နယူးယောက်ခ် အသုဘရှုခန်းမအနီး ထရပ်ကားများပေါ်မှ လူသေအလောင်းများတွေ့ရှိရ။ အနံ့ဆိုးများကြောင့် အနီးအနားနေထိုင်သူများ တိုင်ကြားရာမှ ပုပ်ပွနေသော ရုပ်အလောင်းများ တွေ့ရှိဟုဆို

အမေရိကန် နယူးယောက်မြို့တော်တွင် အသုဘရှု့ခန်းမတစ်ခုအနီးအနားနေထိုင်သူများက ဆိုးရွားသောအပုပ်နံံ့များရရှိသည်ဟု တိုင်ကြားရာမှ အအေးခန်းမပါသော ထရပ်ကားများအတွင်း သီတင်းပတ်များစွာကြာမြင့်နေသော လူသေအလောင်းများစွာတို့ကို ရှာဖွေတွေ့ရှိခဲ့ရသည်ဟု AFP ၏ ရေးသားချက်ကို Russia Today က ယမန်နေ့ ကူးယူဖော်ပြသည်။


ဘရွတ်ကလင်၏ ဖလက်လန်းဒ်ရပ်ကွက်အတွင်းနေထိုင်သူများသည် အနံ့ဆိုးများအား လျစ်လျု့ရှု့ရန်ကြိုးစားခဲ့ကြသည်။ သို့သော် ဗုဒ္ဓဟူးနေ့တွင် အင်ဒရူးတီကလပ်လေး အသုဘရှု့ခန်းမအနီး အအေးခန်းမပါသော ထရပ်ကားများအတွင်း ပုပ်ပွနေသော ရုပ်အလောင်း ၅၀ ကို တွေ့ရှိပြီးနောက် အသေးစိတ်စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များအား ခေါ်ယူခဲ့သည်။ အချို့သော အနီးအနားနေထိုင်သူတို့ကမူ ရက်သတ္တပတ်များစွာကြာအောင် အနံဆိုးများကို သတိမထားမိခဲ့ကြောင်း မီဒီယာများသို့ ပြောဆိုသည်။


ဈာပနလုပ်သားများသည် အလောင်းများကို တစ်လောင်းပြီး တစ်လောင်း ချနေကြစဉ် သွေးများ ယိုစီးထွက်နေသည်ကို တွေ့မြင်ရကြောင်း၊ ခန်းမကြမ်းပြင်တစ်လျှောက် အလောင်းများပြည့်လျှက်ရှိပြီး လုပ်သားအချို့မှာ လက်အိတ်နှင့် မျက်နှာဖုံးဝတ်ဆင်ထားခြင်းမရှိကြောင်း အိမ်နီးချင်းတစ်ဦးက CBS သတင်းဌာနသို့ ပြောကြားသည်။


ဘရွတ်ကလင်မြို့တော်ဥက္ကဌ အဲရစ်အဒမ်ကမူ ၎င်းအနေဖြင့် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် အခင်းဖြစ် အသုဘရှုရိပ်သာသို့ ရာဇဝတ်မှုခင်းနှင့် မည်သို့ပတ်သက်သည်ကို ကြည့်ရှု့ရန် ရောက်ရှိခဲ့ကြောင်း၊ ၎င်းရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ထားပြီး ထရပ်ကားများကို စစ်ဆေးလျှက်ရှိကြောင်း၊ ထရပ်ကားများသည် မူလက ရုပ်အလောင်းအပြည့်နှင့် ဖြစ်ပုံရပြီး U-Hauk အလောင်းတင်ယာဉ်များအား ဖြည့်စွက်အသုံးပြုန်ကြိုးစားလျှက်ရှိကြောင်း၊ သက်ဆိုင်သူ ဆွေမျိုးသားချင်းတို့အတွက် စိတ်မချမ်းမြေ့စရာဖြစ်ရကြောင်း ဆက်လက်ပြောဆိုသည်။


အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်မြို့တော်သည် Covid-19 ကူးစက်ကပ်ရောဂါ၏ ထိုးနှက်မှုကို အဆိုးရွားဆုံးခံစားရသည့် နယ်မြေဖြစ်ခဲ့ပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မှတ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၆၄,ဝဝ၀ ကျော်နှင့် သေဆုံးသူ ၁၈,ဝဝ၀ ခန့်ရှိနေသည်။ သေဆုံးသူများပြားလွန်းသဖြင့် အချိန်တိုအတွင်းမှာပင် မြို့တော်ရေခဲတိုက်နှင့် အသုဘရှုခန်းမများမှာ ရုပ်အလောင်းများအား ထားသိုရန် နေရာမရှိတော့ချေ။ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ (FEMA) က ရေခဲခန်းပါ အလောင်းတင်ယာဉ်များ ထောက်ပံ့ပေးသော်လည်း အချို့သောအဆောက်အအုံများတွင် လူသေအလောင်းများပြည့်နှက်၍ မနိုင်မနင်း ဖြစ်ခဲ့ရသည်။


အသုဘရှုခန်းမပိုင်ရှင်က ပြောကြားရာတွင် အလောင်းများ စုပြုံရောက်လာသည့်အတွက် ၎င်းအနေဖြင့် ထရပ်ကားများပေါ်တွင် ရေခဲများဖုံးအုပ်၍ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြေရှင်းသော်လည်း အရာမထင်ခဲ့ကြောင်း ရှင်းပြသည်။ ခန်းမပိုင်ရှင်အား မသင့်လျှော်သောနည်းလမ်းဖြင့် သိုလှောင်ထားရှိမှု အကြောင်းပြချက် ၂-ခုဖြင့် ဒါဏ်ငွေ ပေးဆောင်စေသော်လည်း တရားစွဲဆိုခြင်းမရှိကြောင်း သိရှိရသည်။


ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရုပ်အလောင်းအားလုံးကို အအေးခန်းခန်းပါယာဉ်များသို့ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။ သို့သော် အလောင်းအရေအတွက်၊ Covid-19 ရောဂါကြောင့် သေဆုံးသူများ ဟုတ်-မဟုတ်နှင့် အခြားမေးခွန်းများကို ဖြေဆိုရန် ငြင်းပယ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြင့် သည်အမေရိကန်ပြည်ထောင်စုတွင်လူပေါင်း ၆၀,ဝဝဝ ကျော်အသက်ဆုံးရှုံးခဲ့ပြီး ယခုရက်သတ္တပတ်စောစောပိုင်း၌ နိုင်ငံတစ်ဝှမ်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁-သန်းကျော်ရှိနေခြင်းမှာ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်လာခဲ့သည်။


ဖက်ဒရယ်ကျန်းမာရေးအရာရှိများအနေဖြင့် ကူးစက်ရောဂါ ဆိုးရွားစွာကျရောက်လျှက်ရှိသည့် နယ်မြေများတွင် သေဆုံးသူ ဦးရေကျဆင်းလျှက်ရှိခြင်းကို ထောက်ပြကြသော်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက်မှာ နေ့စဉ် ထောင်ချီ တွေ့မြင်နေရဆဲဖြစ်သည်။

((( Russia Today., 30 Apr, 2020 , “‘The smell was overwhelming’: DOZENS of decomposing corpses found in non-refrigerated trucks at New York funeral home.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


https://www.rt.com/usa/487306-brooklyn-decomposing-bodies-trucks/

#ကိုရိုနာဗိုင်းရပ်စ်အသုဘရှုခန်းမအနီးထရပ်ကားများပေါ်မှလူသေအလောင်းများတွေ့ရှိရ #အနံ့ဆိုးများကြောင့်အနီးအနားနေထိုင်သူများတိုင်ကြားရာမှပုပ်ပွနေသောရုပ်အလောင်းများတွေ့ရှိ

1+

Leave a Reply

Your email address will not be published.