ပထမအသုတ်ဒုက္ခသည်များအား ကော့ခ်ဘဇားမှ ဘာဆန်ချာကျွန်းသို့ အုပ်စုလိုက် ပို့ဆောင်ပေးလျှက်ရှိ။ မိသားစု ၃၅၀ ခန့်ပါဝင်မည့် ဒုက္ခသည်ဘင်္ဂါလီ ၂,၅၀၀ တို့ကို စတင်ပြောင်းရွှေ့ရန် အသင့်ပြင်ဆင်ပြီးဖြစ်၊ ပြောင်းရွှေ့နေရာချထားခြင်းကို အမြန်ဆုံးရပ်ဆိုင်းရန် ကုလနှင့် လူ့အခွင့်ရေးအဖွဲ့တို့ တောင်းဆို

  
ဆန္ဒအလျောက် နိုအာခါလီခရိုင် ဘာဆန်ချာကျွန်းသို့ သွားရောက်နေထိုင်ကြမည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များအား လူအများစုပြုံပြွတ်သိပ်နေထိုင်လျှက်ရှိသည့် ၎င်းတို့စခန်းများမှ ပြောင်းရွှေ့ပေးလျှက်ရှိသည်။ မိသားစု ၁၀၀ ခန့်ရှိမည့် ဒုက္ခသည်ဘင်္ဂါလီများသည် အူခီယာရှိ ကူတူပါလောင် ကြားစခန်းသို့ တစ်နေ့တာအတွင်း တဖွဲဖွဲ ရောက်ရှိနေကြပြီး ကြာသပတေးနေ့ ညနေပိုင်းတွင် ဘာဆန်ချာသို့ ခရီးစတင်ရန် စီစဉ်ထားသည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။ 

  
ပင်လယ်ပြင်၌ ငါးဖမ်းခြင်းဖြင့ ်အသက်မွေးဝမ်းကြောင်းပြုခဲ့ဖူးသဖြင့် တက္ကနဖ်စခန်းတွင် နေသည်ထက် ပို၍ကောင်းသော ဘဝမျှော်လင့်ချက်ဖြင့် ဘာဆန်ချာသို့ သွားလိုခြင်းဖြစ်ကြောင်း၊ တက္ကနဖ်စခန်းရှိ အိမ်ဟောင်းနှင့်ပစ္စည်းဟောင်းများကို အိမ်နီးချင်းတစ်ဦးအား တာကာငွေ ၈၀၀၀ ( ကျပ်ငွေတစ်သိန်းနှစ်သောင်းခန့် ) ဖြင့် ရောင်းချလိုက်သည်ဟု ရှမ်လာပူ ဒုက္ခသည် စခန်း၌နေထိုင်သူ ဆလာမတ်အူလာက သတင်းထောက်၏ အမေးကို ဖြေကြားသည်။ 

  
တက္ကနဖ်ရှိ ရှမ်လာပူစခန်းအကြီးအကဲဖြစ်သူ အဗ္ဗဒူကာဆင်ကမူ မိသားစု ၅-စုတို့မှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ၎င်းနေထိုင်ရာစခန်းမှ ဘာဆန်ချာသို့ ဆန္ဒအလျောက် ထွက်ခွာသွားကြကြောင်း၊ ပြောင်းရွှေ့ရာတွင် ပါဝင်သူများကို အူခီယာရှိ ကူတူပါလောင် ကြားစခန်းသို့ ဘတ်စ်ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ကြာသပတေးနေ့တွင် ၎င်းနေထိုင်ရာစခန်းမှ နောက်ထပ်မိသားစုများစွာကို ပြောင်းရွှေ့ပေးရန်စီစဉ်ထားကြောင်း ပြောဆိုသည်။ 


သက်ဆိုင်ရာတာဝန်ရှိသူများက ပြောဆိုရာတွင် မိသားစု ၃၅၀ ခန့်ပါဝင်မည့် ဒုက္ခသည်ဘင်္ဂါလီ ၂,၅၀၀ တို့ကို စတင်ပြောင်းရွှေ့ရန် လိုအပ်သော ပြင်ဆင်များအားလုံး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ကော့ခ်ဘဇားစခန်းမှ ဒုက္ခသည်ဘင်္ဂါလီအချို့ကို ကြာသပတေးနေ့တွင် ဘာဆန်ချာသို့ လွှဲပြောင်းပေးရန် ပြင်ဆင်ထားကြောင်း၊ ဒီဇင်ဘာ ၃-ရက်နှင့် ၄-ရက်နေ့များတွင် ဒုက္ခသည်ဘင်္ဂါလီများကို လွှဲပြောင်းပေးပြီး၊ လွှဲပြောင်းစဉ် လုံခြုံရေးအတွက် နောက်ထပ်ရဲတပ်ဖွဲ့ဝင် ၂၂၂-ဦးကို နေရာချထားပေးပြီးဖြစ်ကြောင်း နိုအာခါလီရဲတပ်ဖွဲ့ ( အုပ်ချုပ်နှင့် မှုခင်းဆိုင်ရာ ) တွဲဘက်ရဲမှူးက ဒီပတ်ဂျိုရိုတီက ရှင်းပြသည်။

  
စောစောပိုင်းတွင် ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဆိုင်ကော်မရှင်နာမင်းကြီးရုံး (RRRC) ၏ တွဲဘက်ကော်မရှင်နာမင်းကြီး မိုဟာမက်ရှမ်ချုးဒေါ်ဂျာက ပြောဆိုရာတွင် အချို့ဒုက္ခသည်ဘင်္ဂါလီမိသားစုများမှာ ဘာဆန်ချာကျွန်းသို့ သွားရောက်နေထိုင်ရန် ဆန္ဒအလျောက် သဘောတူခဲ့သူများ ဖြစ်ကြောင်း၊ ယခုနောက်ဆုံးအဆင့်အဖြစ် ၎င်းတို့အား လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 


မြန်မာ့တပ်မတော်၏ အဆက်မပြတ် တိုက်ခိုက်၊ ဖိနှိပ်၊ သတ်ဖြတ်မှုများကြောင့် ၂၀၁၆ သြဂုတ်လ ၂၅ ရက်နေ့တွင် ဒုက္ခသည်ဘင်္ဂါလီ ၇၅၀,၀၀၀ ကျော်တို့မှာ ဘင်္ဂလားဒေ့ရ်ှ၌ ခိုလှုံခဲ့ကြရသည်။ ထိုအရေအတွက်သည် ယခုအခါ ၁,၁၀၀,၀၀၀ အထိ တိုးပွားလာခဲ့သည်။ 


ဘင်္ဂလားဒေ့ရ်ှအစိုးရသည် ဒုက္ခသည်များအခက်အခဲကြုံတွေ့နေရချိန်တွင် ကုလသမဂ္ဂနှင့် အခြားနိုင်ငံများ၏ အကူအညီဖြင့် ကော့ခ်ဘဇားရှိ အူခီယာနှင့် တက္ကနဖ်တို့တွင် ဒုက္ခသည်များခိုလှုံရန် စခန်းများ ထူထောင်ပေးခဲ့သည်။ 


သို့သော် လူဦးရေ စုပြုံပြွတ်သိပ်လျှက်ရှိသော စခန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ရပ်တည်နိုင်ရန် ခဲယဉ်းလာသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုအာခါလီခရိုင်ရှိ ကုန်းမြေနှင့် သီးခြားဖြစ်သော ဘာဆန်ချာကျွန်းပေါ်တွင် အနည်းဆုံး ဒုက္ခသည်ဘင်္ဂါလီ ၁၀၀,၀၀၀ ကို နေရာချထားနိုင်မည့် ခိုလှုံရေးစခန်းများ တည်ဆောက်ရန် ကြံဆခဲ့သည်။ ဒုက္ခသည်ဘင်္ဂါလီခေါင်းဆောင် တော်တော်များများကလည်း နေရာအသစ်သို့ ပြောင်းရန်စိတ်ဝင်စားလျှက်ရှိသည်။ 


ဘင်္ဂလားဒေ့ရ်ှအစိုးရသည် ဒုက္ခသည်ဘင်္ဂါလီများအား ဝေးလံခေါင်ဖျား ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့နေခြင်းမှ အမြန်ဆုံးရပ်ဆိုင်းရန် ကမ္ဘာကုလသမဂ္ဂ၊ လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့၊ Fortify Rights၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI )၊နှင့် နိုင်ငံတကာဒုက္ခသည်များဆိုင်ရာအဖွဲ့တို့က ကြာသပတေးနေ့၌ တောင်းဆိုလိုက်သည်ဟု ယနေ့ Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။ 


ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်များသည် ဒုက္ခသည်ဘင်္ဂါလီများကို ပြောင်းရွှေ့နေရာချထားရန် လူဦးရေ ၄,၀၀၀ ပါ စာရင်းကို ပြင်ဆင်လျှက်ရှိသည်ဟု ကြားသိရကြောင်း၊ ကြာသပတေးနေ့တွင် ဒုက္ခသည်များအား စစ်တကောင်းဆိပ်ကမ်းသို့ ပြောင်းရွှေ့ခြင်းဖြင့် အစီအစဉ် စတင်ခဲ့သည်ဟု သိရှိရကြောင်း၊ ဘင်္ဂလားဒေ့ရ်ှအစိုးရအနေဖြင့် ပြောင်းရွှေ့နေရာချထားရေးလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း၊ ရွှေ့ပြောင်းခံရသည့် ဒုက္ခသည်များ၏ အပြည့်အ၀ လက်ခံသဘောတူညီမှုနှင့် ကျွန်းပေါ်၌ လွတ်လပ်စွာ သွားလာ-ထွက်ခွာခွင့်တို့ကို ခွင့်ပြုသင့်ကြောင်း၊ အလေးထားစောင့်ကြည့်လျှက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂအား နည်းပညာနှင့်အကာအကွယ်ပေးမှုဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုသင့်ကြောင်း၊


ဘင်္ဂလားဒေ့ရ်ှအစိုးရသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ကတိကဝတ်များနှင့်အညီ လူသားချင်းစာနာမှုဆိုင်ရာ ကျွမ်းကျင်သူများက သဘောတူလက်ခံသည်အထိ ဘာဆန်ချာကျွန်းသို့ ဒုက္ခသည်များအား ပြောင်းရွှေ့ခြင်း မပြုရန် တိုက်တွန်းကြောင်း၊ ဘာဆန်ချာကို လူနေထိုင်ရန် သင့် လျှော်သော ကျွန်းဖြစ်သည်ဟု အစိုးရကိုယ်တိုင် ယုံကြည်ပါက အဆောတလျှင် ဆောင်ရွက်ရန် မလိုပဲ ကုလသမဂ္ဂ၏ နည်းပညာဆိုင်ရာအကဲဖြတ်မှုများကို ပွင့်လင်းမြင်သာစွာ ခွင့်ပြုသင့်ကြောင်း တောင်းဆိုသည်ဟု သတင်း၌ ဖော်ပြသည်။ 



#ဘာဆန်ချာသို့ဒုက္ခသည်ဘင်္ဂါလီများစတင်ပြောင်းရွှေ့ 



((( Dhaka Tribune., December 3, 2020, “ Rohingyas leave camps in groups for Bhashan CharTribune Desk.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.dhakatribune.com/bangladesh/rohingya-crisis/2020/12/03/rohingyas-leaving-camps-for-bhashan-char-in-groups. 

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/12/03/bangladesh-halt-relocation-of-rohingya-to-remote-island 

Leave a Reply

Your email address will not be published.