ဒုက္ခသည်ဘင်္ဂါလီအများအပြား နေရပ်ပြန်လိုကြောင်း ကုလသမဂ္ဂအရာရှိ ပြောကြားချက် ဘင်္ဂလားဒက်ရှ်သတင်းစာတို့၌ ဖော်ပြ။ ဆွေမျိုးများနှင့် အဆက်အသွယ်ရှိနေပြီး သင့်လျှော်သောအချိန် ဆန္ဒအလျှောက်နေရပ်ပြန်ကြရန် ဒုက္ခသည်များ အသင့်ရှိနေဟုဆို

ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တို့သည် ရခိုင်ပြည်နယ်၏ အခြေအနေကို အခြားသူများထက်ပို၍ သိရှိသူများဖြစ်ကြောင်း၊ ယခုအခါတွင် ၎င်းတို့အများအပြားမှာ နေရပ် ပြန်ကြရန် ဆန္ဒရှိနေကြပြီး၊ အခြေအနေကောင်းမွန်သည်နှင့် ပြန်ရန်အသင့်ရှိနေကြကြောင်း ကုလသမဂ္ဂ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ ( IOM ) ၏ ဘင်္ဂလားဒက်ရှ်ဆိုင်ရာအကြီးအကဲ ဂျော်ဂျီ ဂျီဂေါ်ရီက ပြောဆိုသည်ဟု ယမန်နေ့ ဘင်္ဂလားအခြေစိုက် မီဒီယာများက ဖော်ပြသည်။

မည်သည့်အချိန်တွင် နေရပ်ပြန်ကြရမည်ကို ဒုက္ခသည်ဘင်္ဂါလီတို့ကိုယ်တိုင်သာလျှင် ဆုံဖြတ်နိုင်သူများဖြစ်ကြောင်း၊ ကျန်ရစ်ခဲ့ကြသော ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ရှိနေကြ၍ ရခိုင်ပြည်နယ်တွင် မည်သို့ ဖြစ်နေကြသည်ကို အတိအကျအမှန်သိရှိကြကြောင်း၊ ပြန်သင့်ပြီဟု ယုံကြည်ရချိန်တွင် ဆန္ဒအလျှောက် နေရပ်ပြန်ကြမည်သာ ဖြစ်ကြောင်း၊ IOM ၏ တာဝန်မှာ ဒုက္ခသည်များနေရပ်ပြန်စေရေး ဖြောင့်ဖျရန်မဟုတ်ပဲ သတင်းအချက်အလက်များကို ၎င်းတို့အား အမှန်အတိုင်း ပြောပြရန်သာဖြစ်သည်ဟု ဒါကာမြို့ ဟိုတယ်တစ်ခုတွင် ကျင်းပသော “Reporting Migration” အလုပ်ရုံဆွေးနွေးပွဲ၌ ဂျော်ဂျီ ဂျီဂေါ်ရီက သတင်းထောက်များအား ပြောဆိုသည်။

တစ်ဆက်တည်းမှာပင် ..

“ ကျွန်တော် ပြောတာကို ခင်ဗျားတို့ ယုံစမ်းပါဗျာ ။ ပြန်ဖို့သင့်ပြီလို့ ယုံကြည်တာနဲ့ သူတို့ ပြန်သွားကြမှာပါ ..“ ဟု IOM ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ မစ်ရှင်အကြီးအကဲက ဆက်လက်ပြောဆိုသည်။

((( ကျွန်တော့်တွင် မွေးချင်း မောင်နှမ ၆-ယောက်ရှိရာ မောင်နှမရင်းများဖြစ်ကြပါလျှက် ကျွန်တော့်အမမှာ ကျွန်တော်လို စိတ်မပုပ်ပဲ စိတ်ကောင်းရှိသူများဖြစ်သည်။ သို့သော် သူတို့အားလုံး သွေးတိုး-နှလုံး ရောဂါရှင်များဖြစ်ကြသည်။ ကျွန်တော်ကား ဘာရောဂါမျှ မရှိခြင်းမှာ သဘာဓမ္မဖန်တီးမှု့အရဖြစ်ပြီး ရုပ်ကလည်း ပို ချောနေသေးသည်မှာ သူ့ဟာသူ သဘာဝအလျှောက်ပင်ဖြစ်လေသည်။

တစ်အူထုံဆင်းများဖြစ်ပါလျှက် သိသိသာသာ ကွဲပြားခြားနားတတ်ခြင်းမှာ သဘာဝအလျှောက်ပင်ဖြစ်ရာ နိုင်ငံတည်းဟူသော လူ့အဖွဲ့အစည်းကြီးတွင် လူမျိုးပေါင်းစုံ- စရိုက်ပေါင်းစုံ- စိတ်ထားပေါင်းစုံ ရှိနေပါမည်။

ဗမာတစ်ကျပ်-ရှမ်းတစ်ကျပ်မူမှာ အတော်ကောင်းသည်။ သို့သော် ဗမာတစ်အိမ်ထောင် ကလေးတစ်ယောက်သာ မွေးရန် သတ်မှတ်ပြဋ္ဌာန်းလျှင် တစ်နိုင်ငံလုံး၏ ၆၈% ရှိသော ဗမာတို့အတွက် ပြဿနာမရှိသော်လည်း ၇% သာရှိသော ရှမ်းနှင့် ၅% သာရှိသော ရခိုင်တို့အတွက် လူဦးရေနည်းနည်းသာတိုးပြီး မတော်တဆ စစ်မက် ဖြစ်ပွားခြင်း၊ ကပ်ရောဂါကျရောက်ခြင်း ခံစားရလျှင် လူမျိုးတုန်းသွားဖွယ်ရှိလေသည်။ ထို့ကြောင့် ပိုပေးသင့်သည့် အခွင့်ရေးများလည်း ရှိပါမည်။

ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်တွင်သော ကျွန်တော်တို့ အိုးအိမ်ထူထောင်ရှင်သန်နေထိုင်ရာ မြေပေါ်၌ တည်ဆဲဥပဒေနှင့်အညီ နိုင်ငံသားဖြစ်နိုင်မည့်သူ အများအပြားရှိပါမည်။ ထိုသူတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်း၊ တည်ဆဲတရားဥပဒေကို လိုက်နာခြင်း၊ လူ့အဖွဲ့အစည်းကြီးအတွင်း အပြုသဘော ဆောင်သော အမြင်အတွေးများဖြင့် လိုက်လျောညီထွေနေထိုင်လိုခြင်း အပေါ်လိုက်၍ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ခွင့် ရရှိသင့်ပါသည်။

ကျွန်တော်တို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ဘိတ်ချီးအဆင့်မှ ချီတက်နေရသည်မှာ ကြာခဲ့ပါပြီ၊ ရာသီဥတု ပြောင်းလဲခြင်း၊ ပြည်တွင်းစစ်မပြီးပြတ်နိုင်ခြင်းနှင့် ဟိုဟိုဒီဒီပြဿအကြီးကြီးတို့ တက်နေလေရာ သည်ပုံအတိုင်း ကြာလျှင် သည်မြေပေါ်နေထိုင်သူမှန်သမျှ လူရုပ်မပေါက်ပဲ ဖြစ်သွားနိုင်သည်။ နိုင်ငံတကာအလည် အောက်တန်း နောက်တန်းအကျဆုံးသူများဖြစ်သွားနိုင်သည်။ သူမသာ-ကိုယ်အသုဘချည့် ဖြစ်ကုန်နိုင်သည်။

” တော်လှန်ရေးကာလ “ ကုန်ဆုံးခဲ့ပါပြီ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ယဉ်ကျေးမှု့သစ်ကို ဆက်လက် ပုံဖော်ရန်၊ လူတိုင်း၏စိတ်သဏ္ဍာန်တွင် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ထူထောင်ရန်အတွက်သာ အလေးထားလျှက် “ တည်ဆောက်ရေး “ ကိုသာလျှင် တစ်စိုက်မတ်မတ် ဆောင်ရွက်ရမည့်အချိန် ရောက်ရှိနေပြီဖြစ်ပါသည်။ ။သတင်းဘာသာပြန်သူ ))

((( Dhaka Tribune နှင့် UNB ., December 4th, 2019, “’Rohingyas to go back when they are ready’” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/12/04/rohingyas-to-go-back-when-they-are-ready

https://unb.com.bd/category/Bangladesh/rohingyas-to-go-back-when-theyre-ready-iom-bangladesh-chief/36945

#ဒုက္ခသည်ဘင်္ဂါလီ #ကုလသမဂ္ဂနိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့(IOM) #ဘင်္ဂလားဒက်ရှ်ကော့ခ်ဘဇား

1+

Leave a Reply

Your email address will not be published.