နိုင်ငံရေး အကျပ်အတည်းဖြစ်ပွားနေသည့် နီပေါသို့ တရုတ်က ၎င်း၏ ထိပ်တန်းသံအရာရှိကို စေလွှတ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကျရောက်စဉ် နီပေါအာဏာရကွန်မြူနစ်ပါတီ ပြိုကွဲ။ တရုတ်၏ ခေတ်သစ်ပိုးလမ်းမကြီးနှင့် ဒေသတွင်း မဟာဗျူဟာမြောက်ဖြစ်လာသော နိုင်ငံများ



လွန်ခဲ့သော ရက်သတ္တပတ်တွင် နီပေါဝန်ကြီးချုပ်က ၎င်းနိုင်ငံ၏ ပါလီမန်အား ဖျက်သိမ်းခဲ့သည်။ တနင်္ဂနွေနေ့တွင် ခတ္တမန္ဒူသို့ တရုတ်ထိပ်တန်းအရာရှိတစ်ဦးရောက်ရှိလာခြင်းမှာ နီပေါ၏ နိုင်ငံရေးအခြေအနေကို အကဲဖြတ်ရန်အတွက် အိမ်နီးချင်းအင်အားကြီးနိုင်ငံ၏ ပထမဆုံး သံတမန်ရေးရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု Reuters က ယနေ့ ရေးသားသည်။ 
.. 
သမ္မတရှီကျင့်ဖျင်၏ “ #ခါးပတ်နှင့်လမ်း_ကနဦးခြေလှမ်း “ အား “ #ပိုးလမ်းမသစ်ကြီး “ အဖြစ် ရှု့မြင်သော တရုတ်သည် နီပေါနိုင်ငံ၏ စီးပွားရေးအခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ပုံစံမျိုးဖြင့် ဒေါ်လာသန်းပေါင်းများစွာ သွန်းလောင်းထည့်ခဲ့ကာ စည်းရုံးခဲ့သည်။ 
.. 
တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနမှ ဒုတိယဝန်ကြီး ဂွာယီကျို့သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် ဝန်ကြီးချုပ် ကေပီရှာမာအိုလီက ပါလီမန်ကိုဖျက်သိမ်း၍ ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း နီပေါနိုင်ငံသို့ အလည်အပတ် ရောက်ရှိသည့် အဆင့်မြင့်ဆုံး နိုင်ငံခြားအရာရှိကြီး ဖြစ်လာသည်။ 
.. 
Covid-19 ကပ်ရောဂါနှင့် နပမ်းလုံးနေရသော ဟိမဝန္တာတောင်တန်းဒေသ နီပေါနိုင်ငံတွင် နက်ရှိုင်းသော နိုင်ငံရေး မငြိမ်မသက်မှုများနှင့် လမ်းပေါ်ဆန္ဒပြမှုများကြောင့် အာဏာရ နီပေါကွန်မြူနစ်ပါတီ ( NCP ) အတွင်း အကွဲအပြဲ ဖြစ်ပေါ်စေခဲ့သည်။ 
.. 
တရုတ်အဆင့်မြင့်အရာရှိကြီးတစ်ဦး ရောက်ရှိလာခြင်းမှာ ပါလီမန်ဖျက်သိမ်းခြင်းနှင့် နီပေါကွန်မြူနစ်ပါတီ ပြိုကွဲအပြီးတွင် နီပေါနိုင်ငံ၏ အခြေအနေအားလုံးကို အကဲဖြတ်ရန်လာရောက်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း အတိုက်အခံ #နီပေါကွန်ဂရက်ပါတီ၏ အကြီးတန်းခေါင်းဆောင် နာရယန်းခါဒါက ပြောဆိုသည်။ 
.. 
သို့သော် နီပေါရှိ တရုတ်သံရုံးက လောလောဆယ် မှတ်ချက်ပေးခြင်း မရှိချေ။ 
.. 
တရုတ်အရာရှိသည် ဝန်ကြီးချုပ်အိုလီသာမက အိုလီ၏ နိုင်ငံရေးပြိုင်ဘက်များနှင့်လည်း တွေ့ဆုံမည်ဟု မျှော်လင့်ရကြောင်း နီပေါကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။ 
.. 
အိုလီကမူ ပြည်တွင်းရေးပြဿ နာများနှင့် ဆုံးဖြတ်ချက်ပေးရန်ု တုန့်ဆိုင်းနေသော ပါတီ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် အများလက်ခံနိုင်မည့် အစီအစဉ်တစ်ရပ်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်သည်ဟု အကြောင်းပြလျှက်ရှိသည်။ 
….
(( နယ်နိမိတ်ချင်း ထိစပ်မှု မရှိသော်လည်း မြန်မာတို့နှင့် ရုပ်ဆင်းသဏ္ဍာန်တူညီသူ အများအပြားနေထိုင်ခြင်း၊ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူရာ အိန္ဒိယနယ်စပ်အနီး #လုဗ္ဗနီဥယျာဉ် တည်ရှိခြင်းတို့မှတစ်ပါး နီပေါနိုင်ငံအကြောင်း ကို ကျွန်တော်တို့ဆီတွင် သိရှိသူ အနည်းအကျဉ်းသာရှိနိုင်ပါသည်။..
ကမ္ဘာကျော် ဧဝရတ်တောင်တည်ရှိပြီး ဂေါ်ရခါးလူမျိုးများနေထိုင်ရာတိုင်းပြည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ၉ % ခန့်ရှိ၍ ဟိန္ဒူဘာသာဝင် ၈၁.၃ % ရှိသဖြင့် အိန္ဒိယနှင့် ပိုမိုနီးစပ်သည်ဟု ဆိုရပါမည်။ မကြာသေးမီက အိန္ဒိယနှင့် တရုတ်စစ်သားများအကြား လူသေဆုံးသည်အထိ လက်နက်မဲ့ သတ်ပုတ်ကြသည့် #ဂယ်လွမ် တောင်ကြားဒေသမှာ #ကက်ရှ်မီးယား အရှေ့ဖက် #လက်ဒက်/အက်ဆိုင်ချင်း (#ဂယ်လွမ်တောင်ကြား ဒေသ ) ရှိ နှစ်နိုင်ငံ #အမှန်တကယ်ထိန်းချုပ်မျဉ်း ၌တည်ရှိသည်။ နယ်ခြားဒေသနယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နှင့် အိန္ဒိယတို့ နှစ်ဖက်ရန်စောင်လျှက်ရှိသည့် အခြားဒေသတစ်ခုမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ဖက် #အာရူနာချယ်ပရာဒက်ရှ် အိန္ဒိယနယ်စပ်ဖြစ်သည်။..   
၁၉၆၂-ခုနှစ်တွင် တရုတ်နှင့် အိန္ဒိယတို့အကြား ၁-လကျော်ကြာ အတိအလင်းစစ်ခင်းကြသည့်နေရာတို့မှာ အိန္ဒိယအက်ဆိုင်ချင်း နှင့် အာသံနယ်စပ်တို့တွင်ဖြစ်ပြီး စစ်ပွဲအပြီး၌ ဆွစ်ဇာလန်နိုင်ငံအရွယ်အစားရှိသော အက်ဆိုင်ချင်းကို တရုတ်တို့က သိမ်းယူနိုင်ခဲ့သည်။ ..  
နီပေါနိုင်ငံနှင့် #ဘူတန် နိုင်ငံတို့သည် အိန္ဒိယ ဆစ်ကင်းပြည်နယ်ခြားလျှက် တည်ရှိနေသဖြင့် ကမ္ဘာ့စစ်အင်အား ကြီး ၂-နိုင်ငံအကြား မဟာဗျူဟာမြောက် နယ်မြေများဖြစ်နေသည်။ တရုတ်သည် ၎င်းနှင့်ထိစပ်လျှက်ရှိသော ကုန်းတွင်းပိတ် ဘူတန်နိုင်ငံငယ်နှင့်လည်း နယ်ခြားပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသည်။ ၂၀၁၇-ခုနှစ် ဇွန်လတွင် ဘူတန်နိုင်ငံ Doklam Plateau #ဒုက်လမ်ကုန်းမြင့် တောင်ဘက် နယ်ခြားနှင့်နီးကပ်သည့်နယ်မြေ၌ တရုတ်က မော်တော်ကားလမ်းနှင့် အဆောက်အအုံများ ဆောက်လုပ်ခဲ့သည်။ ဘူတန်နိုင်ငံက အကူအညီ တောင်းခံသဖြင့် #ဆစ်ကင်းပြည်နယ် မှ အိန္ဒိယတပ်များက ဘူတန်နိုင်ငံအတွင်း ဝင်ရောက်ကာ တရုတ်စစ်တပ်နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ကြသည်။ ၂-လကျော်ကြာ တင်းမာမှုအပြီးတွင် အဆိုပါနယ်မြေမှ မိမိတို့တပ်အသီးသီးကို ရုတ်သိမ်းကြောင်း နှစ်ဖက်စလုံးကကြေညာခဲ့သည်။ ..  
နှစ်နိုင်ငံနယ်ခြားတင်းမာလျှက်ရှိစဉ် အိန္ဒိယသည် စီးပွားရေးနှင့် စစ်ရေးအင်အားတွင် တရုတ်အား အမှီလိုက်နေပြီး ဒေသတွင်းနိုင်ငံငယ်များအပေါ် သြဇာလွှမ်းမိုးရန်လည်း နှစ်နိုင်ငံစလုံးက အပြိုင်အဆိုင်အားထုတ်လျှက်ရှိသည်။     ။ သတင်းဘာသာပြန်သူ )) 
.. 
((( Reuters., December 27th, 2020, “ China sends top official to Nepal amid political crisis.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
.. 
https://www.reuters.com/article/nepal-parliament-china-idUSKBN2910EK 
https://www.dhakatribune.com/world/2020/12/27/china-sends-top-official-to-nepal-amid-political-crisis 
https://whc.unesco.org/en/list/666 
http://www.indiandefencereview.com/news/india-bhutan-china/ 
https://www.globalsecurity.org/military/world/war/india-china_conflicts.htm 
https://www.theguardian.com/world/2017/jul/06/china-india-bhutan-standoff-disputed-territory    

0

Leave a Reply

Your email address will not be published.