နာဂေါ်နို-ကာရာဘတ် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းမပြုရန် အာမေးနီးယားကို တူရကီသတိပေး။ နာဂေါ်နို-ကာရာဘတ်၌ တိုက်ပွဲများ အဆုံးသတ်ရန် သဘောတူခဲ့သည့် ဝန်ကြီးချုပ်အား ရာထူးမှနှုတ်ထွက်ပေးရန် အာမေးနီးယားတွင် ဆန္ဒပြ၊ အစိုးရအဆောက်အအုံများအား စီးနင်းဖျက်ဆီး


အာမေးနီးယားနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်၍ တပ်များအား ဆန္ဒအလျောက် ရုတ်သိမ်းခြင်း မပြုခဲ့လျှင် စစ်ရေးအရအရေးယူမှုများ ပြန်လည်စတင်ရလိမ့်မည်ဖြစ်ကြောင်း အဇာဘိုင်ဂျန်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ တူရကီက သတိပေးလိုက်သည်ဟု Al Jazeera က ယမန်နေ့ရေးသားသည်။


အပစ်အခတ်ရပ်စဲရေးကို မလိုက်နာခဲ့လျှင် အာမေးနီးယားအနေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း နာဂေါ်နို-ကာရာဘတ်ဒေသ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီး ရက်အနည်းငယ်အကြာ၌ တူရကီနိုင်ငံခြားရေးဝန်ကြီး မဲဗလုချောင်ရှိုလိုက ပြောကြားခြင်းဖြစ်ကြောင်း သိရှိရသည်။


တူရကီသည် နာဂေါ်နို-ကာရာဘတ်ဒေသအရေးတွင် အာမေးနီးယားနှင့် ယှဉ်ပြိုင်စစ်ခင်းလျှက်ရှိသော အဇာဘိုင်ဂျန်၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သည်။ ယခုသီတင်းပတ်စောစောပိုင်း၌ ရုရှား၊ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့အကြား အဇာဘိုင်ဂျန်အစိုးရက အသာစီးရရှိစေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို တူရကီက ထောက်ခံသည်။ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရုရှားနှင့် တူရကီတို့က နာဂေါ်နို-ကာရာဘတ်ဒေသ၌ ငြိမ်းချမ်းရေး ကြီးကြပ်မှု့စင်တာတစ်ခု ထူထောင်ရန် သဘောတူညီခဲ့ကြသည်။


ရုရှားကိုယ်စားလှယ်အဖွဲ့သည် သောကြာနေ့တွင် တူရကီသို့ လာရောက်မည်ဖြစ်ပြီး ပူးတွဲစင်တာအား မည်သို့ စီမံခန့်ခွဲမည်ကို အသေးစိတ် ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဒေသအတွင်း အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု မရှိစေရန် လက်နက်တင် မောင်းသူမဲ့လေယာဉ်များဖြင့် စောင့်ကြည့်ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဇာဘိုင်ဂျန်ဘက်မှ ဆက်လက်ရပ်တည်မည်ဖြစ်သော်လည်း ၎င်းတို့လိုအပ်မှသာ ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံကလည်း ဒေသတွင်းငြိမ်းချမ်းရေးထိန်းသိမ်းရန် တပ်ဖွဲ့ဝင် ၂,၀၀၀ နီးပါးစေလွှတ်ထားကြောင်း၊ ဒေသတွင်း၌ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်အဖြစ် တူရကီကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ရန် ဆန္ဒရှိသည်ဟု သမ္မတရီဆက်တေရစ်အာဒိုဂန်က ပြောကြားခဲ့ကြောင်း ချောင်ရှိုလိုက ရှင်းပြသည်။


ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ရော့ဗ်ကမူ တူရကီ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးယူနစ်များကို နာဂေါ်နို-ကာရာဘတ်သို့ စေလွှတ်လိမ့်မည်မဟုတ်ကြောင်း၊ နာဂေါ်နို-ကာရာဘတ်ပဋိပက္ခအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်သစ်နှင့်အမေရိကန်မှ သံတမန်များလည်း များမကြာမီ မော်စကိုသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။


ရုရှားနိုင်ငံကြားဝင်စေ့စပ်သည့် ဆွေးနွေးပွဲများအရ နာဂေါ်နို-ကာရာဘတ်တွင် အာမေးနီးယားစစ်တပ်များနှင့် သီတင်း ၆-ပတ်ကြာ တိုက်ခိုက်နေရသော အဇာဘိုင်ဂျန်အတွက် နယ်မြေပိုင်ဆိုင်မှု တိုးတက်မှုရရှိစေခဲ့သည်။ တိုက်ပွဲများအတွင်း နှစ်ဘက်စလုံးမှ အရပ်သား ဒါဇင်ပေါင်းများစွာအပါအဝင် လူ ၁,၀၀၀ ကျော်သေဆုံးခဲ့ရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သည့်အတွက် အာမေးနီးယားနိုင်ငံအတွင်း၌ ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်းညန်အား ရာထူးမှ နုတ်ထွက်ပေးရန် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့သည်။


ကြာသပတေးနေ့တွင် အာမေးနီးယား၌ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သော အတိုက်အခံခေါင်းဆောင် ၁၀ ဦး တို့အား ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ဝန်ကြီးချုပ်ပါရှင်းညန်က နာဂေါ်နို-ကာရာဘတ်၌ တိုက်ပွဲများ အဆုံးသတ်ရန် သဘောတူခြင်းဖြင့် နိုင်ငံအား သစ္စာဖောက်သည်ခဲ့သည်ဟုဆိုကာ အစိုးရအဆောက်အအုံများကို ဝင်ရောက်စီးနင်းခြင်း၊ လုယက်ဖျက်ဆီးမှု ကျူးလွန်ခဲ့ကြကြောင်း၊ အတိုက်အခံတို့၏ ဆန္ဒပြပွဲများအရ တရားမဝင် အကြမ်းဖက် လူစုလူဝေးပြုလုပ် ဖီဆန်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖွယ်ရှိကြောင်း အစိုးရရှေ့နေများက သတင်းထုတ်ပြန်ခဲ့သည်။

အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခြင်းခံရသော အတိုက်အခံပါတီကမူ ၎င်းတို့အား နိုင်ငံရေးဖိနှိပ်ရန် ရည်ရွယ် ချက်ဖြင့် တမင်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရှုတ်ချပြောဆိုသည်။


#နာဂေါ်နို_ကာရာဘတ်အပစ်အခတ်ရပ်စဲရေးလှိုင်းဂယက်

((( Al Jazeera., 12 Nov 2020,” Turkey warns Armenia against breaking Nagorno-Karabakh truce.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


https://www.aljazeera.com/news/2020/11/12/turkey-warns-armenia-against-breaking-nagorno-karabakh-truce https://www.aljazeera.com/program/newsfeed/2020/11/10/russia-brokers-nagorno-karabakh-peace-deal/ https://www.aljazeera.com/news/2020/11/12/armenia-protests

0

Leave a Reply

Your email address will not be published.