နီမစ်ဇ်လေယာဉ်တင်သင်္ဘောနှင့် တိုက်ခိုက်ရေးစစ်ရေယာဉ်အုပ်စုတို့ ပါရှားပင်လယ်ကွေ့သို့ ပြန်လည်ခုတ်မောင်းလာခြင်းမှာ အီရန်သိပ္ပံပညာရှင် အသတ်ခံရမှုနှင့် မသက်ဆိုင်ဟုဆို။ အလျှင်စလို လက်တုန့်မပြန်ပဲ စောင့်ဆိုင်းရန် စီအိုင်အေညွှန်မှူးဟောင်းက အီရန်အား တိုက်တွန်း

  
အမေရိကန်လေယာဉ်တင်သင်္ဘော “ နီမစ်ဇ် “ နှင့် အခြားစစ်ရေယာဉ်များ၏ ပါရှန်းပင်လယ်ကွေသို့ ပြန်လည်ခုတ်မောင်းလာကြခြင်းမှာ ဒေသတွင်းမှ အမေရိကန်တပ်များ ဆုတ်ခွာရာတွင် အင်အားဖြည့်တင်းရန်အတွက်သာ ဖြစ်ပြီး မကြာသေးမီက အီရန်ထိပ်တန်းသိပ္ပံပညာရှင်အား သတ်ဖြတ်ခံရမှုနှင့် မသက်ဆိုင်ကြောင်း ကာကွယ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်ဟု CNN က ယမန်နေ့ရေးသားသည်။ 

  
ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောများက ခြံရံလျှက် “ယူအက်စ်အက်စ်နီမစ်ဇ် “ လေယာဉ်တင်သင်္ဘောဦးဆောင်သော တိုက်ခိုက်ရေးစစ်ရေယာဉ်အုပ်စုသည် ပါရှန်းပင်လယ်ကွေ့ဒေသသို့ မကြာမီ ပြန်လည်ရောက်ရှိ၍ စစ်ဆင်ရေးတာဝန်များ ပြန်လည်ထမ်းဆောင်လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ပင်တာဂွန်အရာရှိအား ကိုးကား၍ CNN က သတင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ 


သမ္မတဒေါ်နယ်ထရမ့်၏ အမိန့်အရ အီရတ်နှင့်အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုတ်သိမ်းရာတွင် တိုက်ပွဲဝင်ထောက်ပံ့မှုနှင့် လေကြောင်းကာကွယ်ပေးမည့် အမေရိကန်စစ်သင်္ဘောများသည် ဒေါ်နယ်ထရမ့်ကိုယ်တိုင် ရာထူးမှထွက်ခွာရန် လပိုင်းမျှအလိုတွင် ဒေသအတွင်း ယခုကဲ့သို့ အတော်အသင့်ကြီးမားသော တိုက်ခိုက်ရေးအင်အားများ ရောက်ရှိလာခြင်းဖြစ်သည်။ 


သို့သော်လည်း ယခုကဲ့သို့ ရောက်ရှိလာခြင်းသည် လွန်ခဲ့သည့် သောကြာနေ့ နံနက်စောစောပိုင်းက တီဟီရန်မြို့ အနီး၌ သိပ္ပံပညာရှင်လုပ်ကြံခံရသည့် သတင်းထွက်ပေါ်ခြင်းမတိုင်မီ ဆုံးဖြတ်ခဲ့သည့်အတိုင်းဖြစ်ကြောင်း၊ အီရန်နျူကလီယာပညာရှင် အသတ်ခံရခြင်းနှင့် ဆက်စပ်မှုရှိလိမ့်မည် မထင်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ စစ်သင်္ဘောများဖြန့်ကျက်မှုသည် လူသတ်မှုအတွက် ပြင်းထန်စွာတုန့်ပြန်မည်ဟု ခြိမ်းခြောက်လျှက်သည့် အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ “အဟန့်အတားဖြစ်စေသည့်သတင်းစကား” ကို ပေးပို့ရာ ရောက်လိမ့်မည်ဟု ပင်တာဂွန်အရာရှိက ဆက်လက် ပြောဆိုသည်။ 

  
ယခုလစောစောပိုင်း၌ နီမစ်ဇ်နှင့် တိုက်ခိုက်ရေးစစ်ရေယာဉ်အုပ်စုသည် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့နှင့်အတူ အိန္ဒိယသမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် ပါရှန်းပင်လယ်ကွေ့မှ ထွက်ခွာသွားခဲ့သည်။ ၎င်းတို့ကို “ #ကွာ့ဒ် “ ဟု လူသိများပြီး “ #၄-နိုင်ငံ_လွတ်လပ်သော_လုံခြုံရေးညွန့်ပေါင်းအဖွဲ့ “ ဖြစ်သည်။ 


စစ်ရေးလေ့ကျင့်မှုပြီးဆုံးခြင်းနှင့်အတူ အမေရိကန်စစ်သင်္ဘောများသည် သမ္မတဒေါ်နယ်ထရမ့်၏ ရာထူးသက်တမ်းကာလတစ်လျှောက် သိသာစွာအင်အားထိန်းသိမ်းထားမည့်အခင်းအကျင်းအဖြစ် အီရန်နိုင်ငံ၏ အနောက်ဖက်တံခါးဝသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ 

  
နီမစ်ဇ်တိုက်ခိုက်ရေးစစ်ရေယာဉ်အုပ်စု၏ လှုပ်ရှားမှုများမှာ လုပ်ကြံသတ်ဖြတ်မှုနှင့် ဆက်စပ်မှုမရှိကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိများက အာမခံထားသော်လည်း ကုလသမဂ္ဂဆိုင်ရာ တီဟီရန် သံအမတ်ကြီးကမူ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ပြည်သူလူထုအား ကာကွယ်ရန် အီရန်၌ အခွင့်အရေးအပြည့်အဝရှိကြောင်း ဒေါ်နယ်ထရမ့်အစိုးရ၏ လက်ကျန်သက်တမ်းကာလအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏“ စွန့်စားလိုသော လုပ်ဆောင်မှုများ” ကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း သတိပေး ပြောကြားသည်။ 

  
ထိုစဉ်အတောအတွင်း နျူကလီးယားသိပ္ပံပညာရှင်အသတ်ခံရမှုအတွက် အဆောတလျှင် လက်တုန့်ပြန်ခြင်း မပြုလုပ်ပဲ ကျုးလွန်သည်ဟု သံသယရှိသူနှင့် ဆက်နွယ်၍ တာဝန်ရှိသည့် အမေရိကန်ခေါင်းဆောင်များ၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းပါရန် စီအိုင်အေအကြီးအကဲဟောင်းက အီရန်အား တိုက်တွန်းခဲ့ကြောင်း Russia Today ( Nov. 27, 2020 ) က သတင်းရေးသားသည်။ 

  
အီရန်နျူကလီးယားသိပ္ပံပညာရှင် မိုဆန်ဖာဟီဇာဒီအား လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အစ္စရေးနှင့်အမေရိကန်တို့ ဆက်နွယ်မှုရှိသည်ဟု ခန့်မှန်းချက်များနှင့်ပတ်သက်၍ “ မဆင်မခြင်ပြုလုပ်သည့် ရာဇဝတ်မှု” ဖြစ်ကြောင်း #စီအိုင်အေ_ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရီနမ်က မှတ်ချက်ပြုသည်။ 


အသက်များ ဆုံးရှုံးစေလောက်သည့် လက်တုံ့ပြန်မှုများနှင့်အတူ ဒေသတွင်း၌ ပဋိပက္ခအသစ်တစ်ခုကို ကြုံ တွေ့ရနိုင်ကြောင်း၊ အီရန်သည်ပညာသားပါပါ ကိုင်တွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံတကာအလယ်တွင် တာဝန်ရှိသည့် အမေရိကန်ခေါင်းဆောင်ပိုင်း ပေါ်ပေါက်လာသည်အထိ စောင့်ဆိုင်း၍ အပြစ်ကျူးလွန်သည်ဟု ထင်မြင်သူကို ပြန်ကြားရန် တောင်းဆိုသင့်ကြောင်း ဘရင်နန်က ဆက်လက်ပြောကြားသည်။ 


ဘရီနမ်သည် ဇန်နဝါရီလတွင် အာဏာရရှိလာမည့် ဂျိုးဘိုင်ဒင်အား ရည်ညွှန်းကာ ပြောဆိုခြင်းဖြစ်သည်။ ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ ဘရီနမ်သည် စီအိုင်အေညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်စဉ် အလွန်တက်ကြွစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အိုဘားမားခေတ်နိုင်ငံခြားရေးပေါ်လစီပြန်လာမည်ဟု ရှု့မြင်သူဖြစ်သည်။ 


သို့ရာတွင် ဂျွန်ဘရီနမ်ကဲ့သို့ စီအိုင်အေလူထွက်တစ်ဦးက “ အမေရိကန်တွေ ကျဆုံးပါစေ “ ဟု ကြွေးကြော်လျှက်ရှိသည့် အီရန်ဘက်မှ ရပ်တည်ပြောဆိုခြင်းမှာ အံ့သြကုန်နိုင်ဖွယ်ဖြစ်သည်ဟု ဆီးနိတ်လွှတ်တော်အမတ် တက်ဒ်ခရုဇ်က ဝေဖန်သည်။ 


လူမှုကွန်ယက်၌ ရှုတ်ထွေးသော ထင်မြင်ချက်အမျိုးမျိုး ပျံ့လွင့်လျှက်ရှိစဉ် ဒေါ်နယ်ထရမ့်အား လူသိရှင်ကြား ဝေဖန်ခဲ့ဖူးသူ ဘရီနမ်က ပြောဆိုရာ၌ တိုင်းတစ်ပါးအစိုးရတစ်ရပ်က ဖာဟီဇာဒီအား သတ်ဖြတ်ရန် ခွင့်ပြုခဲ့ခြင်း မှန်ကန်လျှင် နိုင်ငံတော်အဆင့် အထောက်အပံ့ပြုသော အကြမ်းဖက်ခြင်းဖြစ်ကြောင်း ရှုတ်ချသည်။ 

  

(( ယခုနှစ် ဇန်နဝါရီလတွင် အီရန်အထူးတိုက်ခိုက်ရေးတပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကာဆင်စူလမန်နီမှာ အီရတ်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေခိုက် ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်အရ အမေရိကန်စစ်ဖက်ဒရုန်း လေယာဉ်က ပစ်လွှတ်သော ဒုံးကျည်ထိမှန်၍ သေဆုံးသည်။

  
အီရန်က လက်တုန့်ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်း ၂-ခုအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ မပြောပလောက်အောင်သာ ထိခိုက်ပျက်စီးသည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုပြီး တစ်စုံတစ်ရာ ထပ်မံတုန့်ပြန်ခြင်း မပြုခဲ့ချေ ။ သို့သော် အမှန်စင်စစ် အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀ ခန့် ဒါဏ်ရာရရှိခဲ့ပြီး ၆၄-ဦးမှာ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်။ ( nypost., Jan 30, 2020 ) 


စစ်ကြေညာထားခြင်းမရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံမှ စစ်ဘက်အကြီးအကဲတစ်ဦးအား ကြို တင်သတိပေးခြင်းမရှိပဲ အလစ်အငိုက်လုပ်ကြံခြင်းမှာ ရာဇဝတ်မှုဖြစ်၍ အီရန်က “ အင်တာပိုလ် “ နိုင်ငံတကာ ရဲတပ်ဖွဲ့အား တိုင်ကြားသည်။ တာဝန်ရှိသူ ဒေါ်နယ်ထရမ့်အား ဖမ်းဆီးရန် အီရန်က ဝရမ်းထုတ်ပြန်ခြင်းကို အင်တာပိုလ်က ကူညီနိုင်ခြင်း မရှိကြောင်း အကြောင်းပြန်ကြားသည်။ ( Al Jazeera., Jun 30,2020) 


လွန်ခဲ့သည့် သြဂုတ်လက အီရန်နိုင်ငံတွင် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ ဒုတိယတပ်မှူးဖြစ်သူ အသတ်ခံလိုက်ရပြီး အစ္စရေးထောက်လှမ်းရေးတို့၏ လက်ချက်ဖြစ်ကြောင်းနှင့် အမေရိကန်ထောက်လှမ်းရေးတို့လည်း ပတ်သက်ပုံရသည်ဟု New York Times ( Nov 1,2020 ) က ဖော်ပြသည်။ 

တီဟီရန်မြို့၏ လမ်းမပေါ်တွင် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏တပ်မှူးဖြစ်သူ အဘူမိုဟာမက် အယ်လ်မတ်ဆရီနှင့် သမီးဖြစ်သူတို့ကို အစ္စရေးလုပ်ကြံသူတို့က သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဆိုခြင်းမှာ ထောက်လှမ်းရေးတို့က ကျုံးသွင်းသည့် “ ဖွသတင်း “သာ ဖြစ်ကြောင်း အီရန်က ပယ်ချခဲ့သည်။ အီရန်မီဒီယာများ ကိုယ်တိုင်ကလည်း အဗ္ဗဒူလာသေဆုံးခြင်းကို လက်ဘနွန်သမိုင်းပါမောက္ခ ဟာဗစ်ဒါအိုရော့နှင့် သမီးဖြစ်သူ မေရီယန်တို့အသတ်ခံရခြင်းအဖြစ် သတင်းလမ်းလွှဲရေးသားကြောင်း စွပ်စွဲခြင်းခံရသည်။ 


လောလောဆယ် အမေရိကန်တွင် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒင်မှာ သမ္မတဖြစ်လာရန် သေချာလျှက်ရှိသည်။ ၂၀၁၅-ခုနှစ်တွင် အီရန်နှင့် နျုကလီယာသဘောတူညီချက်စာချုပ် JCPOA တွင် လက်မှတ်ရေးထိုးခဲ့သော ဘားရက်အိုဘားမား၏ အစိုးရ၌ ဒုတိယ ၏သမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်နေသည်။ အီရန်အား ဒါဏ်ခတ်ပိတ်ဆို့ခြင်းများမှ ဖြေလျှော့ပေးသည့် နျူကလီးယားသဘောတူညီချက်တို့သည် အီရန်၏ ခြိမ်းခြောက်ခြင်းခံနေရသော တဲလ်အဗစ်အစိုးရအတွက် အရှေ့ အလယ်ပိုင်းတွင် စစ်ပွဲများစတင်စေရန် ဖန်တီးရာ ရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်အား အစ္စရေးက အစဉ်တစ်စိုက် သတိပေးခဲ့သည်။ ထို့ကြောင့်လည်း သမ္မတဖြစ်လာမည့် ဂျိုးဘိုင်ဒင်အား အစ္စရေးက ကြိုတင်လမ်းခင်းခြင်းအဖြစ် မှတ်ယူကြသည်။ 


ယခု သိပ္ပံပညာရှင်အသတ်ခံရမှုတွင် မည်မျှသေဆုံး၍ ကျူးလွန်သူများ လွတ်မြောက်ခြင်း ရှိ-မရှိကို အီရန်က သတင်းထုတ်ပြန်ခြင်း မရှိသေးချေ။ ဝေဖန်သူများကမူ ယခုရက်သတ္တပတ်စောစောပိုင်းတွင် ဆော်ဒီ အာရေဗျ၌ အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုတို့ တွေ့ဆုံခဲ့သည့် သတင်းများအပေါ်အခြေခံ၍ အမေရိကန်ပါဝင်ကြောင်း စွပ်စွဲကြခြင်းဖြစ်သည်။ 


အီရန်သမ္မတ၏ သတင်းထုတ်ပြန်ချက်အရ လုပ်ကြံရာတွင် အီရန်နိုင်ငံအတွင်း စိမ့်ဝင်လျှက်ရှိသော အစ္စလာမ်မစ်စစ်သွေးကြွများ ပါဝင်ပုံရပြီး ၎င်းတို့ကို အစ္စရေးက စည်းရုံးသိမ်းသွင်းခဲ့ခြင် ဖြစ်လိမ့်မည်ဟု ထင်မှတ်ရသည်။       ။ သတင်းဘာသာပြန်သူ )) 


#ယူအက်စ်အက်စ်_နီမစ်ဇ် # 


((( Russia Today., 28 Nov, 2020, “Nimitz carrier group returns to Persian Gulf after drills, in ‘pre-planned’ move not related to Iranian scientist murder – report.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/news/508066-nimitz-persian-gulf-iran/ 
https://www.rt.com/news/508068-iran-un-letter-adventuristic/ 
https://www.independent.co.uk/news/world/americas/us-politics/john-brennan-ted-cruz-iran-assassination-b1763102.html 
https://www.sacurrent.com/the-daily/archives/2020/11/28/former-cia-chief-calls-ted-cruz-unworthy-to-serve-texas-during-twitter-fight-over-killing-in-iran 
https://www.politico.com/news/magazine/2020/01/12/iran-middle-eastern-problem-soleimani-figured-out-097350 
https://www.rt.com/news/508058-cia-brennan-iran-scientist-killed/ 
https://www.bbc.com/news/world-middle-east-51028954 
https://nypost.com/2020/01/30/pentagon-now-says-64-us-troops-suffered-traumatic-brain-injuries-in-iran-strike/ 
https://www.aljazeera.com/news/2020/6/30/iran-issues-arrest-warrant-for-trump-interpol-denies-help 
https://www.nytimes.com/2020/11/13/world/middleeast/al-masri-abdullah-qaeda-dead.html?action=click&module=Top%20Stories&pgtype=Homepage 
https://www.dailymail.co.uk/news/article-8993605/Iranian-nuclear-scientist-assassinated-near-Tehran-reports-Iran-claim.html 

0

Leave a Reply

Your email address will not be published.