ဒုက္ခသည်ဘင်္ဂါလီများ လူမျိုးသုဉ်းပြုခံရသည့်အပေါ် ဥပဒေအရ ခုခံရင်ဆိုင်ရေး ရန်ပုံငွေထူထောင်ရန် OIC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်။ မြန်မာအပေါ် ဥပဒေကြောင်းအရတိုက်ပွဲဝင်လျှက်ရှိသည့် ဂမ်ဘီယာအတွက် ဘင်္ဂလားဒေ့ရှ် ငွေလှူဒါန်း

  
နိုင်ဂျာနိုင်ငံနှင့် ဒုက္ခသည်ဘင်္ဂါလီများ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) လူမျိုးသုဉ်းပြုခံရသည့်အပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်ရေးအတွက် ရန်ပုံငွေထူထောင်ရန် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်သည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 


၅၇-နိုင်ငံပါဝင်သော OIC ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ CFM က အကြမ်းဖက်ခြင်းနှင့် အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေးအတွက် မွတ်စလင်များ ညီညွတ်ကြရန်တောင်းဆိုလိုက်သည်။ ထို့ပြင် ပါလက်စတိုင်းအရေးတွင် ဖြေရှင်းချက် ၂-ခုပါ အာရပ်ပဏာမခြေလှမ်းစည်းမျဉ်းကို အခြေခံ၍ ပြန်လည်ထူထောင်ရန်ကိုလည်း ဆုံးဖြတ်လိုက်ကြသည်။ 


စနေနေ့ မွန်းလွဲပိုင်းတွင် ၄၇-ကြိမ်မြောက် CFM အစည်းအဝေးမှာ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ထိုနောက် သတင်းစာရှင်းလင်းပွဲတွင် #OIC_အထွေထွေအတွင်းရေးမှူးချုပ် #ဒေါက်တာယူဆွတ်အယ်လအိုသိုင်မန်က ပြောကြားရာ၌ အချင်းချင်းကွဲပြားခြားနားခြင်းမရှိပဲ အပြန်အလှန်လေးစားကြရန် အရေးကြီးကြောင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းဆိုသည်မှာ ဘာသာတရားနှင့် ပတ်သက်၍ အကြောင်းအရာအချို့တွင် ပြောချင်ရာ ပြောနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ရှင်းပြခဲ့သည်ဆို၏။ 

  
တစ်ဦးတစ်ယောက်ချင်းစီ၏ ထင်မြင်ချက်ကို သည်းခံကြရန် CFM က တောင်းဆိုကြောင်း၊ အစွန်းရောက် အယူအဆသည် အစ္စလာမ်ဘာသာ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ကြောင်း၊ အစ္စလာမ်သည် အခြားသော ယဉ်ကျေး မှုများနှင့် ပတ်သက်၍ ပြဿနာ မရှိကြောင်း၊ အမျိုးသမီးများ၏စွမ်းရည်မြှင့်တင်မှုကို လေးစားပြီး အကြမ်းဖက်မှုကို တိုက်ဖျက်ကြောင်း၊ အချို့သော ဆိုးသွမ်းသူများ၏ လုပ်ဆောင်ချက်တို့သည် အစ္စလာမ်အား ကိုယ်စားပြုခြင်း မရှိပဲ သူ့သဘောနှင့်သူ ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊ မကြာသေးမီက ဥရောပဒေသအသီးသီးတွင် အစ္စလာမ် ကြောက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းနှင့် ပတ်သက်၍ OIC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ဒေါက်တာယူဆွတ်က ပြောဆိုသည်။ 


လူမျိုးသုဉ်းပြုခံရသည့် ဒုက္ခသည်ဘင်္ဂါလီများအတွက် အပြည်ပြည်ဆိုင်ရာတရားခုံရုံး (ICJ) တွင် တရားစွဲဆိုလျှက်ရှိသည့် ဂမ်ဘီယာနိုင်ငံ၏ ဥပဒေရေးရာ ကုန်ကျစရိတ်အား OIC က အထောက်အပံ့ပေးခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း အပါအဝင်ဖြစ်ကြောင်း၊ OIC အနေဖြင့် ICJ ကိစ္စအတွက် ဂမ်ဘီယာနိုင်ငံသို့ ရင်းမြစ်ထောက်ပံ့ရေး အထူးငွေစာရင်း ဖွင့်လှစ်ထားပြီး ဖြစ်ရာ အခြားသောအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရန်ပုံငွေများ ထပ်မံလှူဒါန်းရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံအပေါ် တိုက်ပွဲဝင်လျှက်ရှိသည့် ဂမ်ဘီယာအတွက် OIC သို့ ဒေါ်လာ ၅၀၀,၀၀၀ ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်က တရားဝင်ကြေညာခဲ့ကြောင်း ဒေါက်တာယူဆွတ်က ဆက်လက်ရှင်းပြသည်။ 

  
ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ OIC ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်၏ အမြဲတမ်းကိုယ်စားလှယ် ဂျာဗစ်ပက်ဝါရီကမူ ငွေကြေးသုံးစွဲမှု အကန့်အသတ်ရှိ နေသော ဘင်္ဂလားဒေ့ရ်ှသည် ဂမ်ဘီယာနိုင်ငံအတွက် OIC သို့ ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ပြောဆိုသည်။ 


ဘင်္ဂလားဒေ့ရ်ှနိုင်ငံသည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ဒုက္ခသည်ဘင်္ဂါလီ ဦးရေ ၁.၁-သန်း ကျော်ကို ကော့ခ်ဘဇားခရိုင်၌ လက်ခံထားခဲ့ရပြီး အများစုမှာ ၎င်းတို့၏ ဇာတိမြေတွင် စစ်တပ်၏ ရက်စက်စွာဖြိုခွင်းပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှစ၍ ထိုဒေသသို့ ရောက်ရှိနေခဲ့ကြသူများဖြစ်သည်။ 



လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဂမ်ဘီယာသည် OIC၊ ကနေဒါနှင့်နယ်သာလန်တို့၏ ကျောထောက်နောက်ခံတို့နှင့်အတူ မြန်မာနိုင်ငံအား ICJ ၌ အမှုဖွင့်လှစ်ခဲ့သည်ြး ICJ သည် ၎င်း၏ ပထမဆုံးကြားနာမှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သည်။ 


ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ICJ သည် မြန်မာနိုင်ငံရှိ ဒုက္ခသည်ဘင်္ဂါလီများအပေါ် လူမျိုးတုံးသုဉ်းပြုမူမှုများ ထပ်မံကျူးလွန်ခြင်းမှ တားဆီးရန်အတွက် ကြားဖြတ်ဆောင်ရွက်မှုများ လုပ်ဆောင်ရေး အမိန့်ချမှတ်ရန် တရားသူကြီးများက တညီတညွတ်တည်း သမိုင်းဝင် ဆုံးဖြတ်ခဲ့ကြသည်။ 


CFM အစည်းအဝေးတွင် ၂၀၂၁၊ နိုဝင်ဘာ ၁၇ ရက်မှစ၍ ငါးနှစ်သက်တမ်းရှိသည့် OIC အတွင်းရေးမှူးချုပ်အသစ်အဖြစ် ချဒ်နိုင်ငံမှ သံအမတ်ကြီး ဟူစိန်အီဘရာဟင်တာဟာအား ရွေးကောက်တင်မြှောက်လိုက်ကြသည်။အများသဘောတူ ရွေးခြယ်ကြောင်း ကြေညာပြီးနောက် သံအမတ်ကြီးတာဟာက အထွေထွေအတွင်းရေးမှူး အဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။ 


ကက်ရှ်မီးယားတွင် ပဋိပက္ခများဖြစ်ပွားလျှက်ရှိကြောင်း သတင်းများထွက်ပေါ်လျှက်ရှိစဉ် နိုင်ဂျာနိုင်ငံ၌ ကျင်းပလျှက်ရှိသော OIC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ကက်ရှမီးယားအရေးကိစ္စအတွက် ထောက်ခံကြောင်းအတည်ပြုလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။ 


OIC သည်ပါကစ္စတန်အား အထောက်အပံ့ပြုသော ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ လက်ခံခဲ့ကြပြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အစ္စလာမ်ကြောက်ရောဂါ အရှိန်တိုးမြင့်လာခြင်းကို သတိပြုပါရန်နှင့် ဘာသာရေးအရ သဟဇာတဖြစ်မှုကို စတင်ရန် တိုက်တွန်းလိုက်ကြသည်။ 


ပြီးခဲ့သည့်နှစ် သြဂုတ်လ ၅ ရက်နေ့တွင် အိန္ဒိယက တရားမဝင် တစ်ဖက်သပ် ဆောင်ရွက်ခဲ့သည်များကို OIC အနေဖြင့် ပြတ်သားစွာ ပယ်ချကြောင်း ၊ အိန္ဒိယက တရားမဝင် သိမ်းပိုက်ထားသော ဂျမူးနှင့် ကက်ရှ်မီးယား တို့၏ နိုင်ငံတကာ သိမှတ်ထားသော အငြင်းပွားမှုအခြေအနေကို ပြောင်းလဲပေးရန်နှင့် ၎င်း၏ တရားမဝင် ခြေလှမ်းများကိုပြန်လည်ရုပ်သိမ်းရန်တောင်းဆိုခဲ့ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 




(( မကြာသေးမီက ပါကစ္စတန်နိုင်ငံသည် ကက်ရှ်မီးယားအရေးနှင့်ပတ်သက်၍ OIC က အိန္ဒိယအား အရေးယူ ရန် တောင်းဆိုခဲ့သည်။ OIC တွင် ဦးစီးခေါင်းဆောင်ဖြစ်နေသည့် ဆော်ဒီအာရေးဗီယားက ပါကစ္စတန် ဆန္ဒရှိ သည့်အတိုင်း အပြည့်အ၀ လိုက်လျောခြင်း မရှိခဲ့ချေ။ ထို့နောက်ပိုင်း ပါကစ္စတန်သည် မလေးရှားဝန်ကြီးချုပ် ဟောင်း မဟာသီယာနှင့် တူရကီသမ္မတ အာဒိုဂန်တို့ ကြီးမှူးသည် OIC အဖွဲ့ဝင်နိုင်ငံအချို့ပါဝင်သော မလေးရှား နိုင်ငံ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဆော်ဒီကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့ရာ ဆော်ဒီက ပါကစ္စတန်၏ ကြွေးမြီဟောင်းများ ပြန်တောင်းခြင်း၊ ဆက်လက်ပေးအပ်မည့် အကူအညီများ ရပ်ဆိုင်းခြင်းဖြင့် တုန့်ပြန်ခဲ့ ကြောင်း တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ )) 

#OIC_နိုင်ငံခြားရေးဝန်ကြီးများ၏နိုင်ဂျာနိုင်ငံအစည်းအဝေး #ဂမ်ဘီယာဒုက္ခသည်ဘင်္ဂါလီ #ICJ 


((( Dhaka Tribune., November 29, 2020 ,” OIC’s 47th CFM ends highlighting Rohingya, Islamophobia, Palestine issues .” ကို #HtayOung, #OungMarine ဆီလျော်စွာကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 


https://www.dhakatribune.com/bangladesh/rohingya-crisis/2020/11/29/oic-s-47th-cfm-ends-highlighting-rohingya-islamophobia-palestine-issues 
https://www.dhakatribune.com/bangladesh/rohingya-crisis/2020/11/28/bangladesh-disburses-500-000-to-oic-over-rohingya-genocide-case?fbclid=IwAR3esyXipg-aPN7VOaCMyJGMawtCFCU8S-FFEW0-cqm9gP3Emz8tsZS7ZnI 
https://www.dhakatribune.com/bangladesh/foreign-affairs/2020/11/26/rohingya-among-top-agendas-at-oic-fms-meeting 
https://www.dhakatribune.com/world/2020/11/28/oic-s-cfm-begins-emphasizing-muslim-unity-in-addressing-islamophobia 

0

Leave a Reply

Your email address will not be published.