ဒါကာမြို့တွင် ဆန်နှင့် ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်။ ၂-နှစ်ကျော် ၃-နှစ်အတွင်း စပါးဈေးတက်၍ ဆန်ဈေးအမြင့်ဆုံးသို့ ရောက်ရှိ။ အစိုးရသတ်မှတ် ဝယ်ယူဆန်ဈေးအတိုင်း ဆန်စက်ပိုင်ရှင်တို့ မရောင်းနိုင်။ အိန္ဒိယမှ ဆန်တန်ချိန် ၁၀၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်တင်သွင်း။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ဆန်ဈေးနှုန်းမှာ ၁၀ ရက်အတွင်း တစ်ကီလိုလျှင် ၈ တာကာ ( မြန်မာငွေ ၁၂၅-ကျပ်ခန့် ) အထိ ဆက်လက်မြင့်တက်ခဲ့သဖြင့် ဝယ်ယူသူများအတွက် အခက်အခဲတွေ့နေရစဉ် ပုလင်းသွင်းမထားသော ပဲပုပ်ဆီ လက်လီရောင်းဈေးမှာလည်း တစ်လီတာလျှင် တာကာငွေ ၁၀ ( ၁၅၅ – ကျပ် ခန့် ) အထိ မြင့်တက်လာခဲ့သည်ဟု ဒါကာအခြေစိုက် bdnews 24 က ယနေ့ရေးသားသည်။ 

အရည်အသွေးကောင်း မီနီကက်ဆန်၏ လက်လီဈေးနှုန်းမှာ ၅၀ ကီလိုပါ တစ်အိတ်လျှင် တာကာငွေ ၄၀၀ မှ ၃,၁၀၀ ( ကျပ် ၆,၂၀၀ ကျော်ခန့် မှ ၄၈,၂၀၀ ကျပ်ခန့် ) အထိမြင့်တက်လာခဲ့သည်။ ဆန်ကြမ်းတို့၏ ဈေးနှုန်းများမှာလည်း တစ်ကီလိုလျှင် ၁-တာကာ မှ ၂-တာကာ ( ၁၅-ကျပ်မှ ကျပ် ၃၀ ကျော် ) အထိ အသီးသီး မြင့်တက်ခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်၏ ဆန်ဈေုးမှာ ၂ နှစ်ကျော် ၃-နှစ်အတွင်း အမြင့်ဆုံးသို့ ထိုးတက်လာခဲ့ကြောင်း ဒါကာဆင်ခြေဖုံး မီပူရ်ဒေသခံ ဆန်လက်လီနှင့် လက်ကားရောင်းချသူများက ပြောဆိုသည်။ 
ကုန်သည်တစ်ဦးဖြစ်သူ ရာမက်အူလာကမူ စပါးဈေး မြင့်တက်၍ ဆန်ဈေးလည်း တက်လာရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ရှင်းပြသည်။ 

လက်ရှိ စပါးပေါ်ချိန်တွင် ဆန်တစ်ကီလိုလျှင် ၃၇ တာကာ ( ၅၇၅-ကျပ်ခန့် ) ကျပ်နှင့် စပါး တစ်ကီလိုလျှင် ၂၆ တာကာ ( ၄၀၄- ကျပ်ခန့် ) ဖြင့် ဝယ်ယူမည့် အစိုးရ၏ သတ်မှတ်ဈေးနှုန်းများအတိုင်းဆိုလျှင် အကြီးအကျယ် အရှုံးပေါ်နိုင်သဖြင့် ရောင်းချရန် မဖြစ်နိုင်ကြောင်း ဆန်စက်ပိုင်ရှင်များက ငြင်းဆန်ကြသည်ဆို၏။ ထိုအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန် တစ်ကီလျှင် ၃၄.၃၅ တာကာငွေ ( ၅၃၅-ကျပ်ခန့် ) ဈေးဖြင့် ဆန်တန်ချိန် ၁-သိန်းကို အိန္ဒိယနိုင်ငံမှ မကြာမီက စတင် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ 

တစ်လအတွင်း ထုပ်ပိုးပြီး ပဲပုပ်ဆီလက်ကားဈေးနှုန်းမှာ ၅-လီတာ တစ်ပုလင်းလျှင် ၁၀၀ တာကာမှ ၅၆၇ တာကာ ( ၁,၅၅၅-ကျပ်ခန့်မှ ၈,၈၀၀ ကျပ်ခန့် ) အထိ မြင့်တက်ခဲ့ကြောင်း၊ သောကြာနေ့၌ ၅-လီတာဝင် ပဲပုပ်ဆီတစ်ပုလင်း၏ အများဆုံး လက်လီဈေးနှုန်းမှာ ၆၃၀ တာကာ ( ၉၈၀၀ ကျပ်ခန့် ) ဖြစ်ကြောင်း ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ 

စက်ရုံပိုင်ရှင်များနှင့် ဘင်္ဂလားဒေ့ရှ် စားသုံးဆီ လက်ကားရောင်းဝယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ မိုဟာမက်ဂိုလန်မော်လာ၏ အဆိုအရ နိုင်ငံတကာဈေးကွက်တွင် ပဲပုပ်ဆီ ဈေးနှုန်းများမြင့်တက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း စားသုံးဆီဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဘင်္ဂလားဒေ့ရ်ှကုန်သွယ်ရေးကော်ပိုရေးရှင်းကမူ ဆန်အမျိုးအမျိုးမျိုးတို့၏ ဈေးနှုန်းများမှာ တစ်နှစ်လျှင် ၆.၃၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ရာ အလယ်အလတ်အရည်အသွေးဆန်များတွင် ၁၀.၂၀ ရာခိုင်နှုန်းနှင့် ဆန်ကြမ်းဈေး ၃၀.၁၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပြောဆိုသည်။ 

အဆိုပါကာလ၌ ထုပ်ပိုးမထားသော ပဲပုပ်ဆီဈေးနှုန်းမှာလည်း ၂၃.၆၄ ရာခိုင်နှုန်း၊ တစ်လီတာပုလင်းများတွင် ၁၂.၂၀ ရာခိုင်နှုန်းနှင့် ၅ လီတာပုလင်းများတွင် ၁၀.၂၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

#ဘင်္ဂလားဒေ့ရှ်_ဆန်နှင့်ဆီ_ဈေးအတက်ကြမ်း 

((( bdnews24, 12 Dec 2020 , “ Rice, soybean oil prices continue to soar in Dhaka.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://bdnews24.com/business/2020/12/12/rice-soybean-oil-prices-continue-to-soar-in-dhaka

Leave a Reply

Your email address will not be published.