ပင်လယ်ဓါးပြတိုက်သည်တော့ မဟုတ်။ ဘာလင်ရဲတပ်ဖွဲ့အတွက် မှာယူထားသော မျက်နှာဖုံးများကို အမေရိကန်က ကြားဖြတ်ပင်လယ်ဓါးပြတိုက်သည်ဆိုခြင်းမှာ မမှန်။ သို့သော် မျက်နှာဖုံးများလည်း လက်သည်မပေါ်ပဲ ဘယ်ရောက်သွားမှန်းမသိ။

ဂျာမန်သို့ ဦးတည်တင်ပို့သည့် ရောဂါပိုးမွှားအကာအကွယ်ပေးမျက်နှာဖုံးများကို လမ်းကြောင်းလွှဲရယူသဖြင့် အမေရိကန်အား “ ပင်လယ်ဓါးပြ “ အဖြစ် စွပ်စွဲခဲ့သော ဂျာမန်အထက်လွှတ်တော်အမတ်က အဆိုပါအရှုတ်အထွေးတွင် မည်သည့် အမေရိကန်စီးပွားရေးလုပ်ငန်းမျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြင်ဆင်ပြောဆိုသည်။ သို့ သော် မျက်နှာဖုံးများမှာ ဂျာမနီသို့ ရောက်လာခြင်းလည်း မရှိကြောင်း Russia Today က ယနေ့ရေးသားသည်။

ဂျာမန် ပြည်ထဲရေးရာကော်မတီ အထက်လွှတ်တော်အမတ် အန်ဒရီးယပ်စ်ဂိုင်စယ်၏ အဆိုအရ ဂျာမန်ဘာလင်ရဲတပ်ဖွဲ့အတွက်မှာယူထားသည့် မျက်နှာဖုံးများသည် တရုတ်နိုင်ငံရှိ အမေရိကန်ဆေးဝါးကုမ္ပဏီ 3M စက်ရုံမှ ထွက်ခွာလာပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။ သို့သော် ဘာလင်သို့ ရောက်မလာပဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းဖောက်သည်များထက် ပြည်ပဖောက်သည်များကို ပိုမိုဦးစားပေးလျှင် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့် ခြိမ်းခြောက်ခဲ့သည်။ ထို့နောက် အဆိုပါမျက်နှာဖုံးများကို ဘာလင်အစား အမေရိကန်သို့ ပြောင်းလဲသယ်ဆောင်သွားခဲ့ကြောင်း သောကြာနေ့၌ လွှတ်တော်အမတ် ဂိုင်စယ်က အခိုင်အမာ ပြောဆိုသည်။ ထို “ခေတ်ပေါ် ပင်လယ်ဓါးပြတိုက်မှု “ တွင် အမေရိကန်ပါဝင်ပတ်သက်သည်ဟု ဆိုရှယ်ဒီမိုကရက်တစ်တစ်ဦးဖြစ်သူ ဂိုင်စယ်က စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ဘာလင်မြို့တော်ဝန်ကလည်း လက်ခံနိုင်ဖွယ်မရှိသော လူမဆန်မှုအဖြစ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

သို့သော် ဘာလင်မြို့မှ ကုန်အမှာစာ လက်ခဲ့ရရှိခဲ့ဖူးခြင်းလည်း မရှိ၊ မိမိတို့က မည်သည့် တင်ပို့မှုမျှ မလုပ်ခဲ့ကြောင်း 3M က ငြင်းဆိုခြင်းဖြင့် ဂိုင်စင်၏ စွပ်စွဲချက်မှာ အချီးနှီးဖြစ်သွားရသည်။ ပါဝင်ပတ်သက်သည်ဆိုခြင်းကိုလည်း ထရမ့်အစိုးရက ပယ်ချခဲ့သည်။

ဂိုင်စင်ကမူ မျက်နှာဖုံးများကို 3M မှ မဟုတ်ပဲ ဂျာမန်ကုမ္ပဏီတစ်ခုမှ မှာယူခြင်းဖြစ်ကြောင်း၊ ယခုကိစ္စအတွက် ဂျာမန်ရဲတပ်ဖွဲ့နှင့်အတူ အသေးစိတ်အချက်အလက်များ ရှာဖွေနေဆဲဖြစ်ကြောင်း စနေနေ့က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားသည်။

အဆိုပါသတင်းကို တနင်္ဂနွေနေ့ အမေရိကန်မီဒီယာများက ကူးယူရေးသားကြသောအခါ ဒေါ်နယ်ထရမ့်မှာ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ဖြစ်ရပြီး Washington Post ကလည်း “ သတင်းအတုကို အမှားပြင်ခြင်း “ ဟု စာလုံးမည်းကြီးဖြင့် ဖော်ပြတော့သည်။

သို့သော် ပျောက်ဆုံးသွားသည့် မျက်နှာဖုံးများမှာ လက်သည်မပေါ်ပဲဖြစ်နေသည်။ ဒေါ်နယ်ထရမ့်အမိန့်ကြောင့် 3M က မပို့ဟုဆိုလျှင် ဘန်ကောက်အထိရောက်လာသည့် မျက်နှာဖုံးများကို တစ်စုံတစ်ယောက်က ကြားဝင်ဆွဲ သွားပုံရသည်။ ကမ္ဘာ့အခြားနေရာမှ အဖြစ်အပျက်များကို ကြည့်လျှင် လက်ညှိုးထိုးပြစရာမှာ အမေရိကန်ဖက်သို့ ဖြစ်နေသည်။

ဥပမာအားဖြင့်ဆိုလျှင် ပြင်သစ်နိုင်ငံအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို အမေရိကန်က ကြားဖြတ်ရယူခဲ့သည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။ ပြင်သစ်သို့တင်ပို့မည့် မျက်နှာဖုံး ခုရေသန်း ၆၀ မှာ မျှော်လင့်မထားသည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများကြောင့် ပြင်သစ်သို့ ပျံသန်းရန်မဖြစ်နိုင်ပဲ တရုတ်နိုင်ငံတွင် လောလောဆယ် စောင့်ဆိုင်းနေရသည်။ ထိုစဉ် အမေရိကန်က လေယာဉ်ကွင်း၌ လက်ငင်းငွေချေစံနစ်ဖြင့် ရယူသွားခဲ့သည်။

ကနေဒါအစိုးရကလည်း သူ၏ ဝယ်လက်များထံမှ အလားတူအဖြစ်မျိုး ဖြစ်ပွားခဲ့သည့်ကို စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားစာများရရှိထားသည်။ သို့သော် ကြားဝင်ကစားသည်ဟူသော စွပ်စွဲချက်မှန်သမျှ အမေရိကန်က ငြင်းဆိုခဲ့သည်ချည့်ဖြစ်သည်။

((( Russia Today., 5 Apr, 2020,” Not quite piracy? Berlin senator CORRECTS story of US ‘snatching’ Germany-bound masks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/485045-germany-corrects-masks-piracy/

https://www.rt.com/usa/484995-trump-face-masks-piracy/

https://www.rt.com/op-ed/484756-us-france-masks-covid/

https://www.rt.com/news/484723-us-france-face-masks/

#ကိုဗစ်နိုင်တင်းပြင်သစ်ဂျာမနီမျက်နှာဖုံးများနှင့်အမေရိကန်

0

Leave a Reply

Your email address will not be published.