ဒဲလ်တာဗီဇပြောင်းဗိုင်းရပ်စ်တို့ ပျံ့နှံ့ရခြင်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော အမေရိကန်များကြောင့်ဟု ကျန်းမာရေးကျွမ်းကျင်သူပြော။ ကန်မြို့ကြီးအချို့ ရောဂါဖြစ်ပွားမှု ၁၆၅% မြင့်တက်။ ကူးစက်မှု ထက်ဝက်ကျော်မှာ ဒဲလ်တာမျိုးကွဲများဖြစ်ပြီး မစစ်ဆေးလျှင် မသိနိုင်


ကာကွယ်ဆေးထိုးနှံထားပြီးသော အမေရိကန်များသည် အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိရသည်ဆိုသော ဒဲလ်တာဗီဇပြောင်းမျိးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို နိုင်ငံအတွင်း ပျံ့နှံ့စေရာတွင် ကူညီလျှက်ရှိကြောင်း လူထုကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်ဟု လန်ဒန်အခြေစိုက် Daily mail (Jul 9 2021) က ရေးသားသည်။

…   
ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်သည် ဗြိတိန်နိုင်ငံတွင် စတင်ပေါ်ပေါက်သည့် အယ်လ်ဖာမျိုးကွဲထက် ကူးစက်ရန် ၅၀ ရာနှုန်းပိုမိုလျှင်မြန်ပြီး လောလောဆယ် အမေရိကန်နိုင်ငံ၏ ထက်ဝက်ကျော်၌ ရောဂါဖြစ်ပွားလျှက်ရှိသည်။ သို့သော် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံထားသူများအတွက် ရောဂါလက္ခဏာ ပြသခြင်း မရှိ၍ စစ်ဆေးမှု မရှိပဲ ကူးစက်ခံရသည်ကို မသိနိုင်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာ ( CDC ) က မှတ်ချက် ပြုထားသဖြင့် အမှန်တကယ် ကူးစက်လျှက်ရှိသူပမာဏမှာ ၎င်းထက်ပိုမိုနိုင်သည်။

…  
ရောဂါဖြစ်ပွားမှုသည် ဆေးရုံတင်ရသည့်အရေအတွက်ထက် ပိုမိုများပြားသည်ဟု မှတ်ယူရမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများ၌ ဒဲလ်တာမျိုးကွဲကူးစက်မှုအတွဲကို မျက်စေ့လျှမ်းနေလိမ့်မည်ကို သံသယမဖြစ်မိကြောင်း၊ ကယ်လီဖိုးနီးယား၊ အီလီနွိုက်၊ နယူးယောက်နှင့် ၀ ါရှင်တန်ကဲ့သို့ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ အလွန်များသောပြည်နယ်များတွင် မည်သည့်အတွက် ယခုကဲ့သို့ ရောဂါဖြစ်ပွားနှုန်းမြင့်တက်နေသည်ကို ရှင်းပြနိုင်ကြောင်း ဝါရှင်တန် တက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာတိုင်းတာမှုနှင့် အကဲဖြတ်မှုဌာန၏ ညွှန်ကြားရေးမှုး ဒေါက်တာ ခရစ်စတိုဖာမော်ရေးက ပြောဆိုသည်။

…      
ဇူလိုင် ၆-ရက်နေ့ ညနေပိုင်း CDC ၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ B.1.617.2 ဟု လူသိများသော ဒဲလ်တာဗီဇပြောင်းအမျိုးအစားသည် ထပ်မံတွေ့ရှိရသည့် ကူးစက်မှု၏ ၅၁.၇ ရာခိုင်နှုန်းရှိသည်။ ယခင်ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်နှင့် ဆက်နွယ်သော ရောဂါဖြစ်ပွားမှု ၂၆.၁ ရာနှုန်းနှင့်နှိုင်းယှဉ်လျှင် သီတင်းနှစ်ပတ်အတွင်း ၂-ဆနီးပါး တိုးမြင့်လာခြင်းဖြစ်သည်။

…  
ဒဲလ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုကို ပြည်နယ် ၅၀ စလုံးတွင် ကာကွယ်ဆေးထိုးခံထားခြင်းမရှိသော လူ့အသိုင်းအဝိုင်းတို့နေထိုင်ရာနယ်မြေများတွင်သာမက အိုင်အိုဝါ၊ ကင်းဆတ်နှင့် မစ်ဆူရီကဲ့သို့ ကာကွယ်ဆေး ထိုးနှံမှု နောက်ကျခဲ့သည့် ပြည်နယ်များ၌ ရောဂါဖြစ်ပွားမှုအသစ်များ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဒဲလ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်သည်။

…  
ဗီဇပြောင်းဗိုင်းရပ်ပျံ့နှံ့မှု များပြားလာသည်နှင့်အမျှ ယခုရက်သတ္တပတ် စောစောပိုင်းတွင် အမေရိကန်ပြည်နယ်အားလုံး၏ ထက်ဝက်ခန့်၌ COVID-19 ရောဂါဖြစ်ပွားမှု တိုးမြင့်လာသည်ကို ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များတွင် တွေ့မြင်ရသည်။ သို့သော် ရောဂါကူးစက်မှုတိုးပွားလာသည့် ဒေသများမှာ ကာကွယ်ဆေးထိုးထားခြင်းမရှိသည့် လူအသိုင်းအဝိုင်းများနေထိုင်ရာဒေသတို့သာလျှင် မဟုတ်ချေ။

…   
အသက် ၁၆-နှစ်နှင့်အထက် နေထိုင်သူများ၏ ၆၀ ရာခိုင်နှုန်းကို အပြည့်အဝကာကွယ်ဆေးထိုးနှံထားသည့် လော့စ်အိန်ဂျယ်လိစ်ကောင်တီ၌ ကူးစက်မှုအသစ်များ တွေ့ရှိခြင်းမှာ အများဆုံးဖြစ်နေသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အဆိုပါကောင်တီတစ်ခုတည်း၌ပင် ကူးစက်ခံရသူ ၈၃၉-ဦး ထပ်မံတွေ့ရှိပြီး ၁၆၅% တိုးလာခြင်းဖြစ်သည်။

…  
ထို့အပြင် ပျမ်းမျှရောဂါဖြစ်ပွားမှုနှုန်းမှာ လူ၁-သိန်းလျှင် ၁.၇၄-ဦးမှ ၃.၅-ဦး အထိ တိုးလာသည်။ ကောက်ယူရရှိခဲ့သည့် နမူနာအားလုံး၏ ၅၄ ရာနှုန်းမှာ ဒဲလ်တာမျိုးကွဲ၏ ဗီဇမျိုးဆက်အစီအစဉ်မှ ဆင်းသက်သည့် ဗိုင်းရပ်စ်များဖြစ်သည်။

…   
နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု ပထမဆုံး ဗဟိုချက်ဖြစ်ခဲ့ဖူးသော နယူးယောက်မြို့သည် ယခုအခါတွင်လည်း အလားအလားတူ အခြေအနေမျိုးကို ဖြစ်လာမည့် အလားအလာကို တွေ့မြင်နေရသည်။

…  
ဆိုလိုသည်မှာ ယခုအခါ ဒဲလ်တာဗီဇပြောင်းမျိုးကွဲသည် နယူးယောက်မြို့တွင် ပထမဆုံးဖြစ်ပွားခဲ့သည့် အိုင်အိုတာမျိုးကွဲနှင့် ဘရာဇီးလ် ဂမ်မာမျိုးကွဲတို့၏ ကူးစက်မှုအရေအတွက်ကို ကျော်လွန်ကာ ဒုတိယအများဆုံး ကူးစက်စေသည့် ဗိုင်းရပ်စ်အသွင်ဖြစ်လာနေပြီး လာမည့်ရက်သတ္တပတ်၌ အယ်လ်ဖာမျိုးကွဲကိုပါ ထပ်မံကျော်လွန် သွားဖွယ်ရှိသည်။

…  
လွန်ခဲ့သည့်လ နယူးယောက်တွင် Mask ဝတ်ဆင်ရန်နှင့် လူချင်းနီးကပ်မှုကန့်သတ်ခြင်း စသည့် တားမြစ်ချက်အားလုံးကို ရုတ်သိမ်းပြီးနောက် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးစီးသောအရွယ်ရောက်သူများ၏ ၇၀%တွင် ကူးစက်ခံရမှုများ ထပ်မံတွေ့ရှိရသည်။

…  
ယခုကဲ့သို့ တိုးလာခြင်းသည် နိုင်ငံအတွင်း ကာကွယ်ဆေး ထိုးနှံခြင်း မပြုရေသေးသည့် အစုအဖွဲ့တို့၌ အဆမတန်များပြားသည့် အဆင့်သို့ မရောက်သေးသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးကာကွယ်ရေး ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် ဆေးထိုးနှံပြီးသူများ၌လည်း ကူးစက်မှုဖြစ်ပွားကြောင်း တွေ့ရှိရသည်။

…  
အမေရိကန်၌ ကာကွယ်ဆေးထိုနှံပြီးသူများတွင် ရောဂါလက္ခဏာ တွေ့ရှိမှသာ ပိုးစစ်ဆေးစေသည့် CDC ၏ လမ်းညွှန်ချက်မှာ ဒဲလ်တာမျိုးကွဲကူးစက်မှုအတွဲကို ကွင်းဆက်ပြတ်လျှက်ရှိကြောင်း ဒေါက်တာ ခရစ်စတိုဖာမော်ရေးက ရှင်းပြသည်။

…  
ကာကွယ်ဆေး ကြိမ်ရေပြည့် ထိုးနှံပြီးသူများအနေဖြင့် ဗိုင်းရပ်စ်အပေါ် ခုခံအားထပ်မံမြှင့်တင်စေရန် ကာကွယ်ဆေး ကြိမ်ရေပမာဏတစ်ခုကို တတိယအကြိမ်အဖြစ် အရေးပေါ်ထိုးနှံသင့်သည်ဟု ကြိုတင်အကြောင်းကြားခြင်း မရှိပဲ Pfizer ဆေးဝါးကုမ္ပဏီက သတိပေးချက်ထုတ်ပြန်သည်ကို တွေ့ရှိရကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ခုခံအား ထပ်မံမြှင့်တင်ရေး ဆေးထိုးနှံပေးရေးအတွက် အမေရိကန်ကျန်းမာရေးအေဂျင်စီများ၏ အကြံပြုချက်တို့ကို အလေးထားလျှက်ရှိစဉ် ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ Pfizer အနေဖြင့် ကိုယ်ပိုင်သုတေသနများ ပြုလုပ်လျှက်ရှိပြီး နောက်ဆုံးတွေ့ရှိချက်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လောလောဆယ် အမေရိကန်တွင် ခုခံအား ထပ်မံမြှင့်တင်ရေး ဆေးထိုးနှံပေးရန်အတွက် အဆောတလျှင် လိုအပ်သည်ဟု မယူဆကြောင်း အိမ်ဖြူတော်၏ COVID-19 ရောဂါဆိုင်ရာအကြံပေး အဖွဲ့ခေါင်းဆောင် အန်သိုနီဖောချီက CNN နှင့် တွေ့ဆုံစဉ် ပြောဆိုသည်ဟု Guardian ယနေ့ရေးသားသည်။

…   
အဆိုပါသတင်းကို Russia Today (July 10,2021)ကရေးသားရာတွင် အလျှင်စလို သတင်းထုတ်ပြန်မိသည့်အတွက် Pfizer ဆေးဝါးကုမ္ပဏီက တောင်းပန်ကြောင်း ဖော်ပြသည်။

သို့သော် တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးသူများအား ဗိုင်းရပ်စ်ခုခံအား ထပ်မံမြှင့်တင်ရေးအတွက် လာမည့်နှစ်တရုတ်နှစ်သစ်ကူးကာလတွင် ဆေးထိုးနှံပေးရေး စတင်မည်ဖြစ်ကြောင်း ပေကျင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်ဟု Straits Times(July 09,2021) က ရေးသားသည်။

…  
(( အမေရိကန်တွင် ယခုကဲ့သို့ဖြစ်ရသည်မှာ Pfizer ကာကွယ်ဆေး၏ စွမ်းရည်နိမ့်ပါးခြင်းကြောင့် လုံးဝမဟုတ်ပါ။ ကမ္ဘာတွင် လူ ၁၀၀ ထိုးနှံလျှင် ၁၀၀ လုံး ကာကွယ်နိုင်သည့် ဆေးဟူ၍လည်း လုံးဝမရှိပါ။ ကာကွယ်ဆေး ထိုးနှံပြီးသော်ငြား ကူးစက်ခံရခြင်း ဖြစ်နိုင်သော်လည်း အရေအတွက် အလွန်နည်းပါးပါသည်။ ကူးစက်ခံရလျှင် လည်း ဆေးရုံတင်ရသူ နည်းပြီး ဆေးရုံတင်ရလျှင်လည်း သေဆုံးရသူ အလွန်နည်းပါးသည်။

…  
ဗြီတိန်နိုင်ငံသုတေသနပြု ချက်များအရ Pfizer သည် ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကို ၈၈% ကာကွယ်နိုင်ပြီး ယခင်မျိုးကွဲများအပေါ် ၉၅%ထိရောက်ကြောင်း တွေ့ရှိရသည်။

…  
အမေရိကန်သည် ကမ္ဘာ့ကာကွယ်ဆေး အများဆုံးထိုးနှံပေးနိုင်သည့် နိုင်ငံများစာရင်းတွင် ပါဝင်သော်လည်း လူဦးရေ သန်း ၃၃၀ ခန့်နေထိုင်သည့်တိုင်းပြည်တွင် အပြည့်အဝကာကွယ်ဆေးထိုးနှံပေးနိုင်သည့် ပမာဏမှာ သတ်မှတ်လူဦးရေ၏ ၄၇.၄% သာရှိပြီး အနည်းဆုံးတစ်ကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၅% ရှိနေသည်။ ဆိုလိုသည်မှာ သတ်မှတ်ဦးရေ၏ ထက်ဝက်နီးပါးမှာ ကာကွယ်ဆေး ထိုးနှံရခြင်း မရှိသေးပါ။

…  
ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသော မြန်မာအပါအဝင် ကမ္ဘာအရပ်ရပ်တွင် ယခုထိကာကွယ်ဆေးထိုးနှံသည့် စံနစ်မှာ ကာယကံရှင်၏ ဆန္ဒအလျှောက်သာဖြစ်ပြီး မထိုးလျှင် အရေးယူသည့် ဥပဒေ မရှိပါ။ သို့သော် ကပ်ရောဂါ ကာလရှည်ကြာလေ ဗိုင်းရပ်စ်မှာ ဗီဇပြောင်းမျိုးကွဲလေနှင့် သံသရာ မဆုံးနိုင်ပဲ ဖျားနာသေပျောက်ဦးရေမှာ များပြားလာမည်သာဖြစ်သည်။

…  
အမေရိကန်နှင့် အနောက်နိုင်ငံကြီးများက ကမ္ဘာ့ကြီး လိုအပ်သလောက် ကာကွယ်ဆေးအသာထား၍ ၎င်းတို့လိုအပ်သလောက်ပင် အလျှဉ်မီအောင် မထုတ်နိုင်သေးပါ။ ထိုအတွက် ရသမျှကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံကြရန် WHO က ဆော်သြလျှက်ရှိသည်။

…  
ဤတွင် #မည်သည့်ကာကွယ်ဆေးမှ_ထိုးမည်၊ #မည်သည့်အချိန်ရောက်မှ အထိုးခံမည်ဆိုခြင်းမှာ #ကာယကံရှင်၏_ရွေးချယ်မှုအတိုင်းသာ ဖြစ်သည်။ 

ကမ္ဘာ့ လူသား ၄-သန်းခန့်ကို အသေသတ်ခဲ့ပြီး သန်း ၁၄၀ ကို ဖျားနာစေခဲ့သည် SARS-CoV-2 ဗိုင်းရပ်စ်သည် အနီ၊ အစိမ်း၊ အဝါ၊ အပြာဟူ၍ မသိပါ။ လူမျိုး-ဘာသာ ကျား-မ အသက်အရွယ်မရွေး စာနာထောက်ထားရန် စိတ်ဝိဉာဉ်ရှိသော သတ္တဝါလည်း မဟုတ်ပါ။ 

ဥစ္စာကို ကံစောင့်၍ အသက်ကို ဉာဏ်စောင့်သည်ဟူသော စကားနှင့်အညီ #အသိဆင်ခြင်တုံတရားမဲ့သူတို့ကို #လောကကြီးမှ အပြီးတိုင်ဖယ်ရှားပစ်ရန်ကိုမူ #ဗိုင်းရပ်စ်မျိုးကွဲတို့က_အသင့်စောင့်မျှော်နေပါသည်။     ။ သတင်းဘာသာပြန်သူ))

#အမေရိကန်တွင်ဒဲလ်တာဗီဇပြောင်းဗိုင်းရပ်ပျံ့နှံ့ #အန်သိုနီဖောချီ #Pfizer

((( Daily Mail., 9 July 2021,” Health expert says there is ‘no doubt in my mind’ that VACCINATED Americans are helping spread the Indian ‘Delta’ variant as Los Angeles and New York City see cases surge by up to 165%.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dailymail.co.uk/health/article-9773047/Health-expert-says-vaccinated-Americans-helping-spread-Indian-Delta-variant.html
https://www.theguardian.com/us-news/2021/jul/11/anthony-fauci-covid-booster-shot-vaccinated-americans
https://www.rt.com/usa/528865-fauci-pfizer-vaccine-booster/
https://www.straitstimes.com/singapore/health/booster-shots-against-covid-19-may-begin-around-chinese-new-year-if-needed-ong-ye
https://ourworldindata.org/covid-vaccinations 

Leave a Reply

Your email address will not be published.