ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေး တရုတ်က ( ၁+၁+၂ ) ဖော်မျူလာဖြင့် ဆွယ်တရားဟော။ နေရပ်ပြန်သင့်-မသင့် လုံခြုံရေးအခြေအနေအကဲခတ်မည့် ကိုယ်စားလှယ်နှင့် မိသားစုတို့ကို တရုတ်က လက်ကိုင်ဖုန်း အလကားပေးမည်။

လွန်ခဲ့သည့်တနင်္ဂနွေနေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံ အမျိုးသားသတင်းကလပ်ခန်းမတွင် အပြန်အလှန်တွေ့ဆုံပွဲ ကျင်းပရာ၌ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ တရုတ်သံအမတ်ကြီးက ၎င်း၏ ( ၁+၁+၂ ) အစီအစဉ်သစ်တရပ်ကို တင်ပြလိုက်ကြောင်း ဘင်္ဂလားဒက်ရှ်အခြေစိုက် bdnews24 က ယနေ့ရေးသားသည်။

စက်တင်ဘာလတွင် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည့် တရုတ်သံအမတ်ကြီးလီဂျင်မင်းက နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရအပေါ် မယုံကြည်နိုင်ဖြစ်နေသည်ဆိုသူ ဒုက္ခသည်ဘင်္ဂါလီများအတွက် ကုစားပေးမည့် ၁+၁+၂ ပုံစံကို စိတ်ကူးရမိခဲ့သည်ဆို၏။

တရုတ်သံအမတ်၏ အဆိုပြုချက်အရ ဒုက္ခသည်ဘင်္ဂါလီတို့အနေဖြင့် မိသားစု ၁-စုလျှင် ကိုယ်စားလှယ် ၁-ဦးကျ ရွေးချယ်သည့်အခါတိုင်း တရုတ်က လက်ကိုင်ဖုန်း ၂-လုံးကျစီ ထုတ်ပေးမည်ဖြစ်သည်။ လက်ကိုင်ဖုန်း ၁-လုံး သည် ကိုယ်စားလှယ်အတွက်ဖြစ်၍ အခြားတစ်လုံးမှာ ကော့ခ်ဘဇားတွင် ကျန်ခဲ့မည့် မိသားစုအတွက်ဖြစ်သည်။

မိသားစု ကိုယ်စားလှယ်ဖြစ်သူသည် ပြန်လည်နေရာချထားပေးမည့် ရခိုင်မြောက်ဖျားသို့ မျက်မြင်သွားရောက်ကြည့်ရှု့ပြီး လက်ကိုင်ဖုန်းများအသုံးပြု၍ ကော့ခ်ဘဇားရှိ ၎င်း၏မိသားစုနှင့် ပြန်လည်ဆက်သွယ်ကြရန်ဖြစ်သည်။

ထိုနည်းလမ်းဖြင့် ၎င်းတို့ ပြန်သွားရမည့် ရခိုင်မြောက်ဖျား၏ အခြေအနေမှာ ၎င်းတို့အတွက် လုံခြုံမှု့ရှိ-မရှိကို ဒုက္ခသည်ဘင်္ဂါလီမိသားစုဝင်တိုင်း အမြန်ဆုံးနည်းလမ်းဖြင့် အတိအကျသိရှိနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ထိုအတွက် ဆန္ဒအလျှောက် ရခိုင်မြောက်ဖျားသို့ လာရောက်လေ့လာအကဲခတ်မည့် မိသားစုကိုယ်စားလှယ်ဖြစ်သူတို့၏ လုံခြုံဘေးကင်းရေးကို မြန်မာအစိုးရက အာမခံရမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အကြပ်အတည်းကြုံတွေ့နေရသော မြန်မာဘက်မှ နေ၍ ကောင်းစွာ သုံးသပ်ချင့်ချိန်လျှက်ရှိပြီး ဒုက္ခသည်များနေရပ်ပြန်ရေးတွင် အပြုသဘောဆောင်သောဆန္ဒရှိကြောင်း သံအမတ်ကြီးက အလေးအနက် ပြောဆိုသည်။

မြန်မာသည် တရုတ်ဘာပြောပြော ပြောသည့်အတိုင်းလိုက်နာ လုပ်ကိုင်သည်ဟု တစ်ကမ္ဘာလုံးက ဆိုလျှက်ရှိနေကြောင်း၊ ၎င်းမှာ တရုတ်၏ မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံလျှက်ရှိခြင်းအပေါ် အခြေခံလျှက် ခန့်မှန်းပြောဆိုကြခြင်းသာဖြစ်ပြီး အပြည့်အ၀ မှန်ကန်ခြင်းမရှိကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံလုံးတို့သည် တရုတ်၏ အိမ်နီးချင်းများဖြစ်သည့်အားလျှော်စွာ မည်သည့်နိုင်ငံက မည်သို့လုပ်ပါဟု ၎င်းတို့၏ ကိုယ်ပိုင်အရေးတွင် တရုတ်က ဝင်ရောက်ပြောဆိုခွင့် မရှိကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်မင်းက ပြောဆိုသည်။

(( ကိုယ့်နိုင်ငံသားမဟုတ်သူတို့ကို လက်ကိုင်ဖုန်း အလှူကြီးပေးသည့် ပေါက်ဖော် သံအမတ်ကြီး၏ ၁+၁+၂ ဖော်မျူလာ သတင်းကို ဖတ်ရပြီး၊ ကျွန်တော်လည်း အတော်မျက်စိလည်မိသည်။ ဒုက္ခသည်များနေရပ်ပြန်မည့် ရခိုင်မြောက်ဖျား၏ လုံခြုံရေးအခြေအနေမှာ အချိန်တိုင်း တစ်ပြေးညီ အဆက်အပြတ် အစီရင်ခံနေရမည့် “ ဘောလုံးပွဲ “ တော့ မဟုတ်တန်ရာ ။

ထို့ပြင် ဒုက္ခသည်ဘင်္ဂါလီကိုယ်စားလှယ်ဆိုသူတို့အနေဖြင့်လည်း လက်ကိုင်ဖုန်းအလကားရလျှင် ယူမည်သာဖြစ်သော်လည်း ၎င်းတို့လိုချင်သည်မှာ သူတို့အားလုံးကို စစ်ဆေးမေးမြန်းခြင်းမရှိပဲ လူမျိုးတစ်မျိုးအမည်နှင့် တိုင်းရင်းသားအဆင့် နိုင်ငံသားပေးရေး၊ လုံခြုံဘေးကင်းသည်ဆိုသော မြန်မာစစ်တပ်ချထားခြင်းမရှိသည့် နယ်မြေရရှိရေးသာဖြစ်သည်။

ယမန်နေ့တွင် ဘင်္ဂလားဒက်ရှ်အစိုးရက ကော့ခ်ဘဇားခရိုင် ဒုက္ခသည်ဘင်္ဂါလီစခန်းများအား ဝိုင်းပတ်လျှက် သံဆူးကြိုးခတ်ပြီဖြစ်သည်။ ဒုက္ခသည်များကို အကြောင်းပြု၍ NGO ၁၄၄ ဖွဲ့ခန့် လာရောက်ကူညီပေးနေကြသည်ဖြစ်ရာ ခရိုင်အတွင်း လူတစ်သိန်းကျော်အလုပ်အကိုင်ရရှိသည်။ ဟိုတယ်ငှား-အိမ်ငှား-ဈေးရောင်း-သယ်ပို့လုပ်ငန်း ဖွံ့ဖြိုးသည်။ ဒုက္ခသည်များအတွက် နှစ်စဉ် တာကာငွေ ၈.၁၅ ဘီလျှံနှင့်ညီမျှသော နိုင်ငံခြားငွေများ စီးဝင်လျှက်ရှိသည်။ ထို့ကြောင့် ဒုက္ခသည်ဘင်္ဂါလီများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြုန်းတီးပြီး ရာဇဝတ်မှု ထူပြောသည်ဟု မည်သို့ပင် ညည်းတွားစေကာမူ ဘင်္ဂလားဒက်ရှ်အစိုးရအတွက် ဒုက္ခသည်ဘင်္ဂါလီတို့မှာ လူလစ်တိုင်း ဖက် ဖက် နမ်းချင်စရာကြီးဖြစ်နေလေသည်။

မြန်မာအတွက် မည်သို့ရှိနိုင်သနည်း၊ ၂၀၁၇ သြဂုတ်လ ၂၅-ရက်နေ့တွင် ရခိုင်မြောက်ဖျား ဘူးသီးတောင်-မောင်တောမြို့နယ် ၂-ခု၌ နယ်ခြားစောင့် ရဲကင်းစခန်း ၃၀ ကျော် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရသည်။ လဝကနှင့် ရဲတပ်ဖွဲ့ဝင်များကျဆုံးပြီး လက်နက်ခဲယမ်းများ ပါသွားသည်။ အကြမ်းဖက် တိုက်ခိုက်ခဲ့သော ARSA သည် ထွက်ပြေးသွားသော ကော့ခ်ဘဇားဒုက္ခသည်တို့ကြားတွင် ရောနှောလျှက်ရှိသည်ဟု မြန်မာအစိုးရသာမက ပြည်သူများကပါ ယုံကြည်သည်။

ဘင်္ဂလားဒက်ရှ်အစိုးရနှင့် ပူလစ်ဇာတန်းမဝင်သေးသော သူတို့သတင်းစာများက ဘင်္ဂလားဒက်ရှ်နယ်မြေအတွင်း ARSA အကြမ်းဖက်သမား လုံးဝမရှိဟု အသေငြင်းဆန်နေသည်။ သို့သော် အိန္ဒိယသတင်းစာများ၊ မလေးရှားတွင် လူကုန်ကူးမှု့ဖြင့် ဖမ်းဆီးရမိသည်ဆိုသော ဒုက္ခသည်ဘင်္ဂါလီတို့သတင်းများက ကော့ခ်ဘဇားဒုက္ခသည်များအတွင်း ARSA များ ရောနှောလျှက်ရှိကြောင်း ဖော်ပြနေကြသည်။

ယခု ဒုက္ခသည်ဘင်္ဂါလီမိသားစု ကိုယ်စားလှယ်ဆိုသူတို့ လက်ကိုင်ဖုန်းကိုယ်စီနှင့် ရခိုင်မြောက်ဖျားသို့ လာရောက် အကဲခတ်မည့် သဘောသက်ရောက်နေသည်။ လွန်ခဲ့သည့် စက်တင်ဘာလတွင် ဒုက္ခသည်စခန်းဧရိယာတစ်ဝှိုက် အင်တာနက်နှင့် ဆဲလ်ဖုန်းဆက်သွယ်ရေး တားမြစ်ခဲ့သော ဘင်္ဂလားဒက်ရှ်အစိုးရကလည်း မည်သို့ သဘောထားမည်နည်း။

သို့သော် ဘင်္ဂါလီဒုက္ခသည်အချို့ကို ရခိုင်ပြည်နယ်မြောက်ဖျား ပကတိအခြေအနေများကို ဝင်ရောက် ကြည့်ရှုခွင့်ပြုရန် ဘင်္ဂလားဒက်ရှ်နိုင်ငံနှင့်အတူ တရုတ်က အဆိုပြုခဲ့ရာ မြန်မာက ပယ်ချခဲ့ကြောင်း Dhaka Tribune က အောက်တိုဘာ – ၀၃၊ ၂၀၁၉ နေ့ရေးသားသည်ကို တွေရှိရပါသည်။

((( bdnews24., 24 Nov 2019,” Chinese envoy peddles new formula for Rohingya repatriation.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://bdnews24.com/bangladesh/2019/11/24/chinese-envoy-peddles-new-formula-for-rohingya-repatriation

https://www.dhakatribune.com/bangladesh/nation/2018/08/27/how-ngos-are-driving-cox-s-bazar-s-economy

https://bdnews24.com/bangladesh/2019/09/04/bangladesh-bans-two-ngos-for-secretly-assisting-instigating-rohingya-refugees-to-rally

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/09/06/rohingya-crisis-govt-to-take-over-all-administrative-duties-in-camps

http://www.thedailystar.net/rohingya-crisis/rohingya-orgs-demand-security-rights-repatriation-1521685

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/05/29/16-point-recommendations-to-ensure-security-in-rohingya-camps

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/10/02/myanmar-declines-china-proposal-to-let-rohingyas-see-rakhine-condition

#ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေး #ဘင်္ဂလားဒက်ရှ်ဆိုင်ရာတရုတ်သံအမတ် #လက်ကိုင်ဖုန်း #ကော့ခ်ဘဇားNGO

0

Leave a Reply

Your email address will not be published.