ပင်လယ်နက်သို့ ဦးတည်ခုတ်မောင်းလာသော အမေရိကန်စစ်သင်္ဘောများမှာ ရန်စရာရောက် ဟု ရုရှားဆို၊ ခရိုင်မီးယားနှင့် ဝေးဝေးနေရန် သတိပေး။ ယူကရိန်းအရှေ့ဖျားတွင် အစိုးရတပ်များနှင့် ရုရှားကျောထောက်နောက်ခံသူပုန်များ တိုက်ပွဲပြင်းထန် ရက်သတ္တပတ်အတွင်း လူ ၁၄,၀၀၀ ကျော်သေဆုံး


အမေရိကန်အနေဖြင့် ၎င်း၏စစ်သင်္ဘောများကို ပင်လယ်နက်၌ ဖြန့်ချလာခြင်းသည် ရန်စ ရာ ရောက်ပြီး ရုရှားက သိမ်းယူထားသည့် ခရိုင်မီးယားကျွန်းဆွယ်နှင့် ဝေးဝေးနေရန် မော်စကိုက အင်္ဂါနေ့၌ သတိပေးလိုက်သည်ဟု Reuters က ယမန်နေ့ရေးသားသည်။

…   
၂၀၁၄-ခုနှစ်တွင် ရုရှားသည် ယူကရိန်းထံမှ ခရိုင်မီးယားကို သိမ်းယူခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း၌ ယူကရိန်းနိုင်ငံအရှေ့ဖျား၌ ကိဗ်အစိုးရတပ်များနှင့် ရုရှားကျောထောက်နောက်ခံ တပ်များအကြား တိုက်ခိုက်မှု အရှိန်မြင့်တက်လာခြင်းကြောင့် လူပေါင်း ၁၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ထို့ပြင် ခရိုင်မီးယားကျွန်းဆွယ်အား ဝိုင်းပတ်လျှက်ရှိသော ပင်လယ်နက်ရေပြင်သို့ အမေရိကန်စစ်သင်္ဘော ၂-စီး ရောက်ရှိလာမည်ဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောဆိုသည်။

…   
ယူကရိန်းအရှေ့ဖျားနှင့် ခရိုင်မီးယားတွင် အကြောင်းပြချက်မရှိပဲ အင်အားအလုံးအရင်း ဖြင့် ရုရှားတပ်များ နေရာယူလာခြင်းအပေါ် အနောက်နိုင်ငံများက သတိပေးလျှက်ရှိစဉ် အမေရိကန်က ၎င်း၏ စစ်သင်္ဘောများကို စေလွှတ်လိုက်ခြင်းဖြစ်သည်။ ရုရှားကမူ ကာကွယ်ရေးရည်ရွယ်ချက်အပါအဝင် သင့်လျော်၍ ဖြစ်ကြောင်း ပြောဆိုသည်။

…    
ပင်လယ်နက်ရေပြင်တွင် အမေရိကန်စစ်သင်္ဘောများ ရောက်ရှိနေလျှင် တစ်စုံတစ်ရာဖြစ်နိုင်သည့် အန္တရာယ်အလွန်များခြင်းကြောင့် ခပ်ကင်းကင်းနေရန် #ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး_ဆာဂီယာကော့ဗ်က သတိပေးလိုက်သည်ဟု ရုရှားသတင်းအေဂျင်စီများက ဖော်ပြကြသည်။

…  
အမေရိကန်သင်္ဘောများအနေဖြင့် ရုရှားကမ်းခြေအနီးတွင် မည်သည့်အလုပ်မျှ လုပ်ဆောင်ရန် အကြောင်း လုံးဝ မရှိကြောင်း၊ ၎င်းမှာ ရန်လိုသည့် အပြုအမူသက်သက်သာဖြစ်ပြီး ကမ္ဘာကြီး၏ တိုက်ရိုက်အာရုံစိုက်လာစေရန် ရန်စခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ရုရှား၏ အင်အားခိုင်မာမှုကို စမ်းသပ်နေကြပြီး သည်းခံတုန့်ပြန်မှုအပေါ် ကစားလျှက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း၊ ခရိုင်းမီးယားကျွန်းဆွယ်၊ ပင်လယ်နက်ကမ်းခြေနှင့် ဝေးဝေးနေခြင်းသည်သာ ၎င်းတို့အတွက် အကောင်းဆုံးဖြစ်ကြောင်း ရုရှားနိုင်ငံက အမေရိ ကန်အား သတိပေးလိုက်သည်ဟု ဝန်ကြီးယာကော့ဗ်က ပြောဆိုသည်။

…  
အမေရိကန်က ပုံမှန်အစီအစဉ်အတိုင်း အဆိုပါဒေသသို့ စစ်သင်္ဘောများ စေလွှတ်ခြင်းဖြစ်ကြောင်း ပင်တာဂွန်က ပြောဆိုသော်လည်း စစ်သင်္ဘောများ ဖြန့်ချခြင်းနှင့် ပတ်သက်၍ မီဒီယာများနှင့် ဆွေးနွေးရန် ငြင်းဆန်သည်။

…     
ရုရှား၏ ပင်လယ်နက်ဒေသ တိုက်ခိုက်ရေး စစ်ရေယာဉ်အုပ်စုမှာ ခရိုင်းမီးယားတွင် အခြေစိုက်ထားပြီး ကျွန်းဆွယ်အနှံ့အပြား၌ ဖျက်စွမ်းအားကြီး ဒုံးကျည်စံနစ်များနှင့် ထောက်လှမ်းရေး ရေဒါစခန်းများ တည်ရှိနေသည်။

…  
ယူကရိန်းအရေးနှင့် ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်လာသော ရုရှားအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန် #သမ္မတ_ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပြီး တင်းမာမှုလျော့ချရန် #ရုရှားသမ္မတ_ဗလာဒီမာပူတင်အား တောင်းဆိုလိုက်သည်ဟု AP သတင်းအေဂျင်စီ က ယနေ့ရေးသားသည်။

…   
ရုရှား၏ ဆိုင်ဘာကျူးကျော်မှုနှင့် ရွေးကောက်ပွဲ၌ ဝင်ရောက်စွက်ဖက်ခြင်းများနှင့် ပတ်သက်၍ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် အခိုင်အမာ ဆောင်ရွက်ပါမည်ဟု အမေရိကန်နိုင်ငံသားများအား ပြောကြားလိုကြောင်း၊ အတိုင်းအတာ အပြည့်အစုံပါရှိသော အမေရိကန်-ရုရှားထိပ်သီးဆွေးနွေးပွဲကို လာမည့် လများ အတွင်း တတိယနိုင်ငံတစ်ခုခု၌ ကျင်းပရန် ဘိုင်ဒင်က အဆိုပြုကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

…    
ယူကရိန်းအရှေ့ဖျားတွင် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်၍ ယူကရိန်းအစိုးရတပ်များနှင့် ရုရှားကျောထောက်နောက်ခံ ခွဲထွက်ရေးဝါဒီများမှာ ရုရှားက သိမ်းယူထားခဲ့သော ယူကရိန်းပိုင် ခရိုင်မီးယားကျွန်းဆွယ် ပဋိပက္ခ၌ ပိတ်မိနေခဲ့သည်။ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပေါ် အမေရိကန်က မဆုတ်မနစ် ကတိပြုကြောင်း၊ ရုရှားအနေဖြင့် တင်းမာမှု လျှော့ချရမည်ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က အလေးအနက် ပြောကြားလိုက်သည်။

…    
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ယူကရိန်းအရှေ့ပိုင်းတိုက်ပွဲများ၌ ယူကရိန်းစစ်တပ်နှင့် ခွဲထွက်ရေးသူပုန်များ၏ သေဆုံးပျက်စီးမှုသတင်းများမှာ နေ့စဉ်ထွက်ပေါ်လျှက်ရှိသည်။

…   
ယူကရိန်းအရှေ့ပိုင်းနှင့် ထိစပ်လျှက်ရှိသော နယ်စပ်တစ်လျှောက်တွင် ရုရှားတပ်ဖွဲ့ဝင် ၄၁,၀၀၀ ခန့် အလုံးအရင်းဖြင့် နေရာယူထားပြီး၊ ရုရှားတပ်ဖွဲ့ဝင် ၄၂,၀၀၀ ကျော်မှာ ခရိုင်မီးယားဒေသတွင် စုရုံးလျှက်ရှိကြောင်း ယူကရိန်းက ပြောဆိုသည်။ အင်္ဂါနေ့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားရာတွင် နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို ဖော်ပြ၍ ရက်သတ္တ ၂-ပတ်ကျော် ကြာမြင့်မည့် အသင့်စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ဖော်ပြသည်။

…   
အင်္ဂါနေ့စောစောပိုင်းတွင် နေတိုးမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးရန် ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်တွင် ရောက်ရှိနေသည့် #အမေရိကန်နိုင်ငံခြားရေးဝန်ကြီး_အန်တိုနီဘလင်ကင်ကမူ ရုရှားတပ်များ စုရုံးနေခြင်းနှင့် ပတ်သက်၍“ အလွန်အကျွံ ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး၊ ရုရှား၏လုပ်ရပ်မှာ အကြောင်းခိုင်လုံခြင်းမရှိ၊ တရား မမျှတသည့်အတွက် စိုးရိမ်ပူပန်ကြောင်း နေတိုးအကြီးအကဲက ပြောဆိုသည်။

…   
နေတိုး၏ ထောက်ခံမှုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်ပြီး ရန်လိုမှုအတွက် ရုရှားက တန်ဖိုးကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အနောက်နိုင်ငံများအနေဖြင့် ထင်ထင်ရှားရှားပြသကြရန် တောင်းဆိုလိုက်သည်။

…   
ဘိုင်ဒင်၏ အစိုးရသစ်၏ ရုရှားနှင့် ဆက်ဆံရေးမှာ အစပိုင်းတည်းက ကြမ်းတမ်းမှုများနှင့် ပြည့်နှက်နေပြီး ယခင်ဒေါ်နယ်ထရမ့်၏ ပူတင်အပေါ် ပျော့ပြောင်းသော အမြင်နှင့် ခေါက်တုန့်လူးလာ ရှိနေရာမှ ဝေးကွာမှု ဘက်သို့ အလေးပေးလာခဲ့သည်။ ရုရှားအတိုက်အခံ #အလက်ဆီနာဗယ်လီ ကိစ္စနှင့်ပတ်သက်၍ ဘိုင်ဒင်က ပူတင်အား လူသတ်သမား အဖြစ် ပြောဆိုသုံးနှုန်းခဲ့ပြီး အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်များကို ပြန်ခေါ်ခြင်းဖြင့် ပူတင်က တုန့်ပြန်ခဲ့သည်။


((ယခု #ယူကရိန်းအကြပ်အတည်းသတင်းကို ဖတ်ရင်း #၁၉၆၂-ခုနှစ်_ကျူးဘားဒုံးပျံအကြပ်အတည်းကို ကျွန်တော်၏ စိတ်တွင် ပြန်လည်မြင်ယောင်မိပါသည်။ သမ္မတကနေဒီလက်ထက်၌ အမေရိကန် မိုင်ယာမီကမ်းခြေနှင့် လက်တစ်ကမ်းသာ ကွာဝေးသည်ဟု ဆိုနိုင်သော ကျူးဘားနိုင်ငံတွင် ဖီဒယ်ကတ်စ်ထရိုက ရုရှား၏ အထောက်အပံ့ဖြင့် ဒုံးကျည်ပစ်စင်များ တည်ဆောက်နေသည့် သတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ကျူးဘားသို့ ဦးတည်လာသော သင်္ဘောမှန်သမျှကို ဟန့်တားမည်ဖြစ်ကြောင်း အမေရိကန်က ကြေညာခဲ့ပြီး ထိုသို့လုပ်ဆောင်လျှင် သည်းခံမည်မဟုတ်ကြောင်း ရုရှားကလည်း တုန့်ပြန်ခြင်းဖြင့် တတိယကမ္ဘာစစ်အရိပ်အယောင်များ ပေါ်ထွက်ကာ ကမ္ဘာကြီးတစ်ခုလုံး စိုးရိမ်ခဲ့ရသည်။

…  
လွန်ခဲ့သည့် ရက်သတ္တပတ်၌ ယူကရိန်းနိုင်ငံက နေတိုးစစ်စာချုပ်အဖွဲ့သို့ ဝင်ရောက်ရန် ပြင်ဆင်ခြင်းနှင့်အတူ ယခု အကြပ်အတည်း စတင်သည်။

…  
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇-ခုနှစ်တွင် စတင်၍ ၁၉၉၁-ခုနှစ် ဆိုဗီယက်အင်ပါယာပြိုကွဲချိန်အထိ #စစ်အေးတိုက်ပွဲကာလတွင် အနောက်ပုံစံဒီမိုကရေစီအုပ်စုနှင့် လက်ဝဲနိုင်ငံတို့ အုပ်စုဖွဲ့ကာ နိုင်ငံရေးအရ အားပြိုင်ခြင်းသာ များပြားခဲ့သည်။

…  
လက်ရှိပြန်လည်ဖြစ်ပွားနေသော စစ်အေးတိုက်ပွဲတွင် လက်ဝဲမဟုတ်သော ရုရှားနှင့် ကွန်မြူနစ်တရုတ်တို့က အနောက်ပုံစံဒီမိုကရေစီအုပ်စုနှင့် အားပြိုင်လာခြင်းဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်များနှင့် လေယာဉ်တင်စစ်သင်္ဘောများ အပြန်အလှန်ထုတ်ဖော်ပြသ စစ်ရေးလေ့ကျင့်ကြခြင်းမှာ ထူးခြားသည်။ သို့သော် နျူကလီယာကဲ့သို့ လူအများ အစုအပုံလိုက်သေကြေစေသည့် လက်နက်ပိုင်ဆိုင်မှုတွင် တရုတ်ထက် ရုရှားက သာလွန်ကြောင်း အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာများအရ သိရှိရသည်။

(((Reuters.,Apr. 13,2021,” Russia warns Black Sea-bound US warships to stay away from Crimea.” နှင့် အခြားအကြောင်းအရာတူဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော် အောင် ဘာသာပြန်ဆို ကိုးကားသည်။)))

#ယူကရိန်းအကြပ်အတည်း #ပင်လယ်နက်သို့ဦးတည်လာသောအမေရိကန်စစ်သင်္ဘောများကိုရုရှားသတိပေး

https://www.dailysabah.com/world/europe/russia-warns-black-sea-bound-us-warships-to-stay-away-from-crimea
https://apnews.com/article/joe-biden-politics-ukraine-vladimir-putin-russia-3a29fb722f9725314495dbaf90b32252
https://www.history.com/topics/cold-war/cuban-missile-crisis

+1

Leave a Reply

Your email address will not be published.