ဒုက္ခသည်ဘင်္ဂါလီများ ကော့ခ်ဘဇားစခန်းမှ အခြားနေရာများသို့ ထွက်ခွာနေဆဲဖြစ်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ခံ။ အနီးအနားနေသူများနှင့် တာဝန်ရှိဝန်ထမ်းများအကူအညီဖြင့် ပြင်ပသို့ သွားလာနေ။ စခန်းများပတ်လည်၌ သံဆူးကြိုးခတ်ခြင်းလုပ်ငန်း မကြာမီပြီးစီးမည်။


ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအနေဖြင့် ကြိုးစားအားထုတ်လျှက်ရှိသော်လည်း ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များသည် ကော့ခ်ဘဇားစခန်းမှ နိုင်ငံအတွင်း အခြားနေရာများသို့ ထွက်ခွာနေကြဆဲဖြစ်ကြောင်း ဒုက္ခသည်များအကူအညီပေးရေးနှင့် နေရပ်ပြန်ရေးဆိုင်ရာ မဟာမင်းကြီးရုံး ( RRRC ) က ဝန်ခံလိုက်သည်။ ထိုသို့ ထွက်ခွာနေကြသည့် ပြဿနာမှာ ထင်မှတ်သည်ထက် ပိုမိုဆိုးရွားသည်အထိဖြစ်နိုင်ကြောင်း အစိုးရသတင်းရင်းမြစ်များစွာတို့က ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

..  
သို့သော် လွန်ခဲ့သည့် တစ်နှစ် သို့မဟုတ် နှစ်နှစ်နှင့် နှိုင်းယှဉ်လျှင် ထိုကဲ့သို့ဖြစ်ရပ်များ သိသိသာသာ ကျဆင်းသွားသည်ဟု အာဏာပိုင်များက အလေးအနက်ပြောကြားသည်။ ဒုက္ခသည်ဘင်္ဂါလီများအရေး ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသည့် ကော့ခ်ဘဇားအခြေစိုက် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် (RRRC) မှ ထိပ်တန်းအရာရှိတစ်ဦးကမူ အခြေအနေအကြောင်းအမျိုးမျိုးအချို့ကြောင့် ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်ဟု ဝန်ခံသည်။ 

..
ဒုက္ခသည်စခန်းများ၌ နေထိုင်သူတို့သည် သက်ဆိုင်ရာအာဏာပိုင်များ၏ ကြိုတင်ခွင့်ပြုချက်မရပဲ စခန်းမှ ထွက်ခွာခွင့် မရှိပါ။ တာဝန်ရှိသူအချို့၏အဆိုအရ ဒုက္ခသည်ဘင်္ဂါလီတို့သည် အနီးအနားနေထိုင်သူများ- တရားဥပဒေစိုးမိုးရေး စီမံခန့်ခွဲရန် တာဝန်ရှိဝန်ထမ်းများ၏ အကူအညီဖြင့် တင်းကြပ်စွာစောင့်ကြည့်ခြင်းလည်း မရှိသောနေရာမှ သဘာ၀ အခက်အခဲများကို ဖြတ်ကျော် ထွက်ပြေးကြခြင်းဖြစ်သည်။ ထိုဖြစ်စဉ်များ လုံးဝရပ်တန့်သွားအောင် အတတ်နိုင် ဆုံး ကြိုးစားလျှက်ရှိကြောင်း ရဲတပ်ဖွဲ့အရာရှိများအပါဝင် သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြောဆိုသည်။ 

..
ဒုက္ခသည်စခန်းများမှ ကော့ခ်ဘဇားမြို့အကြားတွင် စစ်ဆေးရေးဂိတ်အချို့ အတော်အသင့် ရှိသည်ဆိုသော်လည်း ဒုက္ခသည် ဘင်္ဂါလီများကို ၎င်းတို့နေထိုင်ရာ စခန်းမှ မိုင် ၁၁၀ ကျော်ဝေးသည့် စစ်တကောင်းမြို့အနီး၌ပင် တွေ့ရှိနေရသည်။ မော်တော်ယာဉ်အမျိုးမျိုးတို့ကို စစ်ဆေးရသည့်အခါ ဒုက္ခသည်ဘင်္ဂါလီများကို တွေ့ရလေ့ရှိကြောင်း၊ ယခုနောက်ပိုင်း သိပ်မများသော်လည်း တွေ့ရဆဲဖြစ်ကြောင်း၊ ပြီးခဲ့သောရက်တွင် ဘတ်စ်ကားတစ်စီးပေါ်၌ ဒုက္ခသည်ဘင်္ဂါလီ ၁၂-ဦးပါ အုပ်စုတစ်စုကို တွေ့ရှိခဲ့ကြောင်း၊ ခွင့်ပြုချက်မဲ့ ထွက်ခွာလာသူများဖြစ်၍ ၎င်းတို့နေထိုင်ရာ ကော့ခ်ဘဇားစခန်းများသို့ ပြန်ပို့လိုက်ကြောင်း စစ်တကောင်းအဝင် ရှားအမ်မန်နတ်တံ တားရှိ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျ ရဲအမှုထမ်းတစ်ဦးက ပြောဆိုသည်။ 

..
ရဲတပ်ဖွဲ့၏ ကြိုးစားဆောင်ရွက်မှုများသည် ဒုက္ခသည်ဘင်္ဂါလီဟူသရွေ့ ထိထိရောက်ရောက် တားဆီးရာ မရောက်နိုင်ပဲ အတော်များများ ဖြတ်ကျော်လွတ်မြောက်သွားခြင်းလည်း ရှိနေကြောင်း အခြားရဲဝန်ထမ်းတစ်ဦးက ရှင်းပြသည်။ 

..  
ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်း ၃၄-ခု အနက် စခန်းတစ်ခုတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဒု-ရဲအုပ်တစ်ဦးကမူ ၎င်းတို့စခန်းတွင် တာဝန်ကျဝန်ထမ်းဦးရေနှင့် အခြားထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကန့်အသတ်များ ရှိနေကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီအားလုံးတို့ကို စခန်းမှ ထွက်ခွာခြင်း မရှိအောင် ဆောင်ရွက်ရန် အခက်အခဲဖြစ်ရကြောင်း၊ ကုန်းလမ်းဖြင့် သွားလာသူများကို တားဆီးနိုင်သော်လည်း တောင်ပေါ်လမ်းဖြင့် ကော့ခ်ဘဇားမှ ထွက်ခွာသူများကို အမြဲတန်းတားဆီးရန် မဖြစ်နိုင်ကြောင်း သူ၏ အတွေ့အကြုံကို ပြောပြသည်။

..    
ထိုသို့ တောင်ပေါ်လမ်းဖြင့် ထွက်ခွာခြင်းမျိုးမှာ တစ်ခါတစ်ရံတွင် ဖြစ်လေ့ရှိပြီး အတော်များများတွင် တစ်ဦး-နှစ်ဦးခန့် လွတ်သွားနိုင်ကြောင်း၊ အတတ်နိုင်ဆုံးဆောင်ရွက်နေသော်လည်း မြေပြင်အနေအထားနှင့် စခန်းများတစ်ဝိုက်ရှိ ခြံစည်းရိုး အခြေအနေအချို့မှာ တားဆီးရေးဆေယင်ရွက်ရန် အဟန့်အတားသဖွယ်ဖြစ်နေကြောင်း၊ ဒုက္ခသည်ခိုလှုံရာ စခန်းများ ပတ်လည်တွင် သံဆူးကြိုးများ ကာရန်နေဆဲဖြစ်ပြီး မကြာမီပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ရကြောင်း RRRC ၏ တွဲဘက် မဟာမင်းကြီး မိုဟာမက်ရှမ်ဆွတ်ဒူဇာက ပြောဆိုသည်။ 

..
(( လွန်ခဲ့သည့် ၂၀၁၉-ခု နှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပသို့ထွက်ခွာမည့်သူများအနက် အချို့မှာ အမျိုးသားသက်သေခံကတ်ပြားနှင့် နိုင်ငံကူးလက်မှတ် တရားမဝင်ကိုင်ဆောင်သူ ဒုက္ခသည် ဘင်္ဂါလီများဖြစ်ကြောင်း တွေ့ရှိသဖြင့် ဖမ်းဆီးခြင်းခံရပါသည်။ 

..  
ထို့သို့ အမျိုးသားသက်သေခံကတ်ပြားတရားမဝင်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသည့် ဒုက္ခသည်ဘင်္ဂါလီများမှာ တစ်ကြိမ်လျှင် လူ ၂၀- ၃၀ ခန့် လအနည်းငယ်ကြာ အုပ်စုလိုက်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်ဘင်္ဂါလီများအား အမျိုးသားသက်သေခံကတ်ပြားထုတ်ပေးလျှက်ရှိကြောင်း သတင်းဖြစ်ပေါ်သည်။ 
..
အမှန်စင်စစ် အဆိုပါသက်သေခံကတ်ပြားများမှာ အတုများဖြစ်ပြီး ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင်၏ အကျင့်ပျက်ဝန်ထမ်းအချို့ထံမှ ရရှိသောအချက်အလက်များဖြင့် အမျိုးသားသက်သေခံကတ်ပြား ( NID ) အတု ဖန်တီးထားခြင်းဖြစ်သည်။ ထို့ကြောင့် ရှိတ်ဟာစီနာအစိုးရက ဒုက္ခသည်ဘင်္ဂလီတို့အား အမျိုးသားသက်သေခံကတ်ပြားထုတ်ပေးနေသည်ဆိုခြင်းမှာ ကောလဟလသာဖြစ်ကြောင်း၊ အကျင့်ပျက်ဝန်ထမ်းတို့ထံမှ ရရှိသော နိုင်ငံသားတို့၏ မှတ်ပုံတင်နှင့် ကိုယ်ရေးအချက်အလက်များကို ဒုက္ခသည်ဘင်္ဂါလီတို့အတွက် NID ကတ်အတု ပြုလုပ်ရာတွင် အသုံးပြုထားခြင်းဖြစ်ကြောင်း၊ 

..

ထိုသို့ဖြစ်ရသည့်အတွက် ရာဇဝတ်မှုကျူးလွန်သူတို့ကို ဖမ်းဆီးထားပြီး ဆက်လက်၍လည်း ရစုံစမ်းဖမ်းဆီးနေသဖြင့် ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းမှုမဟုတ်ကြောင်း #ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ #မဲဆန္ဒရှင်_၁၀၄သန်းတွင် #ရိုဟင်ဂျာလူမျိုးဟူ၍တစ်ဦးမျှမပါဝင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ( CEC ) ကေအမ်နူရူးလ်ဟူဒါက ရမ်ပူရ်မြို့ သတင်းစာရှင်းလင်းပွဲ၌ပြောဆိုသည်ဟု Ukhia News ( Oct. 01, 2019 ) က ရေးသားသည်။ ( Same: Dhaka Tribune., Sept.30,2019 “#Rohingya_NID_fraud:_CEC_says_EC_not_at_fault” 

..  

ထို့ပြင် ဘင်္ဂလားဒေ့ရှ်မီဒီယာဆရာတို့တွင် ပူလစ်ဇာနှင့် မက်ဆေးဆေး ဆုရှင်များ မရှိပါသဖြင့် ဒုက္ခသည်ဦးရေမှာ ၁.၁ သန်းဖြစ်လိုက် ၈-သိန်းကျော်ဖြစ်လိုက် ရေးနေကြပြီး တစ်ခါကဆိုလျှင် ၈-သိန်းကျော်မှာ စာရင်းသာ ဖြစ်ပြီး အမှန်တကယ် မရှိဟုလည်း တစ်ယောက်တစ်ပေါက်ဖော်ပြနေကြောင်း တွေ့ရှိရသည်။

..   
ထိုသို့ ဒုက္ခသည်စခန်းအတွင်းလူဦးရေတိုးမြင့်နေခြင်းကို ညစ်ညမ်းစွာ ဆဲရေးခြင်းဖြင့် ကောင်းမွန်စွာ သုံးသပ် အဖြေရှာရမည့် မိမိအသိဉာဏ်အား အဆုံးမသတ်သင့်ပါ။ နိုင်ငံတကာတွင် အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာတိုင်းပြည်ဖြစ်သော်လည်း ကျွန်တော်တို့နိုင်ငံနှင့်မခြား လူဦးရေတိုးနှုန်း မတိမ်းမယိမ်း ဖြစ်နေသည့် နိုင်ငံများစွာ ရှိနေပါသည်။ ဒုက္ခသည်တို့၏ သားဆက်ခြား မိသားစုစီမံကိန်းအောင်မြင်စေရန်မှာ စာတတ် မြောက်သူများများ ပေါ်ထွက်လာမှ ဖြစ်နိုင်ပြီး သက်ဆိုင်ရာတို့၏ အဖက်ဖက်မှ ပညာပေးမှု့များစွာ လိုအပ်ပါမည်။

..  
ယခုသတင်းကိုဖတ်ရင်း ကုလသမဂ္ဂအသိအမှတ်ပြု ဒုက္ခသည်များအား လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ခြင်း၊ နေထိုင်ရာစခန်းတစ်ဝိုက်သံဆူးကြိုးခတ်ခြင်း၊ ဒေသခံနိုင်ငံသားများနှင့် လက်ထပ်ခွင့် ပိတ်ပင်ခြင်း၊ တစ်နှစ်ခန့် အင်တာနက်အဆက်အသွယ်ဖြတ်တောက်ခြင်း၊ ရေကြီးရေလျှံနှင့် မုန်တိုင်းလမ်းကြောင်းပေါ်ရှိ လူသူမနီးကျွန်း ပေါ်သို့ ပို့ခြင်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တို့က ကန့်ကွက်သည်ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဆောင်ရွက်ခြင်း မရှိပါ။ 

..
အချုပ်အခြာအာဏာပိုင်နိုင်ငံတို့ထုံးစံ နယ်ခြားခြံစည်းရိုးခတ်သည်ကို လူသားမျိုးနွယ်အပေါ် လူမျိုးသုတ်သင်ရာရောက်သည့် ဂျီနိုဆိုက်မှုဖြစ်ကြောင်း တွေ့ရှိသုံးသပ်သည့် FFMM အစီရင်ခံစာကြီးကို ကိုင်ကာ တရားစီရင်မည့် ICJ တရားသူကြီးတို့အစား ရင်မောမိပါသည်။ ။သတင်းဘာသာပြန်သူ )) 
..
#ကော့ခ်ဘဇားစခန်းမှဒုက္ခသည်များအခြားအရပ်သို့ထွက်ခွာနေ#ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲကော်မရှင် 
#မဲဆန္ဒရှင်၁၀၄သန်းတွင်ရိုဟင်ဂျာလူမျိုး_တစ်ယောက်မျှမရှိဟုဘင်္ဂလားဒေ့ရှ်ရွေးကော်ပြော 
..
((( Dhaka Tribune., 10 January 2021, “ Rohingyas still manage to leave camps for other places.By: Humayun Kabir Bhuiyan.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.dhakatribune.com/bangladesh/rohingya-crisis/2021/01/10/rohingyas-still-manage-to-leave-camps-for-other-places 
https://www.dhakatribune.com/bangladesh/nation/2019/09/30/rohingya-nid-fraud-cec-claims-ec-not-at-fault 
https://www.rfa.org/english/news/myanmar/fence-01062021181747.html 
https://www.thefinancialexpress.com.bd/national/rohingya-camps-to-be-fenced-off-with-barbed-wire-1558496850 

0

Leave a Reply

Your email address will not be published.