ဒုက္ခသည်ဘင်္ဂါလီအချို့ ရခိုင်ဒေသအခြေအနေကို ကြည့်ရှုခွင့်ပြုရန် တရုတ်အဆိုပြုချက် မြန်မာပယ်ချ။

ဘင်္ဂါလီဒုက္ခသည်အချို့ကို ရခိုင်ပြည်နယ်မြောက်ဖျား ပကတိအခြေအနေများကို ကြည့်ရှုခွင့်ပြုရန် ဘင်္ဂလား ဒက်ရှ်နိုင်ငံနှင့်အတူ တရုတ်က အဆိုပြုခဲ့ရာ မြန်မာက ပယ်ချခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

အမေရိကန်နိုင်ငံနယူးယောက်မြို့တော်တွင် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရာက်ခဲ့ကြသည့် တရုတ်-မြန်မာ ဘင်္ဂလားဒက်ရှ်တို့သည် ဘင်္ဂါလီဒုက္ခသည်အရေးနှင့်ပတ်သက်၍ ညီလာခံပြင်ပ၌ တွေ့ဆုံဆွေးနွေးရာ၌ မြန်မာက ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်သည်ဆို၏။ 

မြန်မာအစိုးရ ဒုက္ခသည်ဘင်္ဂါလီများအား လက်ကိုင်ဖုန်းများပေးအပ်၍ ၎င်းတို့၏ ဆွေမျိုးသားချင်းတို့အကြား အပြန်အလှန်သတင်းပေးနိုင်မည့်အစီအစဉ်ကိုလည်း မြန်မာက ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။ 

နေရပ်ပြန်ရေးကောင်းမွန်စွာဆောင်ရွက်ပြီးစီးမှုများအတွက် ဒုက္ခသည်ဘင်္ဂါလီအုပ်စုကို ရခိုင်ပြည်နယ်တွင် လာရောက်ကြည့်ရှု့ခွင့်ပေးရန် ဘင်္ဂလားဒက်ရှ်က တရုတ်နှင့်အတူ အကြံပြုသော်လည်း မြန်မာက လက်မခံကြောင်း နိုင်ငံခြားရေးဝန်ကြီးရုံး၌ ကျင်းပသော မီဒီယာတွေ့ဆုံပွဲ၌ မိုမန်က သတင်းထောက်၏အမေးကို ဖြေကြားသည်။ 

ဒုက္ခသည်ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို တရုတ်က ကန့်ကွက်မဲပေးခြင်းကိစ္စကို သတင်းထောက်များက မေးမြန်းရာ တရုတ်သည် ၎င်း၏ အခိုင်မာဆုံးမဟာမိတ်ဖြစ်သည့် မြန်မာနိုင်ငံအပေါ် သိမ်မွေ့စွာ ချဉ်းကပ်ရန် ဘင်္ဂလားဒက်ရှ်က လိုက်လျောနိုင်ကြောင်း၊ ညီလာခံကျင်းပ ခိုက် ၃-နိုင်ငံဆွေးနွေးကြရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ခဲ့ကြောင်း မိုမန်ကဖြေဆိုသည်။

၎င်းတွေ့ဆုံပွဲတွင် NVC ကတ်တွင် နားလည်မှုလွဲချော်သည်များရှိနေသည်ကို မြန်မာက သဘောတူကြောင်း ကတ်ပြားပုံစံပြသ၍ ရှင်းလင်းနိုင်ကြောင်း မိုမန်က ပြောဆိုသည်။ 

မြန်မာအစိုးရက စိစစ်အတည်ပြုပြီးသော ဒုက္ခသည်ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ရရှိစေမည့် NVC ထုတ်ပေးခြင်းဖြစ်၍ ဘင်္ဂလားဒက်ရှ်အတွက် ကြီးမားသော အောင်မြင်မှုဟု ဆိုနိုင်ကြောင်း၊ ဘင်္ဂလားဒက်ရှ်အပေါ် ရုရှား၏ အခန်းကဏ္ဍမှာ အကောင်းဘက်သို့ ပြောင်းလဲလာကြောင်း၊ နေရပ်ပြန်နိုင်သည့် ဒုက္ခသည်ဘင်္ဂါလီတစ်ဦးတစ်ယောက်မျှ မရှိသေးသည့်အတွက် အစီအစဉ် တိုးတက်မှုရလာဒ်ကို မြင်တွေ့ နိုင်ခြင်းမရှိသေးကြောင်း၊ ဒုက္ခသည်များနေရပ်ပြန်ရေးအတွက် အထောက်အကူဖြစ်စေသော အခြေအနေဖန်တီးပေးရန် မြန်မာ၏ တာဝန်ယူတာဝန်ခံမှု၌ ကျရောက်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။ 

(( လွန်ခဲ့သည့် သြဂုတ်လ ၂၂-ရက်နေ့ ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေး ဒုတိယအကြိမ်အစီအစဉ်မစတင်မီ နေပြည်တော်၌ မြန်မာနိုင်ငံတော်သမ္မတညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးရှင်းလင်းချက်များမှ ကျွန်တော် မှတ်မိနေသည်များရှိပါသည်။ 

မြန်မာက လက်ခံမည်ဆိုသူ ဒုက္ခသည်ဘင်္ဂါလီများမှာ မြန်မာနိုင်ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့ဖူးသူဖြစ်ကြောင်း အထောက်အထားတွေရှိခြင်း၊ အကြမ်းဖက်မှုနှင့် ဆက်စပ်ပတ်သက်သူများမဟုတ်ကြောင်း ခိုင်လုံသူများဖြစ်ပါသည်။ ဘင်္ဂလားဒက်ရှ်စာရင်းပေး ၂-သောင်းကျော်၊ မြန်မာအတည်ပြု ၃-ထောင်ကျော်ဟု ဘင်္ဂလားဒက်ရှ်သတင်းစာများတွင် တွေ့ရှိရသည်။ ထိုသူများအား ပြန်လည်လက်ခံသည့်အထောက်အထားအဖြစ် NVC ထုတ်ပေးခြင်းဖြစ်၍ ၎င်းမှတစ်ဆင့် တည်ဆဲဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားနိုင်ပါသည်။

မြန်မာအစိုးရအဆက်ဆက် စွဲကိုင်ထားသော မူဝါဒတွင် တစ်ယောက်မှ ပြန်မလာရ၊ တစ်ယောက်မှ လက်မခံဟု ပြောဆိုခြင်း မရှိခဲ့ကြောင်းတွေ့ရပါသည်။ ယခု NVC ထုတ်ပေးခြင်းသည်ပင် ဥပဒေအရ မြန်မာနိုင်ငံသားဖြစ်ဖွယ် အထောက်အထားခိုင်လုံသူများ စိစစ်အတည်ပြုခြင်းဖြစ်သည်ဟု နားလည်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

(( Dhaka Tribune., October 2nd, 2019, “Myanmar rejects China proposal to let Rohingyas visit Rakhine.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/10/02/myanmar-declines-china-proposal-to-let-rohingyas-see-rakhine-condition 

3+

Leave a Reply

Your email address will not be published.