နာဂေါ်နိုကာရာဘတ် အပစ်အခတ်ရပ်စဲရေး နာရီအနည်းငယ်အကြာ၌ သဘောတူညီချက် ချိုးဖောက်သည်ဟု အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ အပြန်အလှန်စွပ်စွဲ။ စောစောပိုင်း ရုရှားကြားဝင်မှုဖြင့် အပစ်အခတ်ရပ်စဲရေးမှာ ရန်လိုမုန်းတီးစိတ်ကို ရပ်တန့်နိုင်ခြင်းမရှိ

  
အဇာဘိုင်ဂျန်နိုင်ငံအတွင်း အာမေးနီးယားလူမျိုးအချို့ နေထိုင်ရာ နာဂေါ်နိုကာရာဘတ်ဒေသ၌ စနေနေ့က ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ နာရီအနည်းငယ်မျှအကြာ၌ စည်းမျဉ်းချိုးဖောက်သည်ဟု နှစ်နိုင်ငံတို့က အပြန်အလှန်စွပ်စွဲလျှက်ရှိစဉ် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် အိမ်နီးချင်းနှစ်နိုင်ငံအကြား စစ်မီးတောက်လောင်မှု၌ လူပေါင်းရာချီ သေဆုံးခဲ့ပြီးဖြစ်သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
နှစ်ဖက်အပြန်အလှန်စွပ်စွဲချက်များမှာ တနင်္ဂနွေနေ့တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး စနေနေ့ ဒေသစံတော်ချိန် ညသန်းခေါင် ( ဂရင်းနစ်စံတော်ချိန် ၂၀း၀၀ နာရီ ) မှ စတင်၍ အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း နှစ်နိုင်ငံအသီးသီးကြေညာအပြီး နာရီအနည်းငယ်အကြာ၌ဖြစ်သည်ဟု သိရှိရသည်။ ၎င်းတို့သိမ်းယူထားသည့် ဂျဘရာယီလ်မြို့အနီးတစ်ဝှိုက်မှာ တစ်ဖက်နိုင်ငံက အမြောက်ကြီးများဖြင့် ရန်လိုမုန်းတီးစွာ ပစ်ခတ်ခြင်းခံကြောင်း အဇာဘိုင်ဂျန်က သတင်းထုတ်ပြန်သည်။ အာမေးနီးယားက သတင်းထုတ်ပြန်ရာတွင် အဇာဘိုင်ဂျန်တို့သည် ရော့ကက်-အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အချက်အချာကျသောနေရာများသို့ ဝင်ရောက်တပ်စွဲခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးကို နှစ်ကြိမ်တိုင် ချိုးဖောက်ကြောင်း ဖော်ပြထားသည်။ 

  
သမ္မတနိုင်ငံဖြစ်ကြောင်း တစ်ဖက်သပ်ကြေညာခဲ့သည့် နာဂေါ်နိုကာရာဘတ်၏ အာဏာပိုင်များအဖြစ် အများမှတ်ယူထားကြသူများကမူ ရှေ့တန်းမျဉ်းနယ်မြေတစ်လျှောက် စစ်မက်တိုက်ခိုက်ခြင်းများကို ရပ်တန့်ထားစဉ် အချို့ နေရာများ၌ အဇာဘိုင်ဂျန်တပ်များက ကာရာဘတ်၏ ကာကွယ်ရေးအင်အားကို သွေးတိုးစမ်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ နှစ်ဖက်စလုံး၏ သတင်းထုတ်ပြန်ချက်တွင် ထိခိုက်သေဆုံးမှုများဖြစ်ပွားကြောင်း ပါရှိသည်ဆို၏။ 

  
ယခုလစောစောပိုင်းတွင် ရုရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် သေဆုံးသူတို့၏ ရုပ်အလောင်းများနှင့် အကျဉ်းသားချင်း လဲလှယ်ကြရန် ရည်ရွယ်ခဲ့ချက်မှာ နှစ်ဖက်အကြား ပြင်းထန်သော ရန်လိုမုန်းတီးစိတ်ကို ရပ်တန့်နိုင်ခြင်း မရှိချေ။

  
နိုင်ငံတကာကြက်ခြေနီကော်မတီ၏ အကူအညီဖြင့် စစ်မြေပြင်မှ ဒါဏ်ရာရရှိထားသူများအား ကယ်ထုတ်မည့် အဇာဘိုင်ဂျန်၏အဆိုပြုချက်ကို ပယ်ချလိုက်ကြောင်း အာမေးနီးယားက တနင်္ဂနွေ ( ယနေ့ ) ကြေညာသည်။

  
နာဂေါ်နိုကာရာဘတ်ဒေသတွင် စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်များမှ စတင်ကာ အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာခဲ့သည်။ လက်ရှိဖြစ်ပွားေသော ပဋိပက္ခမှာ အာမေးနီးယား၏ အကူအညီဖြင့် အဇာဘိုင်အား အံတုတိုက်ခိုက်နေသည့် အာမေးနီးယန်းလူမျိုးအများစုနေထိုင်ရာ နာဂေါ်နိုကာရာဘတ်ဒေသ၌ ၁၉၉၀ -ခုနှစ် နောက်ပိုင်း သွေးထွက်သံယို အများဆုံးစစ်ပွဲဖြစ်လာသည်။ 

  
နှစ်ဖက်စလုံးတွင် အရပ်သားများသေဆုံးကြောင်းနှင့် တစ်ဖက်ရန်သူတို့၌ အကြီးအကျယ်ထိခိုက်ပျက်စီးသွားကြောင်း သတင်းများလည်း ပုံမှန်ထုတ်ပြန်ခဲ့ရာ အတည်ပြုရန် ခက်ခဲလျှက်ရှိသည်။ တနင်္ဂနွေနေ့၌ နာဂေါ်နိုကာရာဘတ်က သတင်းထုတ်ပြန်ရာတွင်မူ အကြမ်းဖက်ပဋိပက္ခများစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ရက်သတ္တ ၃-ပတ်အတွင်း ၎င်း၏ တပ်ဖွဲ့ဝင် ၆၇၃-ဦး ကျဆုံးကြောင်း ဖော်ပြသည်။ 

  
အဇာဘိုင်ဂျန်အနေဖြင့် ၎င်းနိုင်ငံ၏ ခွဲထွက်ရေးနယ်မြေအစိတ်အပိုင်းကို အာမေးနီးယားတို့က သိမ်းပိုက်ထားခြင်းအဖြစ် သတ်မှတ်လျှက်ပြီး ရှည်လျားသောပဋိပက္ခအား အဆုံးသတ်ရန် လိုလားကြောင်း ပြောဆိုသည်။ အာမေးနီးယားတို့ကမူ နာဂေါ်နိုကာရာဘတ်ဒေသအား လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ခြင်း မရှိခဲ့သော်လည်း စစ်ရေးအရ အကူအညီများထောက်ပံ့လျှက်ရှိသည်။

  
(( ပူးတွဲပါ ဗွီဒီယိုဖိုင်မှာ JAB TV MM ( Oct-06,2020 ) မှ ကျေးဇူးတင်စွာ ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံပါသည်။ ။သတင်းဘာသာပြန်သူ )) 


#နာဂေါ်နိုကာရာဘတ်အပစ်အခတ်ရပ်စဲရေးချိုးဖောက်ကြောင်း_နာရီအနည်းငယ်အကြာ၌_အပြန်အလှန်စွပ်စွဲ 

https://www.rt.com/russia/503839-armenia-azerbaijan-ceasefire-violations/ 


https://www.rt.com/russia/503814-armenia-azerbaijan-declare-ceasefire-karabakh/ 


https://www.rt.com/russia/503782-azerbaijan-armenia-strikes-accusations/

0

Leave a Reply

Your email address will not be published.