဟု ရုရှားနှင့် ကုလသမဂ္ဂဆိုင်ရာ စင်္ကာပူသံအမတ်ကြီးနှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အမြဲတန်းအတွင်းဝန်ဟောင်းဖြစ်သူ #ဘိုင်လဟာရီကော်ဆီကန် က Foreign Affiars(Apr.09,2021) တွင် ရေးသားသည်။


ထို့နောက် ယခုအချိန်တွင်လည်း အနောက်နိုင်ငံအစိုးရများသည် တပ်မတော်က ၎င်း၏ဦးတည်ချက်များကို ပြုပြင်ရေးအတွက် အတင်းအကျပ် ဖိအားပေးရမည်ဟု ခံစားမိကြသည်။ သို့သော် အမေရိကန်နှင့်၎င်း၏ဥရောပ မဟာမိတ်များသည် တပ်မတော်၏ အမူအကျင့်များအား ပြောင်းလဲရန် မြန်မာနိုင်ငံအပေါ် ၁၉၉၀-ပြည့်နှစ်များမှ ၂၀၀၀-ပြည့်နှစ် ပထမဆယ်စုနှစ်ကုန်ဆုံးသည်အထိ အလုပ်မဖြစ်သည့် ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်းခဲ့ဖူးသည်။ စမ်းတဝါးဝါး အခြေခံများကို ဖန်တီးနိုင်သော်လည်း မည်သည့်မဟာဗျူဟာ အစီအစဉ်မျှ မအောင်မြင်ခဲ့ပါ။

…  
ဖေဖော်ဝါရီလ အာဏာသိမ်းမှုလှိုင်းတံပိုးများတွင် အနောက်အင်အားကြီးနိုင်ငံများအနေဖြင့် ဇာတ်ညွှန်းဟောင်းအတိုင်း ပြန်၍ မသွားတော့ပါ။ မြန်မာအား ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အမြန်ပြန်လည်ရောက်ရှိရေးတည်းဟူသော စိတ်ကူးယဉ်အတွေးအခေါ်ကို စွန့်လွှတ်သင့်သည်ဟု သုံးသပ်ကြသည်။ ၎င်းအစား အရပ်သားအုပ်ချုပ်ရေးသို့ နှေးကွေးစွာ ကူးပြောင်းရေးကို လက်ခံ၍ သွေးထွက်သံယိုကျူးလွန်လျှက်ရှိပြီး မြန်မာနိုင်ငံတွင် မရှိမဖြစ်လိုအပ်သည့် အင်စတီကျု့ဒ်တစ်ခုဖြစ်သော တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ရှု့မြင်လာကြသည်။ အရပ်သားအုပ်ချုပ်မှုပုံစံသို့ ပြန်လည်ရောက်ရှိရေး အာမခံနိုင်သည့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တစ်ခုတည်းသော နည်းလမ်းမှာ တပ်မတော်၏ အဓိကရည်မှန်းချက်အတိုင်း အင်အားကြီးပြီး လူကြိုက်များသော ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားရန်ဖြစ်သည်။

…   
အနောက်နိုင်ငံအစိုးရများအနေဖြင့် တပ်မတော်အပေါ် ရန်လိုသောချဉ်းကပ်မှုပြုပါက အဓိကမိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုကိုဆုံးရှုံးခြင်း၊ တပ်မတော်ကိုလည်း တဇွတ်ထိုးဆုံးဖြတ်ရန် ခိုင်မာစေခြင်းနှင့် ဒေသတွင်း သွေးထွက်သံယိုမှုများနှင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာစေနိုင်သည်။

…  
ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီးတွင် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ်နောက်ထပ် ဒဏ်ခတ်အရေးယူများကို အဆောတလျှင် ချမှတ်ခဲ့သည်။ သို့သော် ဒဏ်ခတ်ပိတ်ဆို့ခြင်းမှာ မထိရောက်သော လက်နက်တစ်ခု ဖြစ်ကြောင်း သက်သေပြရာ ရောက်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း ဆယ်စုနှစ်နှစ်စုကြာ ဒဏ်ခတ်အရေးယူမှုများမှာလည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။ မြန်မာသည် အထီးကျန် ဖြစ်မသွားနိုင်ချေ။ တရုတ်၏ နောက်ဖေးပေါက်- အိန္ဒိယ၏ ဘေးထွက်ပေါက်ဖြစ်လျှက်ရှိနေပြီး အိမ်နီးချင်းနှင့်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအား ပစ်ပယ်နိုင်ခြင်းမရှိသော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ပံ့ပိုးမှုကြောင့် ဖြစ်သည်။ ထို့အပြင် တပ်မတော်သည် နိုင်ငံတစ်ခုအတွင်း (သီးသန့်) နိုင်ငံတစ်ခု တည်ဆောက်ပြီး ပြည်တွင်းနှင့် ပြည်ပဖိအားများကို မထိရောက်အောင် လုပ်နိုင်ခဲ့သည်။

…  
၁၉၈၈-ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် တပ်မတော်အပေါ် မဟုတ်ဘဲ အရပ်သားများကိုသာ ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား အထီးကျန်စေခြင်းဖြင့် မြန်မာပြည်တွင်း၌ အနောက်နိုင်ငံများ၏ သြဇာကို လျော့ပါးစေမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံများက အစဉ်တစိုက်ပြောဆိုခဲ့သည်။ သို့သော် ၁၉၈၈ အစုအပုံလိုက်သတ်ဖြတ်ခံရမှုကို တနည်းနည်းဖြင့် တုန့်ပြန်ရန် တာဝန်ရှိသည်ဟု အနောက်နိုင်ငံအစိုးရများက ခံစားခဲ့ရသည်။ စီးပွားရေးပိတ်ဆို့မှုများသည် အဓိကအားဖြင့် အနောက် အုပ်စု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်နှင့် ပြည်တွင်းနိုင်ငံရေး ဖိအားများဖြစ်ပေါ်စေရေး သွယ်ဝှိုက်ဖန်တီးရန်ဖြစ်သည်။ အာဆီယံ၏ အကြံပြုချက်များကို အဘယ့်ကြောင့် မလိုက်နာရကြောင်း အနောက်နိုင်ငံအစိုးရတစ်ဖွဲ့၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအား မေးကြည့်မိဖူးသည်။ “ မြန်မာကို ထောက်ပံ့မည့်အစား NGO တွေကို ပေးမယ် “ ဟု အဆိုးမြင်တုန့်ပြန့်မှုဖြင့် အကြီးအကျယ် ကွဲလွဲနေကြောင်း သိလိုက်ရသည်။

…   
(အနောက်အုပ်စု၏) စိတ်မသက်သာစရာ သဘောထားသည် ရေရှည်တည်မြဲမှုတော့ မရှိပါ။ အနောက်နိုင်ငံများအနေဖြင့် နောက်တစ်ကြိမ် တစ်ခုခုလုပ်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့ရန် ထပ်ကာထပ်ကာ လိုအပ်လာပြန်သည်။ သို့သော် ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) တို့အပေါ် ဆက်ဆံပုံနှင့် ပတ်သက်၍ အရေးယူပိတ်ဆို့ခံရပြီးဖြစ်သည့် တပ်မတော်အတွက် အရေးယူပိတ်ဆို့မှုအသစ်များမှာ အနည်းငယ်မျှသာ လက်တွေ့ကျသည်။

…    
အန္တရာယ်များပြားသည့် အကျပ်အတည်းမှာ ပေါ်ပေါက်လာချေသည်။ ကန့်ကွက်ဆန္ဒပြသူများကို တပ်မတော်က ပိုမိုသတ်ဖြတ်သည်နှင့်အမျှ အမေရိကန်နှင့်၎င်း၏မဟာမိတ်များအနေဖြင့် တပ်မတော်၏ အပြုအမူများကို အတင်းအကြပ် ပြောင်းလဲစေရန် ပြည်တွင်းအသီးသီးတို့တွင်တောင်းဆိုမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အာဏာသိမ်းမှုအပေါ် အတိုက်အခံပြုခြင်း၏ လူကြိုက်များလာမည့် အတိုင်းအတာကို တပ်မတော်က အကြီးအကျယ် မှားယွင်းတွက်ချက်ခဲ့ သည်။ သို့သော် နိုင်ငံရပ်ခြားဖိအားကို တပ်မတော်က ဦးညွှတ်မည်တော့ မဟုတ်ချေ။ အကယ်၍ ပြင်ပအင်အားကြီးနိုင်ငံများအနေဖြင့် ပိတ်ဆို့အရေးယူမှုများကို ထပ်မံ အသုံးပြုလာပါက အကျပ်အတည်းကို ကြာရှည်စေပြီး တပ်မတော်အတွက် ၎င်း၏ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူထောင်မည့် အစီအစဉ်ကို ခက်ခဲစေမည့် အောင်မြင်မှုသာ ဖြစ်လာလိမ့်မည်။

…  
အရှေ့တောင်အာရှသည် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုဗဟိုချက်ဖြစ်ပြီး ဝါရှင်တန်နှင့်ပီကင်းအစိုးရ နှစ်ဖွဲ့စလုံးက မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သောအရေးယူဆောင်ရွက်မှုများလိုအပ်သည်ကို သတိပြုမိစေသည်။

…   
၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ် စောစောပိုင်းကာလများ၌ မြန်မာနိုင်ငံသည် ၎င်းတို့၏ မဟာဗျူဟာနှင့် သက်ဆိုင်ခြင်း မရှိဟု ယူဆကာ အမေရိကန်နှင့် ၎င်း၏ဥရောပမဟာမိတ်များက တပ်မတော်အား တရုတ်လက်သို့ တွန်းပို့ရာရောက်သည့် မူဝါဒများကိုကျင့်သုံးမိခဲ့သည်။ သို့သော် တရုတ်နှင့် တပ်မတော်အကြားတွင် သဘောသဘာဝအားဖြင့် နှီးနွယ်မှုတော့ ရှိမနေပါ။

…     
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ တရုတ်အစိုးရ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပံ့ပိုးသော သောင်းကျန်းမှုများကို တပ်မတော်က အစဉ်မပြတ် တိုက်ခိုက်ခဲ့ရသည်။ တပ်မတော်သည် တရုတ်အပေါ် အယုံအကြည် ကင်းမဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အရပ်သားအုပ်ချုပ်ရေးကို စမ်းသပ်ခြင်းနှင့် ဒီမိုကရေစီနိုင်ငံများ မျက်စိကျစေမည့် ၎င်း၏ မဟာဗျူဟာမြောက်ရွေးချယ်ချက်များကို ကျယ်ပြန့်ရန်ကြိုးစားသည်။

…   
တပ်မတော်၏ အာဏာသိမ်းမှုကြောင့် တရုတ်သည် အခြားနိုင်ငံများနည်းတူ အံ့အားသင့်ခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ဟု ၎င်းတို့ဖာသာ ခေါ်ဝေါ်သည့် စစ်ကောင်စီအစိုးရ အပေါ်ထားရှိသည့် တရုတ်၏သဘောထားမှာ အေးဆေးတည်ငြိမ်သည်။ တရုတ်သည် တည်ငြိမ်မှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုကို အလေးထားသည်။ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေမှာ မတည်မငြိမ်ဖြစ်နေပြီး ကြိုတင်ခန့်မှန်းမရသည့် အန္တရာယ်များ ကြုံတွေ့နေရသည်။ ထို့အပြင် တရုတ်အစိုးရသည် ယခုဖြုတ်ချခံလိုက်သော အရပ်သားအစိုးရကို ယခင်က ချဉ်းကပ်ရန် များစွာ ကြိုးပမ်းခဲ့ပြီးဖြစ်သည်။

…  
မည်သို့ပင်ဆိုစေကာမူ တရုတ်ခေါင်းဆောင်များသည် သဘောတရားထက် လက်တွေ့ကျမှုကို အလေးထားသည့် ခေါင်းအေးသူများဖြစ်သည်။ တပ်မတော်ကို အနောက်နိုင်ငံများနှင့် ဝင်ဆန့်ရန်ထက် တရုတ်၏အကျိုးစီးပွားကို ကာကွယ်ရန်နှင့် မဟာဗျူဟာမြောက် အားသာချက်ကို ရှာဖွေရန် တရုတ်ခေါင်းဆောင်များက ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။

(((Foreign Affairs.,Apr 09,2021,” The Dangerous Impasse in Myanmar.For the United States, Patience Is the Least Bad Option.By: Bilahari Kausikan” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ထွက်ပေါက်မရှိ_အန္တရာယ်များသည့်_မြန်မာနိုင်ငံ

https://www.foreignaffairs.com/articles/burma-myanmar/2021-04-09/dangerous-impasse-myanmar?fbclid=IwAR3mDwiMSpjU2nvIu-4ZMP6KuGqd_dVDCYZBI_b_wyU8fvf8WnQyaPIkklA 

0

Leave a Reply

Your email address will not be published.