
မကြာသေးမီက ဘုတ်ဖြင့် ရောက်ရှိလာသူ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) ၄၀၀ နီးပါးမှာ များသောအားဖြင့် ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်ခဲ့သူများဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ပြောဆိုသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ကော့ဘဇားအခြေစိုက်ရုံးခွဲမှ ပြောရေးဆိုခွင့်ရှိသူ လူစီဒိုနိုဗိန်က ပြောဆိုရာတွင် အခု အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအားလုံးကို တစ်ဦးချင်းတွေ့ဆုံမေးမြန်းမှု့ အပြီး သတ်လုနီးဖြစ်ကြောင်း၊ ( မီဒီယာနှင့် ဘင်္ဂလားဒက်ရှ်အာဏာပိုင်များပြောဆိုသကဲ့သို့ မြန်မာ့တပ်မတော်နှင့်သူပုန်များတိုက်ပွဲကြောင့်) မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း အတည်ပြု သည်။
၁၄-ရက်ကြာ ရောဂါခြေချုပ်ကာလပြီးဆုံးသည့်အခါ ၎င်းတို့မိသားစုဝင်များခိုလှုံလျှက်ရှိရာ ကော့ခ်ဘဇားစခန်းများသို့ ပြန်သွားကြရမည်ဆို၏။ ဧပြီလ ၁၆ -ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ဒုက္ခသည်ဘင်္ဂါလီ ၃၉၆–ဦးပါ လှေတစ်စီးကို ကယ်ဆယ်ခဲ့ရဖူးရာ ၎င်းတို့မှာ မလေးရှားနိုင်ငံက ကမ်းကပ်မခံပဲ မောင်းထုတ်ခံခဲ့ရသူများဖြစ်ကြောင်း သိရှိရသည်။
လှေဖြင့်ရောက်ရှိလာခဲ့သည့် ဒုက္ခသည်ဘင်္ဂါလီ ၄၀၀ ကို ဆိပ်ကမ်းတွင် ဘေးကင်းစွာ ဆင်းသက်နိုင်ရေး အတွက် UNHCR ဝန်ထမ်းများနှင့် ဘင်္ဂလားဒက်ရှ်အာဏာပိုင်တို့က အတူတကွလုပ်ဆောင်ခဲ့ကြသည်။ အစိုးရညွှန်ကြားချက်အရ ၎င်းတို့သည် Covid-19 ရောဂါ စွဲကပ်ခြင်း ရှိ-မရှိ သေချာသည်အထိ ရောဂါခြေချုပ်အဖြစ် သီးသန့်ထားရှိမည်ဖြစ်သည်။
ဒုက္ခသည်ဘင်္ဂါလီများသည် ကြောက်မက်ဖွယ် ဘင်္ဂလားပင်လယ်အော်အား ရက်သတ္တ ၁၀-ပါတ်မျှကြာအောင် ဖြတ်သန်းလာရစဉ် အစာရေစာငတ်မွတ်ခေါင်းပါးခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းနှင့် ကိုယ်ထိလက်ရောက်စော်ကားခြင်းတို့ကို ကြုံတွေ့ခဲ့ကြရကြောင်း၊ အများအပြား အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးသူများကို လှေပေါ်မှ ပစ်ချခဲ့ကြရကြောင်း၊ ဘင်္ဂလားဒက်ရှ်အစိုးရ၊ UNHCR နှင့် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များ ကူညီဖေးမမှု့ဖြင့် ယခုအခါ ပြန်လည်နလံထူလာကြပြီဖြစ်ကြောင်း UNHCR ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။
((( Dahka Tribune., April 30th, 2020,” UNHCR: Rohingyas rescued from boat largely registered with camps.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
# ပင်လယ်ပြင်၌မျောပါနေသောဒုက္ခသည်ဘင်္ဂါလီများကိုကယ်ဆယ်ပြီးစီး