ဒရုန်းအသုံးပြု၍ အီရန်အဆင့်မြင့်တပ်မှူးတစ်ဦး ထပ်မံလုပ်ကြံခံရပြန်ကြောင်း သတင်းထွက်ပေါ် ။ တပ်မှူးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃-ဦး သေဆုံးဟု ဆို။ သတင်းတုအဖြစ် အီရန်နိုင်ငံခြားရေးဋ္ဌာန ပယ်ချလိုဟန်ရှိ



ဆီးရီးယားနယ်စပ်အနီး အီရတ်နိုင်ငံနယ်မြအတွင်း၌ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် ( IRGC ) ၏ အကြီးတန်းတပ်မှူး ၁-ဦးနှင့် အစောင့်အရှောက်လိုက်ပါသူ ၃-ဦးမှာ ၎င်းတို့၏ ကားအတွင်းရှိနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံးကြောင်း သတင်းထွက်ပေါ်လျှက်ရှိသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။ 


အင်္ဂါနေ့က တီဟီရန်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဆေအိဒ်ခါတဗ်ဇာဒက်ကမူ အီရန်တပ်မှူးတစ်ဦး ထပ်မံသတ်ဖြတ်ခံရကြောင်း သတင်းနှင့်ပတ်သက်၍ အတု ဖြစ်ပုံရသည်ဟု မတင်မကျ ဖြေဆိုသည်။ သို့သော် သတင်းထောက်က မေးခွန်းများ ထပ်မံမေးမြန်းသည့်အခါ အဆင့်မြင့်တပ်မှူးတစ်ဦးလုပ်ကြံခံရကြောင်း သတင်းအစီရင်ခံစာကို မိမိ သတိမထားမိခဲ့ခြင်းဖြစ်ကြောင်းနှင့် အီရန်တပ်မတော်အား တိုက်ရိုက်မေးမြန်းပါရန် ဆက်လက်ဖြေဆိုသည်။ 


တနင်္လာနေ့ အစ္စရေးအခြေစိုက် Haaretz သတင်းအေဂျင်စီက ရေးသားရာတွင် အသတ်ခံရသည့် အီရန်တပ်မှူးမှာ မွတ်စလင်ရှာဒန်ဖြစ်သည်ဟု အာရပ်မီဒီယာများ အဆိုအရ သိရှိရကြောင်းဖော်ပြထားသည်။ အီရတ်အစိုးရအရာရှိ ၂-ဦးကမူ အီရန်တပ်မှူးလိုက်ပါလာသည့် မော်တော်ယာဉ်မှာ အီရတ်မှ ဆီးရီးယားနိုင်ငံအတွင်း လက်နက်များနှင့်တကွ ဝင်ရောက်စဉ် တနင်္ဂနွေနေ့၌ အယ်လ်ကိန်းမြို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ သို့သော် ဒရုန်းဖြင့်တိုက်ခိုက်သူမှာ မည်သူမည်ဝါဖြစ်သည်ဟု ပြောဆိုခြင်း မရှိကြောင်း Reuters က ရေးသားသည်။ 


လွန်ခဲ့သည့် သောကြာနေ့တွင် အီရန်ထိပ်တန်း နျူကလီးယားသိပ္ပံပညာရှင် ဖာကရီဇာဒီမှာ တီဟီရန်အရှေ့ဘက် အက်ဗ်ဆတ်မြို့သို့ ကျည်ဒါဏ်ခံကားဖြင့် မောင်းနှင်သွားလာနေစဉ် လုပ်ကြံခံရပြီးနောက် ရက်သတ္တပတ် မပြည့်မီ ယခုကဲ့သို့ သတင်းများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ 


ဖာကရီဇာဒီကို ဆုံလည်တင် အဝေးထိန်းစက်သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း အီရန်အစိုးရ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် Fars သတင်းအေဂျင်စီက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြပြီးနောက် လုပ်ကြံခံရပုံနှင့် ပတ်သက်၍ သတင်းဖော်ပြချက်များ သိသိသာသာပြောင်းလဲသွားသည်။ ယခင်သတင်းများတွင် ဖာကရီဇာဒီ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းအား လူ ၁၂-ဦးပါ ကွန်မန်ဒိုအဖွဲ့က အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လုပ်ကြံမှုတွင် အီရန်လုံခြုံရေးအေဂျင်စီအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သူ လူ ၅၀ အုပ်စုက အကူအညီပေးခဲ့ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ အီရန်အာဏာပိုင်များကမူ ဖာကရီဇာဒီအသတ်ခံရသည့်အတွက် အစ္စရေးအား အပြစ်တင်ခဲ့သည်။ တနင်္ဂနွေနေ့ အီရန်အစိုးရပိုင်မီဒီယာများက ရေးသားရာတွင် သိပ္ပံပညာရှင်အား သတ်ဖြတ်ရာ၌ အသုံးပြုသည့် စက်သေနတ်မှာ အစ္စရေးနိုင်ငံလုပ်ဖြစ်ကြောင်း အတိအလင်း ထည့်သွင်းဖော်ပြခဲ့ကြသည်။ 


(( အီရတ်ဆဒမ်ဟူစိန်နှင့် လစ်ဗျားမွမ်မာကဒါဖီတို့မှာ အာဏာရှင်များဖြစ်ကြောင်း အငြင်းပွားရန် မရှိပါ။ ၎င်းတို့၏ ပုဂ္ဂလိက အငြိုးအတေး၊ စီမံခန့်ခွဲမှု့ အလွဲအမှားများနှင့် နိုင်ငံ့ဘဏ္ဍာကို ထင်သလိုသုံးဖြုန်းကြသည့်ဒါဏ်ကို သက်ဆိုင်ရာ ပြည်သူများ ကျောကော့အောင် ခံစားခဲ့ကြရသည်။ သို့သော်လည်း အဆိုပါအာဏာရှင်များအား ဖြုတ်ချသူတို့မှာ ပြည်ပနိုင်ငံများဖြစ်နေသည့်အခါ အဆိုးးထက် ပို၍ဆိုးသော အခြေအနေကို ထပ်မံကြုံ တွေ့ရပြန်သည်။ လစ်ဗျားဆိုလျှင် နိုင်ငံ ပြိုကွဲသွားပြီး ယနေ့တိုင် ပြည်တွင်းစစ် မငြိမ်းသေးချေ။ 


ဆဒမ်ဟူစိန်အား ကြိုးပေးစီရင်ပြီး အီရတ်တွင် အမေရိကန်နှင့် အနောက်အုပ်စုတို့ ကမကထပြုသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်မှာ အီရတ်ပြည်သူတို့အတွက် လက်တွေ့ အသုံးမဝင်ချေ။ ၂၀၁၄-ခုနှစ်တွင် ထကြွသောင်းကျန်းလာသည့် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ဘာသာရေးအစွန်းရောက် အိုင်အက်စ် ( IS ) တို့ကို အသစ်ဖွဲ့စည်းထားသော်လည်း အရည်အချင်း အနှစ်သာရကင်းမဲ့နေသော အီရတ်တပ်မတော်သာမက အီရတ်တွင် အခြေပြုထားသည့် အမေရိကန်တပ်များပါ ဟန့်တားနိုင်ခြင်း မရှိခဲ့ပါ။ တဟုန်ထိုးချီတက်လာသော အိုင်အက်စ်တို့သည် ဘဂ္ဂဒက်မြောက်ပိုင်းတိုင် ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း အီရတ်တစ်နိုင်ငံလုံး ကျဆုံးရတော့မယောင် ဖြစ်ခဲ့ရသည်။ ထိုစဉ်ကာလတဝှိုက်တွင် အီရတ်သည် တစ်ချိန်က ၎င်းနှင့် ၈-နှစ်ကြာစစ်ခင်းခဲ့ဖူး သော အိမ်နီးချင်း အီရန်နှင့် ပိုမိုနီးကပ်လာသည်။ 


၂၀၁၁-ခုနှစ်တွင် စတင်ဖြစ်ပွားသော ဆီးရီးယားပြည်တွင်းစစ်တွင် အာဆတ်အစိုးရဆန့်ကျင်ရေး ဆီးရီးယားသူပုန်များ၊ ဒေသန္တရအယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့များနှင့် အိုင်အက်စ်ဘာသာရေးအစွန်းရောက်စသည်ဖြင့် လက်နက်ကိုင်အဖွဲ့အစည်း ၃၀ ကျော်တို့ အချင်းချင်း အပြန်အလှန်တိုက်ခိုက်လျှက်ရှိသည်။ အာဆတ်အစိုးရသည် ပြည်တွင်းစစ် အစပိုင်းတွင် အရေးနိမ့်ခဲ့သော်လည်း ရုရှားနှင့်အီရန်တို့က ကူညီတိုက်ခိုက်ပေးခြင်းဖြင့် ဆုံးရှုံးခဲ့သော နယ်မြေအများအပြား ပြန်လည်ရရှိသည်။ 


ဆီးရီးယားအစိုးရတပ်များနှင့်အတူ အီရန်စစ်အကြံပေးများကွပ်ကဲသော လက်ဘနွန်ပြည်သူ့စစ် “ ဟဇ်ဘိုလာ “ တို့က ပါဝင်တိုက်ခိုက်လျှက်ရှိသည်။ ဟဇ်ဘိုလာတို့သည် ရှီအာဂိုဏ်းကွဲတစ်ခုဖြစ်သော “ ဒရုဇ်မွတ်စလင်များ “ ဖြစ်ကြပြီး ၎င်းတို့ကို ဆွန်နီတို့က မွတ်စလင်အဖြစ် အသိအမှတ်မပြုပါ။ “ ဟဇ်ဘိုလာ” တို့သည် အစ္စရေးကိုလည်း နှောက်ယှက်ဒုက္ခပေးနေပြီး အီရန်က ကျောထောက်နောက် ခံပေးထားသည့် တိုက်ရည်ခိုက်ရည်မြင့်မားသော ခေတ်မီလက်နက်ကိုင်များဖြစ်ကြသည် ။ ၂၀၁၄-ခုနှစ်ခန့်မှစ၍ အီရတ်တွင်လည်း ဟဇ်ဘိုလာတို့ ဖွဲ့စည်းလာသည်ကို တွေ့ရပြီး လေ့ကျင့်ထောက်ပံ့ပေးနေသည်မှာ အီရန်ဖြစ်သည်။ 

  
လွန်ခဲ့သော ဇန်နဝါရီလတွင် အီရန်” အယ်လ်ကာ့စ် “အထူးတိုက်ခိုက်ရေးတပ် ဦးစီးချုပ်ဖြစ်သူ ကာဆင်စူလမန်နီမှာ အီရတ်နိုင်ငံ၌ ခေတ္တရောက်ရှိနေစဉ် အမေရိကန်၏ ဒရုန်းလေယာဉ်မှ ပစ်လွှတ်သော ဒုံးကျည်ထိမှန်ကာ သေဆုံးခဲ့သည်။ ကာဆင်စူလမန်နီနှင့်အတူ အီရန်စစ်ဖက်အရာရှိ ၄-ဦး အီရတ်ပြည်သူ့စစ်အရာရှိ ၅-ဦးတို့လည်း သေဆုံးခဲ့ရာ အီရတ်-အီရန်စစ်ဘက်ဆက်ဆံရေး နီးစပ်မှုကို တွေ့မြင်ရသည်။ 


အိမ်နီးချင်းနိုင်ငံ၏ တရားဝင် စစ်ဘက်အကြီးအကဲကို မိမိနိုင်ငံ၏ ဝေဟင်ပိုင်နက်အား အသုံးပြုသတ်ဖြတ်သည့်အတွက် အမေရိကန်နှင့် အီရတ်မှာလည်း အကြီးအကျယ် တင်းမာသွားခဲ့သည်။ အီရတ်မှ အမေရိကန်စစ်အခြေစိုက်စခန်းများ ရုတ်သိမ်းရန် ရက်စွဲသတ်မှတ်ခြင်းမရှိ တောင်းဆိုကြောင်း အီရတ်ပါလီမန်က ဆုံးဖြတ်ခဲ့သည်။       ။ သတင်းဘာသာပြန်သူ )) 

  
#အီရန်အဆင့်မြင့်တပ်မှူး_ဆီးရီးယားနယ်စပ်အီရတ်၌လုပ်ကြံခံရပြန် #အီရတ်အီရန်စစ်ဘက်နီးကပ်မှု 

  
((( Russia Today., 1 Dec, 2020,” ‘Seems to be fake news’: Iran’s foreign ministry denies that senior IRGC commander was killed in drone strike on Iraq-Syria border.” ကို #HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  

https://www.rt.com/news/508391-iran-denies-irgc-commander-killed/ 
https://www.aa.com.tr/en/middle-east/airstrike-kills-iranian-commander-on-syria-iraq-border/2061228 
https://www.haaretz.com/middle-east-news/.premium-iranian-commander-killed-by-drone-strike-in-syria-iraq-border-reports-say-1.9338563 
https://www.rt.com/news/508170-iran-assassination-remote-gun/ 
https://www.haaretz.com/middle-east-news/.premium-iranian-commander-killed-by-drone-strike-in-syria-iraq-border-reports-say-1.9338563 
https://www.rt.com/news/508064-iran-punish-soleimani-assassins/ 
https://www.theatlantic.com/international/archive/2020/01/qassem-soleimani-death-missed/604396/ 
https://www.bbc.com/news/world-middle-east-50991810 

0

Leave a Reply

Your email address will not be published.