ပဋိပစ္စည်း Antibody စမ်းသပ်ချက်များအရ ရောဂါလက္ခဏာမပြပဲ COVID-19 ရောဂါပိုး ကူးစက်ပြန့်နှံ့မှုများမှာ လက်ရှိအရေအတွက်ထက် အဆပေါင်းများစွာ ပိုနေနိုင်၊ ကမ္ဘာတဝှမ်းလုံးတွင် ခန့်မှန်းလူဦးရေ သန်းရာနှင့်ချီရှိမည်ဟု WHO ကိန်းဂဏန်းများက ဖော်ပြနေဟုဆို

လေ့လာတွေ့ရှိချက် အသစ်အချို့အရ ကမ္ဘာ့လူဦးရေ သန်း ၂၃၀ တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးဖြစ်နိုင်ကြောင်း WHO ကပြောဆိုသည်။ ထိုအရေအတွက်မှာ လက်ရှိနိုင်ငံတကာအစိုးရတို့၏ တရားဝင်စာရင်း ပါ ၂.၃ သန်းထက် အဆပေါင်း ၉၀ ကျော် များပြားလျှက်ရှိသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

လူတို့၏ ခန္ဓာကိုယ်အတွင်း ရောဂါပိုးများဝင်ရောက်သည့်အခါ ကိုယ်ခံအားဆဲလ်များက ခုခံကာကွယ်ကြသည်။ ရောဂါပိုးတို့က ခန္ဓာကိုယ်တွင်းခုခံအားဆဲလ်များအပေါ် အနိုင်ရခြင်းဖြင့် လူတွင်ရောဂါစွဲကပ်ရသည်။ ရောဂါပိုးများရှုံးသည်-နိုင်သည်ဖြစ်စေ ရက်အနည်းငယ်အတွင်း လူ၏သွေး၌ ပဋိပစ္စည်းများဖြစ်ပေါ်လာသည်။ ပဋိပစ္စည်း သို့မဟုတ် သွေးခဲရည်ကြည်စမ်းသပ်ခြင်းမှာ ဗိုင်းရပ်စ်အား ခုခံသော Antibody ထွက်-မထွက်ကို လေ့လာခြင်းမျှသာဖြစ်ပြီး အဆိုပါ ဗိုင်းရပ်စ် ရှိ- မရှိကို စမ်းသပ်ခြင်း မဟုတ်ပါ။ ဗိုင်းရပ်စ်မရှိပဲလည်း ဖြစ်နိုင်သည်။

ပဋိပစ္စည်းတွေ့ရှိရသူအုပ်စုကြီး ရှိနေလျှင် herd immunity “ မျိုးအုပ်လိုက်ရောဂါပြီး” သည်ဖြစ်၍ ကိုရိုနာဗိုင်းရပ်စ်မစွဲကပ်နိုင်တော့ပဲ Covid-19 ကူးစက်ကပ်ရောဂါ အဆုံးသတ်ရန် အကောင်းဆုံး မဟာဗျူဟာဖြစ်လာမည်ဟု ယုံကြည်သူများအတွက် ပြောစရာဖြစ်နေပါသည်။ WHO ပြောဆိုသည့် ပဋိပစ္စည်းတွေ့ရသူအုပ်စုကြီး သန်း ၂၃၀ ဆိုသည်လျှင်ပင် ကမ္ဘာ့လူဦးရေ၏ ၂ – ၃ ရာခိုင်နှုန်းသာရှိနေပြီး “ မျိုးအုပ်လိုက်ရောဂါပြီးခြင်း” ဟု သတ်မှတ်ရန် အမှန်ရှိသင့်သည့် ၆၀-၇၀ ရာနှုန် ပြည့်မီရန် အပုံကြီး ဝေးနေသည်။

WHO ၏ တွေ့ရှိချက်များသည် စောစောပိုင်းရရှိသည့် အချက်အလက်များအရသာဖြစ်ပြီး ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းထုတ်လုပ်ပြီးသူ အရေအတွက်မှာ ထိုထက်ပိုမိုနိုင်သည်ဟု မျှော်လင့်ရသည်။ သို့သော် အစိုးရတို့၏ တရားဝင်ထုတ်ပြန်ချက်များမှာ သေဆုံးနုန်းနည်းနေသည်ဟု ထင်မြင်စေရန် ရောဂါဖြစ်ပွားနုန်းကို မြှင့်ထား၍လည်း ဖြစ်နိုင်သည်။


#မျိုးအုပ်လိုက်ရောဂါပြီးရန်ပျောက်ဆုံးနေပါလား မျိုးအုပ်လိုက်ရောဂါပြီးခြင်းဆိုသည်မှာ အတိုင်အတာတစ်ခုမျှအထိ လူအုပ်စုကြီးများတွင် ဗိုင်းရပ်စ်အား ခုခံအားရှိလာခြင်းဖြစ်ပြီး ခုခံအားမရှိသေးသော လူများဆီသို့ ကူးစက်မှုကို ဖြတ်တောက်နိုင်ခြင်းကို ဆိုလိုသည်။ လက်ရှိဖြစ်ပွားနေသော ရောဂါပိုးပြန့်နှံ့မှုအကြပ်အတည်းအား နိဂုံးချုပ်စေလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ၎င်းအတွက် ပျမ်းမျှ လိုအပ်ချက်မှာ လူဦးရေစုစုပေါင်း၏ ၆၀ မှ ၉၀ ရာနုန်း ရှိရမည်ဖြစ်ပြီး WHO ၏ လက်ရှိကိန်းဂဏန်း၂ မှ ၃ ရာခိုင်နုန်းဆိုသည်မှာ မျိုးအုပ်လိုက်ရောဂါပြီးသည့်အဆင့်ရောက်ရန် အတော်ပင် အလှမ်းဝေးသည်။

အမှန်စင်စစ်အားဖြင့် Antibody စစ်ဆေးခြင်းဆိုသည်မှာ ရေပက်မဝင်ဟုတော့ မဆိုလိုပါ။ စောစောပိုင်း တွေ့ရှိချက်များအရဆိုလျှင် Antibody စစ်ဆေးရန် မလိုအပ်၊ မသက်ဆိုင်ဟု ယူဆခဲ့ကြသည်။ သွေးထဲတွင် ပဋိပစ္စည်းတွေ့ရှိသည်ဆိုကာမျှနှင့် နောက်တကြိမ် ပြန်လည်ကူးစက်နိုင်သည်ကို စစ်ဆေးရန် လို-မလို တိတိပပ မပြောနိုင်သေးပဲ တစ်ကမ္ဘာလုံး သန်း ၂၆၀ ထက်အများကြီးပိုသော အရေအတွက်ရှိသူများတွင် ရောဂါပိုးကူး စက်ခံထားရပြီးသူများဖြစ်ရပါလိမ့်မည်။

ထိုထက်ပို၍ ဆိုရလျှင် ယခုတွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်သော SARS-CoV-2 နှင့် ပတ်သက်၍ ကျွနု်ပ်တို့ အနည်းငယ်မျှသာ သိရှိရပါသေးသည်၊ အခြားသော ကိုရိုနာဗိုင်းရပ်စ်များဖြစ်သည့် အအေးမိ တုတ်ကွေးကဲ့သို့ ကူးစက်မှုရလာဒ်ကို အသေးစိတ် မလေ့လာနိုင်သေးချေ။

#ရလာဒ်များရှုတ်ထွေးနေ သို့သော် အခြားသောသုတေသနအသစ်များ၏ ရလာဒ်မှာ WHO မှလာသည့် သတင်းနှင့်ဆန့်ကျင်ဖက် ဖြစ်နေသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် စတန်းဖို့ဒ်တက္ကသိုလ်မှ ထုတ်ပြန်သော ကယ်လီဖိုးနီးယား Covid ကူးစက်ခြင်း လေ့လာမှု၊ မက်ဆာချူးဆက်၊ ချယ်ဆီးနေထိုင်သူများအကြားရှိ Antibody တွေ့ရှိသူ နှိုင်းဆချက်များက ပိုမိုများပြား ကွဲလွဲနေသည်။

WHO သို့ ရောက်လာသော ဖြစ်ပွားမှုစာရင်းများသည် မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားမှုထက် အဆပေါင်းများစွာ လျော့နည်း၍လည်း နေနိုင်ပါသည်။ ဆွီဒင်မှ ပြုလုပ်သော လေ့လာမှုစစ်တမ်းအရ စတော့ဟုမ်းနယ်မြေတွင် လူ ၁၀၀ လျှင် ၁၁ ဦးတို့တွင် Antibody ရှာတွေ့ကြောင်း ဖော်ပြထားသည်။ စမ်းသပ်မှု အမှားအယွင်းများကြောင့်လည်း လက်ရှိ ကူးစက်ခံရသူအရေအတွက်ထက် အမှန်တကယ်ဦးရေက အဆများစွာ ပိုနေနိုင်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ကြပါသည်။ ဆွီဒင်အတွက်ဆိုလျှင် လူပေါင်းများစွာတွင် ဗိုင်းရပ်စ်ကူးစက်မှု ရှိနေနိုင်သည်ဆိုခြင်းမှာ ကူးစက်မှုကို (laissez-faire approach) သဘာဝအတိုင်း ထားလိုက်နိုင်စေရန်အတွက် သတင်းကောင်းလိုလိုဖြစ်သည်။ လက်ရှိအချိန်တွင် ဆွီဒင်တွင် ရောဂါကူးစက်ခံရမှုကြောင့် ယနေ့အထိ ထောင်နှင့်ချီ၍ သေဆုံးနေပြီး ယခုထင်မြင်ချက်သာ မှန်မည်ဆိုလျှင် မကြာခင် ရောဂါကူးစက်ခံရမှု ကျဆင်းသွားရမည်ဖြစ်သည်။


WHO ၏ ကိန်းဂဏန်းများမှာ မည်သည့်နေရာတွင် ကောက်ယူမှန်း ရှင်းလင်းစွာ မသိရပါ။ကမ္ဘာ့လူဦးရေ၏ ၂- ၃ ရာခိုင်နှုန်းသာရှိသည့် လူအရေအတွက်အနည်းငယ်ကိုသာ ခပ်ကျဉ်းကျဉ်းစမ်းသပ်မှုများဖြစ်နေသည်။ ဆောက်သမ်ကယ်လီဖိုးနီးယားတက္ကသိုလ်ပညာရှင်များအနေဖြင့်မူ ကမ္ဘာတစ်ဝှမ်း ၄.၁ ရာနှုန်းတို့၌ ကိုရိုနာဗိုင်းရပ်စွဲ ကပ်လျှက်ရှိသည်ဟု တွေ့ရှိသည်။ ထိုကိန်းဂဏန်းများပေါ် အခြေခံ၍ ရောဂါကြိုတင်ခန့်မှန်းရေးပုံစံ ပြန်လည်ချိန်ညှိရန်နှင့် အများပြည်သူ့ကျန်းမာရေး ရောဂါကာကွယ်မှု မဟာဗျူဟာပုံစံအသစ်များ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်သည်။


လက်ရှိ နိုင်ငံအများစု၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပေါ်လစီများသည် အလွန်အန္တရာယ်ရှိသောဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုက ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအား လွှမ်းမိုးရန် ခြိမ်းခြောက်နေခြင်းအား နှေးကွေး သို့မဟုတ် ရပ်တန့်ပစ်ရန် ရည်ရွယ်ထားသည်။ သို့သော် တစ်ဖက်တွင်လည်း WHO ၏ ကိန်းဂဏန်းများသာ မှန်ကန်ခဲ့လျှင် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီ သော လူများသည် ရောဂါလက္ခဏာမပြပဲ ဗိုင်းရက်စ်ကူးစက်ခံခဲ့သည်မှာ အဖတ်ဆယ်မရဖြစ်သည်ဟု ယူဆရမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်မှာ Lockdown ချ ၍ မဖြစ်နိုင်လောက်အောင် အကြီးအကျယ် ပျံ့ပွားနေပြီဟုလည်း တွေးထင်စရာ ရှိနေသည်။

( ယခုဆောင်းပါး မူရင်းစာရေးသူ ပီတာအင်ဒရူးသည် လန်ဒန်အခြေစိုက် သိပ္ပံဂျာနယ်လစ်နှင့် စာရေးဆရာဖြစ်သည်။ ဂလပ်စ်ကိုတက္ကသိုလ်မှ မျိုးဗီဇပညာဆိုင်ရာ ဘွဲ့ရရှိသူဖြစ်ပြီး သိပ္ပံဆောင်းပါးများ ရေးသားလျှက်ရှိသည်။


အများသိရှိကြသည့်အတိုင်း Covid-၁၉ ရောဂါဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်မှာ အသစ်ဖြစ်ပြီး တွေ့ရှိသည် မှာ ၄-လခန့်သာ ကြာပါသေးသည်။ ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါနှင့် ပတ်သက်၍ (၁) နိုင်ငံရေးသမား(၂)မီဒီယာ(၃) သိပ္ပံပညာရှင်တို့က အမြင်အမျိုးမျိုး ပြောဆိုလျှက်ရှိရာ ၃-အုပ်စု ၃- သံ တစ်ညီတစ်ညာတည်း ထွက်ခြင်းမဟုတ်ပဲ တစ်ယောက် တစ်ပေါက်ဖြစ်နေသည်။ ပီတာအင်ဒရူးကဲ့သို့ သိပ္ပံပညာရှင်တစ်ပိုင်း ဂျာနယ်လစ်တစ်ပိုင်းမျိုး မဟုတ်သော ဂျာနယ်လစ် တို့ကမူ သိပ္ပံပညာရှင်အချို့ပြောဆိုချက်မှ လိုရာဆွဲ နှပ်ကြောင်းပေးရေးကြလေရာ ဇီဝလက်နက်ဖြစ်သောဟူ၏။

သိပ္ပံပညာရှင်တို့အနက် ယခုတလောသဲသဲမဲ အတွယ်ခံရဆုံးမှာ WHO ဖြစ်ပြီးလျှင် အတိအကျပြောရပါက အထွေထွေညွှန်ကြားရေးမှူး တက်ဒရော့စ်အက်ဒ်ဟာနွန်ဂီးဘရီးယက်စ်ဖြစ်သည်။ အမေရိကန်သည် WHO အား ထည့်ဝင်နေကျရံပုံငွေများ ရပ်ဆိုင်းပစ်လိုက်သဖြင့် အမေရိကန်နိုင်ငံရေးလောကမှာပင် မလုပ်သင့်ကြောင်း ဝေဖန်နေကြသည်။ ရီပတ်ပလစ်ကင်များကမူ ဂီးဘရီးယက်စ်နှုတ်ထွက်ပေးလျှင် ရံပုံငွေပြန်လည်ထည့်ဝင်ရန် စဉ်းစားသင့်ကြောင်း ဒေါ်နယ်ထရမ့်အား နားချလျှက်ရှိသည်။

မီဒီယာနှင့် သိပ္ပံပညာရှင်တို့ မတိုင်ပင်ပဲ ၂-ဖွဲ့ပေါင်း၍ အတွယ်ခံရဆုံး နိုင်ငံရေးသမားများတွင် ဒေါ်နယ်ထရမ့်မှာ ပြိုင်ဘက်ကင်းဖြစ်ချေသည်။ ဒေါ်နယ်ထရမ့်ကလည်း နေရောင်ခြည်သည် ကိုရိုနာဗိုင်းရပ်စ်အားသေစေသည်ဟု ဆိုခဲ့ရာ “ ခန္ဓာကိုယ်ကို နေရောင်ခြည်လှုံခြင်း – အပူချိန် ၂၅° စင်တီဂရိတ် အထက်ရှိအောင် ပြုလုပ်ယုံမျှနှင့်ခြင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကာကွယ်နိုင်ခြင်း မရှိကြောင်း “ WHO အားကိုးကား၍ မီဒီယာများက ဆော်ကြသည်။ Dettol မှာ ပိုးမွှားများသေစေသဖြင့် Covid-19 မဖြစ်အောင် ဒက်တောလ်ပိုးသတ်ဆေး ထိုးနှံပေးရမည်ဟု ထရမ့်က ဆိုပြန်ရာ “ ဒက်တောလ်ကို ဒီအတိုင်းထိုးရင် သေကုန်ရောပေါ့ဗျာ “ ဟု Dettol ကုမ္ပဏီက ရှင်းယူနေရသည်။

လောကတွင် အမြီးမညပ်ဖဲ စိတ်ချမ်းမြေ့စွာ နေထိုင်နည်းဆိုသည်မှာ သိပ်တော့မလွယ်ကူချေ။ အထင်တကြီးနှင့် သူများအလုံး ခပ်တည်တည် ယူသုံးမိကာမှ နှဲခွက်ကြီး နင်းမိနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))


((( Russia Today., 21 Apr, 2020,” Antibody tests suggest Covid-19 may have spread much more than predicted, with possibly HUNDREDS OF MILLIONS infected worldwide.” ကို #ZeyarKhine #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#ကိုရိုနာဗိုင်းရပ်စ်ပဋိပစ္စည်းWHOဒေါ်နယ်ထရမ့်

https://www.rt.com/news/486489-covid19-antibody-millions-people-infected/

https://www.pulse.com.gh/lifestyle/mens-health/sunlight-and-hot-temperatures-do-not-prevent-the-coronavirus/857grlq

https://www.bbc.com/news/world-us-canada-52399464

0

Leave a Reply

Your email address will not be published.