” ဒီစစ်ပွဲမှာ ကျွန်မတို့ အနိုင်ရရှိခဲ့ပါပြီ ..” ၊ Covid- 19 ရောဂါအား အနိုင်ရလိုက်ပြီဖြစ် ကြောင်း နယူးဇီလန်ကြေညာ။ သို့သော် ရောဂါကာကွယ်တားဆီးရေးအတွက် အမြင့်ဆုံးကန့်သတ်ချက် အဆင့် ၄-မှ ၃- သို့ လျှော့ချ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် အမြင့်ဆုံးကန့်သတ်ချက် အဆင့် ၄ အဖြစ် ရက်သတ္တ ၅-ပတ်နီးပါးကြာမျှ တင်းကြပ်ခဲ့ရသော နယူးဇီလန်နိုင်ငံသည် တနင်္လာနေ့နှောင်းပိုင်းမှစတင်ကာ ကန့်သတ်ချက် အဆင့် ၃- သို့ လျှော့ချလိုက်သည်ဟု AFP ရေးသားချက်ကို Dhaka Tribune က ကူးယူဖော်ပြသည်။

လတ်တလော ကမ္ဘာကြီးတစ်ခွင်လုံးတွင် Covid- 19 ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသည်။ နိုင်ငံတိုင်း ကူးစက်ရောဂါဒါဏ်ခဲ့စားခဲ့ကြရာ၌ နိုင်ငံသားတို့ ဖျားနာပျက်စီးရခြင်းဦးရေကို အနည်းဆုံးဖြစ်အောင်နှင့် နိုင်ငံ့စီးပွားရေးအရင်းအမြစ်များအား ထိရောက်စွာ အချိန်ကိုက်ဆောင်ရွက်ရာတွင်မူ နိုင်ငံအနည်းငယ်၌သာ တုန့်ပြန်နိုင်ကြောင်း တွေ့ရှိရသည်။ ဤတွင် ကပ်ရောဂါကို ကာကွယ်တားဆီးပေးနိုင်ယုံမက အသက်သွေးကြောလုပ်ငန်းများအား နိုင်နင်းစွာ စီမံခန့်ခွဲ ခဲ့သူများမှာမူ အမျိုးသမီး ခေါင်းဆောင်များဖြစ်နေသည်။ ဥရောပမှ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒမ်းတို့မှာ အကောင်းဆုံး ဦးဆောင်ခဲ့သူများအဖြစ် ဂုဏ်သတင်းမွှေးပျံ့ လျှက်ရှိသည်။

” နယူးဇီလန်မှာ Covid-19 ရောဂါ ဖြစ်ပွားမှု့ ကျယ်ကျယ်ပြန့်ပြန့် မရှိတော့တဲ့အပြင်၊ လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှု မတွေ့ရတော့ပါဘူး” ” ဒီစစ်ပွဲမှာ ကျွန်မတို့ အနိုင်ရရှိခဲ့ပါပြီ။ .. ” ဟု ဝန်ကြီးချုပ်ဂျာဆင်ဒါအာဒမ်းက ပြောဆိုသည်။

သို့သော်လည်း နေ့စဉ်လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိသည်အထိ ရောဂါပိုးကို အပြီးတိုင်ချေ မှုန်းနိုင်မည့် အချိန်ကာလမှာ မသေချာသေးကြောင်း ဆက်လက် သတိပေးသည်။

အမြင့်ဆုံး ကန့်သတ်ချက် အဆင့် ၄- တွင် ၅-ပတ်နီးပါးကြာပြီး အဆင့် ၃- သို့ လျှော့ချသော်လည်း နိုင်ငံအတွင်း မရှိမဖြစ် စီးပွားရေးလုပ်ငန်းများ၊ ပါဆယ်ဆွဲ

စားသောက်ဆိုင်များနှင့် စာသင်ကျောင်းများသာ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

“ကျွန်မတို့အကြားမှာ ပျောက်ဆုံးနေခဲ့တဲ့ လူချင်းထိတွေ့ဆက်သွယ်မှုတွေကို လူတိုင်းက ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ သတိကြီးကြီးထားပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်ယူမှ ရပါလိမ့်မယ်၊ နယူးဇီလန်နိုင်ငံသားတွေရဲ့ ကောင်းလာပြီးသား ကျန်းမာရေးကို ပြန်ပြီး ထိခိုက်အောင် မလုပ်သင့်ပါဘူး၊ ဒါကြောင့် ကန့်သတ်ချက် အဆင့် ၃- မှာ ဆက်နေဖို့ လိုအပ်ပါတယ် .. “ ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

Covid-19 ကူးစက်ကပ်ရောဂါ ကာကွယ်တားဆီးရေး ကန့်သတ်ချက်အဆင့် လျှော့ချလိုက်သော နယူးဇီလန်တွင် လူဦးရေ ၅-သန်းခန့်နေထိုင်ပြီး လွန်ခဲ့သည့် ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၁-ဦးသာလျှင် တွေ့ရှိရသည်။ ကူးစက်ခံရသူ ၁,၄၇၂-ဦး ရှိခဲ့ရာတွင် ၁,၂၁၄-ဦးကို သက်သာပျောက်ကင်းအောင် ဆေးဝါးကုသပေးနိုင်ခဲ့ပြီး ၁၉-ဦး သေဆုံးသည်။

တစ်နိုင်ငံလုံးလျှင် ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်ခံရခြင်း ရှိ-မရှိ အကြိမ်ပေါင်း တစ်သိန်းနှစ်သောင်း ကျော် စစ်ဆေးနိုင်ခဲ့သဖြင့် လူ ၁-သန်းလျှင် ၂၆,၁၄၃-ဦးနှုန်းဖြစ်ကြောင်း worldometer ၏ မှတ်တမ်းများအရ သိရှိရသည်။

(( ကိုရိုနာဗိုင်းရပ်စွဲ ကပ်ရောဂါကျရောက်လျှက်ရှိသော ကမ္ဘာကြီးတွင် လူဦးရေများသော နိုင်ငံကြီးများမှာ ဒုက္ခတစ်မျိုးဖြစ်၍ လူဦးရေနည်းသော နိုင်ငံများမှာလည်း ဒုက္ခ တစ်ဖုံရင်ဆိုင်နေကြရသည်။


ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်တို့သည် လူဦးရေများပြီး လူနေသိပ်သည်းသဖြင့် ကူးစက်ကပ်ရောဂါပျံ့ပွားမှုကို အချိန်မီ မထိန်းနိုင်လျှင် မတွေးဝံ့စရာဖြစ်နေသည်။ နယူးဇီလန်၊ စင်္ကာပူ၊ ဆွစ်ဇာလန်ကဲ့သို့ နိုင်ငံများမှာ လူဦးရေနည်းလွန်းရသည့်အထဲ နိုင်ငံသား ၄၀ %လောက် ဖျားနာ၍ ၃% လောက် အသက်ဆုံးရှုံးရမည့်အရေးမှာ တကယ့် စွန့်စားရမည့် ပြဿနာကြီးတစ်ရပ် ဖြစ်နေလေသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., April 27, 2020, “New Zealand claims ‘elimination’ of coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်အားအနိုင်ရရှိကြောင်းနယူးဇီလန်ကြေညာ

https://www.dhakatribune.com/world/oceania/2020/04/27/new-zealand-claims-elimination-of-coronavirus

0

Leave a Reply

Your email address will not be published.