ဒါကာတက္ကသိုလ် မိုဒီဆန့်ကျင်ရေးဆန္ဒပြပွဲမှ အကြမ်းဖက်မှုဖြစ်ပွားပြီး ၂၅-ဦးဒဏ်ရာရရှိ။ ရှိတ်ဟာစီနာထောက်ခံကျောင်းသားများက မီဒီယာနှင့်ဆန္ဒပြသူများကို တိုက်ခိုက်ဟုဆို။ နိုင်ငံရေးမတည်ငြိမခိုက် ကော့ခ်ဘဇားဒုက္ခသည်စခန်းပြင်းထန်စွာမီးလောင်၍ ၁၅-ဦးသေ-လူ ၄၀၀ ကျော်ပျောက်ဆုံး

ဘင်္ဂလားဒေ့ရှ်သို့ မကြာမီ လာရောက်လည်ပတ်မည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီအား ဆန့်ကျင်ရေးကန့်ကွက်ပွဲများမှာ ဒါကာတက္ကသိုလ်ပရဝုဏ်အတွင်း အင်္ဂါနေ့၌ ကျင်းပပြုလုပ်စဉ် ရိုက်နှက်တိုက်ခိုက်ခံရသဖြင့် ဆန္ဒပြသူ ၂၅-ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ #ချာဟတ္ထရာအဖွဲ့ချုပ်ကျောင်းသားများက ဆန္ဒပြသူများအား ထိုးကြိတ်ရိုက်နှက်ကြကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်ဟု Dhaka Tribune ၊ အခြားဘင်္ဂလားနှင့် အိန္ဒိယမီဒီယာများက ယမန်နေ့ ဖော်ပြသည်။…  
ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးနေ့နှင့် #အမျိုးသားဖခင်ကြီး_ရှိတ်မူဂျီဘူရာမန်၏ နှစ်ရာပြည့် မွေးနေ့ ရွှေရတုသဘင်အခန်းအနားသို့ တက်ရောက်ရန် မတ် ၂၆-ရက်နေ့တွင် နာရင်ဒြာမိုဒီက အိန္ဒိယဝန်ကြီးချုပ်အနေဖြင့် ၂-ရက်ကြာ လာရောက်လည်ပတ်မည်ဖြစ်သည်။ ဟိန္ဒူလက်ယာစွန်း အမျိုးသားရေးဝါဒီ မိုဒီအား ကန့်ကွက်သူ လက်ဝဲယိမ်းကျောင်းသားများ၊ သတင်းဓါတ်ပုံရိုက်ကူးသူ မီဒီများအား #ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ အာဏာရ အဝါမီလိခ်ပါတီထောက်ခံ #ချဟတ္တရာအဖွဲ့ချုပ်_ကျောင်းသားများက ရိုက်နှက်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။…  
အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားသော အဆိုပါထိုးကြိတ်ရိုက်နှက်မှုသည် ဒါကာတက္ကသိုလ်ပရဝုဏ်အတွင်း TSC အဆောက်အအုံအနီးဖြစ်ပွားခဲ့ပြီး၊ အိန္ဒိယဝန်ကြီးချုပ်အား ကန့်ကွက်ဆန္ဒပြသူ ကျောင်းသားများအပါအဝင် ဓါတ်ပုံသတင်းရယူလျှက်ရှိသော ဂျာနယ်လစ် ၄-ဦးတို့လည်း ဒဏ်ရာရရှိခဲ့သည်ဆို၏။…   
ကန့်ကွက်သူများက ဝန်ကြီးချုပ်မိုဒီ၏ ပုံတူရုပ်ပြောင်အား မီးရှို့ရန်ပြင်ဆင်နေခိုက် အာဏာရပါတီနှင့် ဆက်နွယ်သူများက တဟုန်ထိုးဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အနည်းဆုံး ၂၅-ဦး ဒဏ်ရာရရှိ၍ ဆေးဘက်ဆိုင်ရာကောလိပ်ဆေးရုံ၌ ကုသမှုခံယူနေရသူ ၁၅ ဦးရှိကြောင်း ချာဟတ္ထရာတပ်ဦး ဒါကာတက္ကသိုလ်နယ်မြေ ဥက္ကဋ္ဌ ဆယ်လ်မန်ဆီဒစ်က ရှင်းပြသည်။…   
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သက္ကဋဘာသာဖြင့် #ထီး ဟု အဓိပ္ပါယ်ရသည့် ချာဟတ္ထရာ ကျောင်းသားများအတွင်း မိုဒီဆန့်ကျင် လက်ဝဲယိမ်း #ချာဟတ္ထရာဖက်ဒရေးရှင်း နှင့် အာဏာရအဝါမီလိဂ်လိုလားသော #ချာဟတ္ထရာအဖွဲ့ချုပ်တို့၏ ခေါင်းဆောင်နှင့်တက်ကြွလှုပ်ရှားသူများအကြား တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ကြိမ်းမောင်း ခြိမ်းခြောက်လျှက်ရှိကြသည်။..   
နာရင်ဒြာမိုဒီ၏ အိန္ဒိယအစိုးရသည် မဟတ္တမဂန္ဒီအား ဂုဏ်ပြုသည့်အနေဖြင့် #နိုင်ငံတကာဂန္ဒီငြိမ်းချမ်းရေးဆု ကို နှစ်စဉ်ချီးမြှင့်လျှက်သည်။ကမ္ဘာ့နိုင်ငံအသီးသီးမှ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းများ၏ အကြမ်းမဖက်သည့်နည်းလမ်းဖြင့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ဆောင်ရွက်နိုင်သူတို့အား ငွေသား အမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ နှင့်အတူ ချီးမြှင့်သည့်ဆုဖြစ်သည်။#၂၀၂၀-ခုနှစ်တွင်_၁၉-ဦးမြောက်_နိုင်ငံတကာဂန္ဒီငြိမ်းချမ်းရေးဆုရှင်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ထောင်သူ အမျိုးသားဖခင်ကြီးရှိတ်မူဂျီဘူရာမန် ( လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ဖခင် ) ကို အိန္ဒိယအစိုးရက ရွေးချယ် ချီးမြှင့်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် သီးခြားခွဲထွက်ရန် ပါကစ္စတန်အား တော်လှန်ပုန်ခဲ့စဉ် အိန္ဒိယကလည်း ဘင်္ဂလားမျိုးချစ်များဘက်မှ ကူင်္ညီတိုက်ခိုက်ပေးခဲ့ခြင်း ကျေးဇူးရှိခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်အပေါ် လွှမ်းမိုးလွန်းသည်ဟု ဘင်္ဂလားဒေ့ရှ်တွင် မှတ်ယူသူများ ရှိနေသည်။ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းပြည်ပနေ ပါကစ္စတန်လိုလားသော ဘာသာရေးသဘောထားတင်းမာသူများ၊ လက်ဝဲယိမ်းကလည်း မိုဒီအား မလိုလားကြပါ။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြားတွင် မဖြေရှင်းနိုင်သေးသော ပြဿနာများစွာရှိနေသည်။ ကက်ရှ်မီးယားနှင့် အရှေ့ဖျား ပြည်နယ်များမှ အထောက်အထားမဲ့ မွတ်စလင်များအား နှင်ထုတ်ရန် ပြင်ဆင်နေခြင်း၊ နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်က ပစ်သတ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအရေအတွက် တိုးပွားနေခြင်းသာမက ဟိန္ဒူအမျိုးသားရေးဝါဒီမိုဒီအစိုးရအနေဖြင့် အစ္စလာမ်ဘာသာဝင်များအား နှိပ်ကွပ်လျှက်ရှိသည်ဟု ယူဆကြသည်။…  
သို့သော် အိန္ဒိယဝန်ကြီးချုပ်လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးခြိမ်းခြောက်မှုရှိသည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ဘင်္ဂလားဒေ့ရှ်၏ နေ့ထူးနေ့မြတ်အခန်းအနားသို့ တက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ်အား ဖိတ်ကြားရသည့်အတွက် များစွာဂုဏ်ယူကြောင်း နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု အိန္ဒိယအခြေစိုက် Business Standard (Mar.21,2021) က ဖော်ပြသည်။…   
နိုင်ငံရေးမတည်ငြိမ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သို့လော သို့လော ပါးစပ်စကားများ ပြန့်ကားလျှက်ရှိစဉ် လွန်ခဲ့သည့် မတ်-၂၂ (တနင်္လာနေ့) မွန်းလွဲ ၀၃း၃၀ ခန့်ကွင် ကော့ခ်ဘဇားခရိုင် အူခီယာနယ်မြေ ဘလွတ်ခါလီ ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) စခန်း၌ မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားသည်။ မီးလောင်မှုကြောင့် လူ ၁၅-ဦးသေဆုံး၍ လူ ၄၀၀ ခန့်ပျောက်ဆုံးလျှက်ရှိပြီး ဒုက္ခသည်တို့၏ တဲအိမ်ပေါင်း ထောင်ချီပျက်စီးခဲ့ရကြောင်း ကမ္ဘာ့ကုလသမဂ္ဂက အင်္ဂါနေ့၌ သတင်းထုတ်ပြန်သည်။…   
မီးဘေးသင့်၍ အိုးမဲ့အိမ်မဲ့ဖြစ်ရသူပေါင်း ၅၀,၀၀၀ ထက်မနည်း ရှိမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နှင့် အကူအညီပေးရေးအုပ်စုများက ပြောဆိုသည်ဟု Channel News Asia (23 Mar,2021 ) က ရေးသားသည်။

#နိုင်ငံတကာဂန္ဒီငြိမ်းချမ်းရေးဆု #ဒါကာတက္ကသိုလ်ကျောင်းသားများကန့်ကွက်ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်
#ကော့ခ်ဘဇားဒုက္ခသည်စခန်းပြင်းထန်စွာမီးလောင်ကျွမ်း၍၁၅ဦးသေဆုံးပြီး၄၀၀ကျော်ပျောက်ဆုံးနေ
..
(((Dhaka Tribune., 23 March 2021,” 25 injured during anti-Modi protest violence in Dhaka.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/education/2021/03/23/25-injured-during-anti-modi-protest-violence-in-dhaka
https://www.unb.com.bd/category/Bangladesh/25-injured-as-bcl-swoop-on-anti-modi-protesters/66485
https://www.newagebd.net/article/133502/20-injured-as-bcl-attacks-anti-modi-protest-on-du-campus
https://www.channelnewsasia.com/news/asia/rohingya-camp-fire-bangladesh-kills-15-400-missing-cox-bazar-14471772 

0

Leave a Reply

Your email address will not be published.