ပညာတတ်သူများက အကျင့်ပျက်ခြစားမှုများ၌ ပိုမိုပါဝင်နေသည်ကို တွေ့ရဟု ဘင်္ဂလားဒက်ရှ် ဥပဒေရေးရာဝန်ကြီးပြောဆို

အစဉ်အလာအားဖြင့် နိုင်ငံတိုင်းတွင် စာတတ်မြောက်မှုနှုန်းများလေလေ ရာဇဝတ်မှုဖြစ်ပွားနှုန်း နည်းလေလေ ဖြစ်သော်လည်း ဘင်္ဂလားဒက်ရှ်အတွင်း အကျင့်ပျက်ခြစားမှုများ၌ စာတတ်မြောက်သူများပါဝင်ပတ်သက်နှုန်း ပိုမိုလျှက်ရှိကြောင်း၊ ပညာတတ်သူများတွင် ရာဇဝတ်မှုကျူးလွန်နှုန်းတိုးမြင့်လာနေခြင်းကို ဘင်္ဂလားဒက်ရှ် ဥပဒေရေးရာဝန်ကြီး အနီသူလ်ဟက်က အလေးအနက်တင်ပြလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star က ယနေ့ရေးသားသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် စာတတ်မြောက်မှုနှုန်း မြင့်တက်လာသော်လည်း ရာဇဝတ်မှုကျူးလွန်သူအများစုမှာ ပညာတတ်များဖြစ်နေသည်ကို တွေ့ရကြောင်း Dutch Bangla Bank က ကြီးမှူးကျင်းပသော ဒါကာမြို့ ဘင်္ဂါဘန်ဒူနိုင်ငံတကာကွန်ဖရင့်စင်တာ၌ အလယ်တန်း အဆင့်ပညာရေးပြီးဆုံးသူ ၂၀၃၈ -ဦးအား ပညာသင်ဆုပေးအပ်စဉ် ဝန်ကြီးက ပြောဆိုသည်။

အမျိုးသားခေါင်းဆောင်ကြီး ရှိတ်မူဂျစ်ဘူရာမန်ချမှတ်ခဲ့သော အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးသည် ( ဘင်္ဂါလီ ဘာသာဖြင့် ) “ ဘင်္ဂါလားမိတ်ဆွေများ” ဟု အဓိပ္ပါယ်ရသော  ဘင်္ဂါဘန်ဒူ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း၊ ( ရှိတ်မူဂျစ်ဘူရာမန်၏ သမီး ) ရှိတ်ဟာစီနာအစိုးရအနေဖြင့်လည်း အကျင့်ပျက်ခြစားမှုအပေါ် လုံးဝသည်းမခံ သည့် ပေါ်လစီချမှတ်ထားကြောင်း၊ ကျောင်းသားများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ဝန်ကြီးက တိုက်တွန်းလိုက်သည်။

(( ယူနက်စ်ကို စာရင်းဇယားများအရ ၂၀၁၆-ခုနှစ်တွင် မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်အထက် စာတတ်မြောက်သူနှုန်းသည် လူဦးရေ၏ ၇၅.၆ % ရှိသည်။ ထိုပမာဏမှာ ၁၉၈၃-ခုနှစ် ၇၈.၆ % နှင့် ယှဉ်လျှင် ကျဆင်းသွားခြင်းဖြစ်သည်ဆို၏။

ဘင်္ဂလားဒက်ရှ်တွင် ၂၀၁၆ -ခုနှစ် ၁၅ နှစ်အထက်စာတတ်မြောက်မှုမှာ ၇၂.၈ % ရာနှုန်းရှိသည်။

ကျွန်တော်တစ်ဦးတည်း၏အမြင်တွင် နိုင်ငံတစ်နိုင်ငံ မွဲပြာကျရခြင်းမှာ အကျင့်ပျက်ခြစားမှုနှင့် လွဲမှားသော စီမံခန့်ခွဲမှုတို့ကြောင့် ဖြစ်ရသည်ဟု ယုံကြည်သည်။ ထို့ပြင် အကျင့်ပျက်ခြစားမှုနှင့် လွဲမှားသောစီမံခန့်ခွဲမှုသည် ကြိုးတစ်ချောင်း၏ အစနှစ်ဖက်နှင့် တူ၍ အစတစ်ဖက်မှဆွဲလျှင် နောက်တစ်ဖက်လည်း အလိုလိုပါသွားသည်။ ဆိုလိုသည်မှာ အကျင့်ပျက်ခြစားသူသည် လွဲမှားစွာစီမံခန့်ခွဲမည်ဖြစ်ပြီး၊ တစ်လွဲချည့် စီမံနေတတ်သူမှာလည်း အကျင့်ပျက်ခြစားရန် အဆင်သင့်ဖြစ်နေတတ်သည်။      

လွဲမှားစွာစီမံခန့်ခွဲ၍ အကျင့်ပျက်ခြစားမှုများ ထိပ်စည်းက ပိတ်နေသောကာလ ကြာရှည်လေလေ လူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးမှာလည်း အသိအမြင်များ ခေါက်ရိုးကျိုးလျှက် ချောက်ကျိုးနည်းကိန်းဆိုက်ရလေ၏။    ။ သတင်းဘာသာပြန်သူ ))

( စက်တင်ဘာ – ၂၈၊ ၂၀၁၉ )((( The Daily Star., September 28, 2019,” Educated people more involved in corruption: Law minister.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.thedailystar.net/politics/bangladesh-corruption-criminal-tendency-increasing-1806517

https://countryeconomy.com/demography/literacy-rate/burma

https://countryeconomy.com/demography/literacy-rate/bangladesh#targetText=Bangladesh%20it%20has%2C%20according%20to,%2C%20for%20females%20is%2070.09%25.

+1

Leave a Reply

Your email address will not be published.