နီပေါ ရေကြီးရေလျှံ မှု သေဆုံး ၁၁-ဦးတွင် တရုတ်နှင့်အိန္ဒိယအလုပ်သမားများပါဝင်။၂၅-ဦး ပျောက်ဆုံး၍ လမ်း၊ တံတားများ၊ ငါးမွေးမြူရေးကန်များပျက်စီး လူပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအမြင့်ဆုံးအခြေအနေတွင် ရေလွှမ်းမိုးမှုကို ခက်ခဲစွာရင်ဆိုင်နေရ


လွန်ခဲ့သည့် ရက်သတ္တပတ်တွင် နီပေါနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခြင်း မြေပြိုခြင်းများကြောင့် တရုတ်နှင့် အိန္ဒိယအလုပ်သမား ၁-ဦးစီအပါအဝင် အလုပ်သမား ၁၁-ဦးတို့သေဆုံးခဲ့ပြီး နိုင်ငံအဝှန်း လူ ၂၅-ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက သောကြာနေ့တွင် ပြောဆိုသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။

…  
ခတ္တမန္ဒူအရှေ့မြောက်ပိုင်း မီလန်ချီမြို့အနီးတွင် အလုပ်သမား ၃-ဦး၏ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့၌ ရှာဖွေတွေ့ရှိခဲ့ရပြီး နိုင်ငံခြားသားများမှာ သောက်ရေသန့်စီမံကိန်းတည်ဆောက်လျှက်ရှိသော တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ရေဘေးဒဏ်ကြောင့် လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

…  
ကြာသပတေးနေ့ ညနေပိုင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် တရုတ်နိုင်ငံတိဗက်နယ်စပ် တောင်တန်းဒေသ ဆင်ဟူပယ်ချောက်ခရိုင်နှင့် နိုင်ငံအဝှန်း အခြားဒေသများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူ ၂၅-ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုသည်။

…    
နီပေါနိုင်ငံတွင် ပုံမှန်အားဖြင့် ဇွန်လနှင့် စက်တင်ဘာလနှောင်းပိုင်းအထိ သည်းထန်စွာ ရွာသွန်းမြဲဖြစ်သော မုတ်သုန်မိုးကြောင့် တောတောင်ထူထပ်သောနိုင်ငံ၌ နှစ်စဉ် လူရာချီ သေဆုံးလေ့ရှိသည်။

…  
အင်္ဂါနေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများ၊ တံတားများ၊ ငါးမွေးမြူရေးကန်များ၊ မွေးမြူရေးခြံများနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။

…  
ရာနှင့်ချီသော လူအများကို စာသင်ကျောင်းများ ယာဉ်သိုလှောင်ရုံများအပါအဝင် အရေးပေါ် ရေဘေး ကယ်ဆယ်ရေးစင်တာများသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး ယခုနှစ်ဖြစ်ပွားသော အကြပ်အတည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါဒဏ် ခံစားနေရသော နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးအခြေအနေများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း၊ 

လူဦးရေ ၂၈ သန်းကျော်နေထိုင်သည့် နီပေါနိုင်ငံတွင် လူ ၆-သိန်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိပြီး ၉-ထောင်နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ နေ့စဉ် ပိုးတွေ့လူနာဦးရေမှာ ကမ္ဘာ့အမြင့်ဆုံးပမာဏတွင် ပါဝင်လျှက်ရှိကြောင်း အကူအညီပေးရေး အဖွဲ့များက ပြောဆိုသည်။

#နီပေါရေကြီးရေလျှံမှု_လူ၁၁-ဦးသေ_၂၅-ဦးပျောက်ဆုံး

(((Reuters., June 18th, 2021,” Chinese, Indian workers among 11 killed in Nepal floods, 25 missing.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/south-asia/2021/06/18/chinese-indian-workers-among-11-killed-in-nepal-floods-25-missing 

Leave a Reply

Your email address will not be published.