ဒုက္ခသည်ဘင်္ဂါလီများအား ဘာဆန်ချာကျွန်းမှ ရွှေ့ပြောင်းပေးရန် ကုလနှင့် လူ့အခွင့် အရေးအဖွဲ့များ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒက်ရှ်အစိုးရ ပယ်ချ။ မြန်မာပြည်သို့ ပြန်ရမည့်အချိန်ထိ ကျွန်းပေါ်တွင် နေထိုင်ကြရမည်

ဘာဆန်ချာကျွန်းပေါ်တွင် ရောက်ရှိနေသည့် ရာနှင့်ချီသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အနေဖြင့် နေရပ်ပြန်ရန် သဘောတူခြင်းမရှိလျှင် ကျွန်းပေါ်မှ ထွက်ခွာခွင့် ရရှိလိမ့်မည်မဟုတ်ကြောင်း၊ မြန်မာပြည်သို့ ပြန်ရမည့်အချိန်ထိ ကျွန်းပေါ်၌ နေထိုင်ကြရမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ဘင်္ဂလားဒက်ရှ်အစိုးရအရာရှိတစ်ဦးက ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် ဧပြီလတွင် မလေးရှားသို့ ဦးတည်ထွက်ခွာသွားသည့် ဘုတ် ၂-စီးမှ ဒုက္ခသည်ဘင်္ဂါလီ ၃၀၆-ဦး တို့သည် ပင်လယ်ပြင်တွင် ရက်သတ္တပတ်ပေါင်းများစွာ မရေမရာဖြစ်ခဲ့ရပြီးနောက် ဘင်္ဂလားဒက်ရှ်အစိုးရက ကယ်ဆယ်၍ ဝေးလံခေါင်ဖျား ဘာဆန်ချာကျွန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရွံ့ညွံထူထပ်၍ မိုးရာသီမုန်တိုင်းနှင့် ရေကြီးရေလျှံအန္တရာယ်များလှသော ကျွန်းပေါ်မှ ကလေးငယ် အနည်းဆုံး ၃၃ ဦးအပါအဝင် ဒုက္ခသည်ဘင်္ဂါလီ ၃ဝဝ ကျော်ကို ကော့ခ်ဘဇားခရိုင်ရှိ ၎င်းတို့၏ ဆွေမျိုးမိသားစုများထံ ပြန်လည်ရွှေ့ပြောင်းပေးရန် ကုလသမဂ္ဂနှင့် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက တောင်းဆိုခဲ့ ကြသည်။

အဆိုပါဒုက္ခသည်ဘင်္ဂါလီတို့သည် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ကော့ခ်ဘဇားတွင် စုပြုံပြွတ်သိပ်နေထိုင်ကြ ရသည့် လက်ဖြစ်တဲများထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သည့် အဆောက်အအုံများတွင် နေထိုင်ကြရ ကြောင်း၊ အခြားဒုက္ခသည်များထက် ပိုမိုဂရုစိုက်ခြင်းခံကြသူများဖြစ်ကြောင်း၊ မြန်မာပြည်သို့ ပြန်သည့်အချိန် တိုင်အောင် ကျွန်းပေါ်တွင်နေထိုင်ကြရလိမ့်မည်ဖြစ်ကြောင်း ကျွန်းအုပ်ချုပ်မှုနှင့် သက်ဆိုင်သော နိုအာခါလီ ခရိုင် လက်ထောက်ကော်မရှင်နာ မင်းကြီးက AFP အား ယနေ့ပြောဆိုသည်။

ကျွန်းပေါ်ရောက် ဒုက္ခသည်ဘင်္ဂါလီတို့မှာ လွတ်လပ်စွာသွားလာခွင့်မရှိပဲ ရိုက်နှက်ခံရခြင်းနှင့် အစာရေစာ ကောင်းမွန်စွာ ကျွေးမွေးထားခြင်း မရှိကြောင်း ၎င်းတို့၏ ဆွေမျိုးသားချင်းများက ပြောဆိုသည်။ ဘင်္ဂလားဒက်ရှ် အစိုးရသည် ဒုက္ခသည်များတွင် ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်နှံ့မှုကို စောင့်ကြည့်ရန်အတွက် ကျွန်းပေါ်၌ ယာယီ သီးခြားခွဲထားသည်ဟု ပြောဆိုသော်လည်း ၂-လခန့်ကြာသည့်အထိ ဆက်လက်ထားရှိခဲ့သည်။ ကုလသမဂ္ဂမှ တာဝန်ရှိသူများ ဝင်ရောက်လေ့လာခွင့်ပြုရန်ကိုလည်း တုန့်ပြန်ခြင်းမရှိကြောင်း HRW ၏ ကြေညာချက်၌ ဖော်ပြထားသည်။

ဘင်္ဂလားဒက်ရ်ှအာဏာပိုင်များသည် ဆိုးရွားသော မုတ်သုန်ရာသီအထိ ဒုက္ခသည်များအား ဆက်လက်ထိန်း သိမ်းထားရန် ကူးစက်ရောဂါကို ဆင်ခြေဆင်လက်အဖြစ် အသုံးပြုနေကြောင်း၊ ကျွန်းပေါ်ရောက်ရှိနေသူများ ပြန်မလာနိုင်ကြမည်ကို ကော့ခ်ဘဇားရှိ ဆွေမျိုးသားချင်းတို့က စိုးရိမ်ပူပန်လျှက်ရှိကြောင်း၊ ကျွန်းပေါ်အခြေ အနေကို လေ့လာရန် အကူအညီပေးရေးလုပ်သားများအား ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း HRW ၏အာရှ ကိုယ်စားလှယ် ဘရက်ဒ်အဒမ်ကပြောဆိုသည်။

ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒက်ရှ်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ HRW ၏ ဝေဖန်မှုများကို ငြင်းပယ်ခဲ့သော်လည်း ကျွန်းပေါ်ရောက် ဒုက္ခသည်အချို့အား ၎င်းတို့၏မိသားစုများနှင့် ပြန်လည်ဆုံဆည်းလို သောဆန္ဒရှိကြကြောင်း ဝန်ခံခဲ့သည်။

(( ကျွန်တော့်အမြင်အရဆိုပါမူ ဘာဆန်ချာကျွန်းသည် ဘင်္ဂလားဒက်ရှ်မြစ်ဝကျွန်းပေါ် ကမ်းလွန်၌ မကြာသေးမီက ပေါ်ထွန်းလာသည့် သက်တမ်းနု ကျွန်းဖြစ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပွားလေ့ရှိသော မုန်တိုင်းများ ဖြတ်သန်းရာ လမ်းကြောင်းပေါ်တည့်တည့် ကျရောက်နေခြင်း၊ ရေကြီး ရေလျှံ ရေလွှမ်းမိုးနိုင်ခြင်း ၊ ဝေးလံခေါင်ဖျားအရပ်တွင်တည်ရှိ၍ ကမ်းရိုးတန်းမှ သွားလာရန် မလွယ်ကူခြင်း စသည့် ပြဿနာများ ရှိနေပါသည်။

သို့သော် ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးထားသော အဆောက်အအုံများမှာ အတော်ကောင်းမွန်၍ စာသင်ကျောင်း၊ ကစားကွင်းစသည်တို့နှင့် ပြည့်စုံပြီး ခေတ်မီသည်ဟု ထင်မှတ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., July 9th, 2020,” Dhaka refuses to move Rohingyas from Bhashan Char. AFP” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘာဆန်ချာကျွန်းမှဒုက္ခသည်များကိုရွှေ့ပြောင်းပေးရန်_ကုလနှင့်လူ့အခွင့်အရေးအဖွဲ့များတောင်းဆိုချက်ကို_ဘင်္ဂလားဒက်ရှ်အစိုးရပယ်ချ

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/07/09/dhaka-refuses-to-move-rohingyas-from-bhashan-char

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/07/09/hrw-move-rohingya-from-dangerous-slit-island-of-bhasan-char?fbclid=IwAR3MHug0ClfwzrUlxvX-x3twtdBeTnLZk4siWkTZFh3n7I0F0K9uAmY0luI

0

Leave a Reply

Your email address will not be published.