ဒုံးလက်နက်ပစ်လွှတ်ခြင်းကြောင့် ပြာယာခတ်လျှက်ရှိစဉ် အဆင့်မြှင့်တင်ထားသော နည်းဗျူ မြောက်ဒုံးကျည်သစ်ကို ထပ်မံစမ်းသပ်ပစ်လွှတ်ကြောင်း မြောက်ကိုရီးယားကြေညာ။ သမ္မတဘိုင်ဒင်၏ ပထမဆုံးအကြိမ် မီဒီယာတွေ့ဆုံပွဲနှင့် ချိန်ကိုက်၍ ဒုံးကျည်ပစ်လွှတ်ပုံရ။


ကြာသပတေးနေ့တွင် မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ်လိုက်ပြန်ရာ ရက်သတ္တတစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ပစ်လွှတ်ခြင်းဖြစ်သည်။ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဟု တောင်ကိုရီးယားနှင့် ဂျပန်စစ်ဘက်တို့က ယခင်ဖော်ပြခဲ့ကြသော ဒုံးလက်နက်မှာ အဆင့်မြှင့်တင်ထားသည့် နည်းဗျူဟာမြောက်ဒုံးကျည်ဖြစ်ကြောင်း မြောက်ကိုရီယားက ကြေညာသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

…  
လောင်စာခဲသုံး အင်ဂျင်များနှင့် ၂.၅ တန်ထက် ပိုလေးသော ထိပ်ဖူးများသယ်ဆောင်နိုင်သည့် ဒုံးလက်နက်များ၏ စွမ်းရည်ကို သိရှိနိုင်ရန် ကြာသပတေးနေ့တွင် လက်နက်စမ်းသပ်မှု ၂-ခု ပြုလုပ်ခဲ့ကြောင်း၊ မြောက်ကိုရီးယားအစိုးရပိုင် KNCA သတင်းဌာနက ကြေညာသည်။

…   
#မြောက်ကိုရီးယား_အာဏာရပြည်သူ့အလုပ်သမားပါတီ၏ နိုင်ငံရေးဗြူရိုအဖွဲ့ဝင် ယီပြောင်ချို ကြီးကြပ်သည့် အဆိုပါဒုံးကျည်များသည် ကိုရီးယားအရှေ့ဘက်ကမ်းခြေမှ မိုင် ၃၇၀-ခန့်အကွာ ပစ်မှတ်တို့အား ကောင်းစွာထိမှန်သည်ကို တွေ့ရှိရကြောင်း သတင်း၌ ဖော်ပြသည်။

…  
မြောက်ကိုရီးယား တောင်ပိုင်း ဟန်ဂျောင်း ပြည်နယ်မှ ပစ်လွှတ်သည်ဟု သတင်းရရှိသော ဒုံးကျည်များသည် ဂျပန်ပင်လယ်အတွင်း မကျရောက်မီ မိုင် ၂၈၀ ခန့် အကွာအဝေးကို ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားတပ်မတော်၏ ကနဦး ခန့်မှန်းချက်များ၌ ပါရှိသည်။

…  
လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်နိုင်ငံတို့အကြား #Yellow_Sea #ပင်လယ်ဝါသို့ #တာတိုပစ်_ခရုဇ်ဒုံးကျည် ၂-စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ထိုမှ ၄-ရက်အကြာ ကြာသပတေးနေ့တွင် ယခုကဲ့သို့ ထပ်မံပစ်လွှတ်ခြင်းဖြစ်သည်။

…   
မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် ခရုဇ်ဒုံးကျည်ပစ်လွှတ်ခြင်းကို အတိအလင်းတားမြစ်ထားခြင်းမရှိသော်လည်း ပဲ့ထိန်းဒုံးကျည်များစမ်းသပ်ခြင်းကိုမူ တားမြစ်ထားသည်။ ခရုဇ်ဒုံးပျံများသည် ဈေးသက်သာ၍ ပြောင်းရွှေ့နိုင်ခြင်း၊ ဘက်စုံအသုံးပြုနိုင်ခြင်းစသည့် အားသာချက်များရှိသည်။ သို့သော် ကိုယ်တိုင်တွန်းကန်အားဖြင့် နှိုင်းရအဖြောင့်အတိုင်း အနိမ့်ပျံသန်းသည်။ #ပဲ့ထိန်းဒုံးကျည်တို့တွင်မူ ပျံသန်းလမ်းကြောင်းတလျောက် အများစုကို ထိန်းချုပ်ပစ်လွှတ်နိုင်ခြင်း၊ ပျံသန်းချိန် တိုတောင်းသဖြင့် ကြားဖြတ် ဟန့်တားရန် ခက်ခဲတို့ကြောင့် ပိုမိုအန္တရာယ်ပေးနိုင်သည်။

…   
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်မှုအသစ်ပြုလုပ်ကြောင်း အတည်ပြုပြီး များမကြာမီ အထီးကျန်နိုင်ငံ၏ စွမ်းရည်တိုးမြှင့်ထားသော ဒုံးကျည်စမ်းသပ်မှုသည် ဒေသတွင်း မတည်မငြိမ်ဖြစ်စေကြောင်း၊ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းတို့အပေါ် ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက သတင်းထုတ်ပြန်သည်။ 

…  
မြောက်ကိုရီးယားတို့၏ အမှတ်မထင် ဒုံးကျည်ပစ်လွှတ်မှုသည် အမေရိကန်နိုင်ငံတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်း သမ္မတဂျိုးဘိုင်ဒင်၏ ပထမဆုံးအကြိမ် မီဒီယာတွေ့ဆုံပွဲနှင့် ချိန်ကိုက်တိုက်ဆိုင် ပစ်လွှတ်ကြောင်း မှန်းဆရသည်။ နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုနှင့် ပတ်သက်၍ #တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး ထံမှ အချက်အလက်များသိရှိခဲ့ရသော တောင်ကိုရီးယားလွှတ်တော်အမတ်များက #ယွန်ဟတ်သတင်းအေဂျင်စီသို့ ပြောကြားရာတွင် ဘိုင်ဒင်၏ မီဒီယာတွေ့ဆုံပွဲသည် မြောက်ကိုရီးယား၏ လတ်တလောဒုံးကျည်ပစ်လွှတ်ခြင်းများနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေ အကြောင်းပြချက်တစ်ခုဟု မှတ်ယူရကြောင်း ရှင်းပြသည်။

…   
ယခုလစောစောပိုင်း၌ မြောက်ကိုရီးယားက တရားဝင်သတင်းထုတ်ပြန်ရာတွင် ဂျိုးဘိုင်ဒင်၏ အမေရိကန်အစိုးရသစ်အနေဖြင့် ပြုံယမ်းအပေါ် ရန်လိုထိုးနှက်သည့်မူဝါဒများကို မစွန့်လွှတ်မချင်း မည်သည့်အဆက်အသွယ်မျှ ပြု လုပ်မည်မဟုတ်ကြောင်း အတိအလင်း ဖော်ပြထားသည်။ အမေရိကန်အရာရှိများသည် အပေါစားလှည့်ကွက် များနှှင့် မြောက်ကိုရီးယားနိုင်ငံတော်အား (အလုံးစုံပျက်သုဉ်းရလိမ့်မည်ဟု) ခြိမ်းခြောက်ရာရောက်သော အရူးသီအိုရီများ စွဲကိုင်ကာ အကြိမ်ကြိမ်ချဉ်းကပ်လျှက်ရှိကြောင်း #မြောက်ကိုရီးယားနိုင်ငံခြားရာ ပထမလက် ထောက်ဝန်ကြီး ချိုဆန်ဟွီက ထပ်လောင်း ပြောဆိုသည်။

(( လွန်ခဲ့သည့် တနင်္ဂနွေနေ့ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုသည် တာတိုပစ်လက်နက်သာဖြစ်ပြီး၊ UNSC ၏ ကန့်သတ်ချက်ကို ချိုးဖောက်မရောက်၊ ထို့ကြောင့် လူသိရှင်ကြားတုန့်ပြန်နေစရာမလိုကြောင်း အမေရိကန်အစိုးရထိပ်တန်းအရာရှိကြီးများက မှတ်ချက်ပြုခဲ့သည်။ ယခင် မြောက်ကိုရီးယားထံမှ အမြောက်သံတစ်ချက်ကြားရလျှင်ပင် သည်းသည်းလှုပ်လေ့ရှိသော အမေရိကန်၏ ယခုတစ်ကြိမ် နှုတ်ထွက်စကားမှာ တောင်ကိုရီးယားနှင့် ဂျပန်အတွက် အားတက်ဖွယ် မရှိချေ။

…  
ပထမအကြိမ်တွင် အနောက်ဘက် ပင်လယ်ဝါသို့ ဒုံးကျည်ပစ်လွှတ်ခဲ့သော ကင်ဂျုံအန်းသည် လေးရက်အကြာ တွင် အရှေ့ဘက် ဂျပန်ပင်လယ်သို့ ထပ်မံ၍ ဒုံးကျည်ပစ်လွှတ်ပြန်သည်။

…  
စစ်ပွဲတို့တွင် စစ်စီးပွားရေးနောက်ခံတောင့်တင်းခြင်းမှာ အသက်သွေးကြောဖြစ်၍ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံချည့်သက်သက် စစ်တိုက်ကြလျှင်ပင် အနိုင်/အရှုံး အဖြေထွက်ရန် နှစ်ချီကြာနိုင်သည်။ ထိုအတောအတွင်း ကိုရီးယားနှစ်နိုင်ငံစလုံးနှင့် ဂျပန်ပါ နျူကလီယာစစ်တလင်းဖြစ်-မဖြစ် မည်သူမျှ အာမ မခံနိုင်ပါ။

…  
အမေရိကန်နှင့် သူ၏ ကနေဒါ-ဗြိတိန်-ဥရောပ-သြစတြေးလျစသည့် ကိုလူချောများအဖွဲ့အတွက် လတ်တလော တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်ရေးတိုးချဲ့လာခြင်း၊ ထိုင်ဝမ်အား တရုတ်က စစ်ရေးခြိမ်းခြောက်ခြင်း၊ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်းမကျန် တရုတ်က သြဇာလွှမ်းမိုးရန် ပြသလာခြင်းတို့မှာ ပထမဦးစားပေးရမည့် ပြဿနာဖြစ်သည်။ ထိုစဉ် သခွတ်ပင်က မီးတကျည်ကျည်လုပ်နေသည့် ကင်ဂျုံအန်းသက်သက်ချည့်ဆိုလျှင် လစ်ဗျား ကဒါဖီနှင့် အီရတ် ဆဒမ်ဟူစိန်တို့လို ပညာပေးရန် မခဲယဉ်းလှပါ။

…  
သို့သော် ကင်ဂျုံအန်းသည် ကဒါဖီ-ဆဒမ်ဟူစိန်တို့ကဲ့သို့မဟုတ် မြောက်ကိုရီးယားသည်လည်း လစ်ဗျား-အီရတ်တို့နှင့် မတူချေ။

…  
မိမိ၏ ရာထူးသက်တမ်းတစ်လျှောက် စိတ်မချမ်းမြေ့စရာ နောင်တအရဆုံး အမှားမှာ လစ်ဗျားအပေါ် စစ်ရေးအရ R2P စွက်ဖက်မိခြင်းဖြစ်သည်ဟု #သမ္မတဟောင်း_အိုဘားမားက ဆိုပါသည်။ ထိုစဉ်က ယခု ဂျိုးဘိုင်ဒင်သည် ဒုတိယသမ္မတ၊ #နိုင်ငံခြားရေးဝန်ကြီး_အန်သိုနီဘလင်ကင်က အမျိုးသားလုံခြုံ ရေးအကြံပေးဖြစ်ခဲ့သည်။

…   
လစ်ဗျားနိုင်ငံ ပြိုကွဲသွားရခြင်းကို ကြည့်၍ နိုင်ငံခေါင်းဆောင်ဆိုသူတို့မှာလည်း သာမန်ထီးထမ်းလမ်းလျှောက်တို့နှင့်မခြား ခပ်ပေါက်ပေါက်လုပ်တတ်ပါကလားဟု နားလည်သွားကြသော ကိုလူချောတို့အဖွဲ့မှ ပြည်သူတို့သည် အိုဘားမားနှင့်အတူ R2P ခဲ့သော ၎င်းတို့နိုင်ငံအသီးသီးမှ နိုင်ငံရေးသမားအတော်များများတို့ကို ရာသက်ပန် မဲမထည့်ကြတော့ချေ။     ။ သတင်းဘာသာပြန်သူ))

…  
(((Russia Today., 25 Mar, 2021,” Pyongyang says it fired NEW tactical guided missile as it ramps up testing with flurry of launches.” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#မြောက်ကိုရီးယားဒုံးကျည်ထပ်မံပစ်လွှတ်

..
https://www.rt.com/news/519214-missile-launch-guided-tactical/
https://en.yna.co.kr/view/AEN20210324000853325
https://global.chinadaily.com.cn/a/202103/24/WS605ac47aa31024ad0bab14a6.html
https://www.rt.com/usa/519160-biden-press-conference-live/
https://www.rt.com/news/519093-missle-launch-north-korea/ 

0

Leave a Reply

Your email address will not be published.