ပထမအသုတ် ဒုက္ခသည် ၂၅၀၀ ကို ဒီဇင်ဘာ ပထမပတ်အတွင်း ဘာဆန်ချာသို့ ပြောင်းရွှေ့နေရာချထားမည်။ လူနေထိုင်ရန်သင့်လျှော်သည်ဟု ကုလအသိအမှတ်ပြုထားခြင်းမရှိသော ကျွန်းပေါ်သို့ ဒုက္ခသည်များရွှေ့ပြောင်းမည့်အစီအစဉ်ကို စွန့်လွှတ်ရန် နိုင်ငံတကာအဖွဲ့အစည်းတို့ တောင်းဆို



ဘင်္ဂလားဒေ့ရှ်အစိုးရအာဏာပိုင်များသည် ကော့ခ်ဘဇားစခန်းများတွင် စုပြုံပြွတ်သိပ်နေထိုင်လျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များ၏ တရားဝင် ပထမဆုံးအသုတ်အား ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့နေရာချထားရန် ပြင်ဆင်လျှက်ရှိသည်။ သက်ဆိုင်ရာက တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း ပြောင်းရေ့ွှ့မည်အစီအစဉ်တွင် အတူလိုက်ပါရမည့်သူများအဆိုအရ ယခုကဲ့သို့ ရာသီဥတုတည်ငြိမ်နေလျှင် ဒုက္ခသည်ဘင်္ဂါလီများအား ဝေးလံခေါင်ဖျားကျွန်းပေါ်သို့ ဒီဇင်ဘာ ၄-ရက်နေ့အရောက်ဖြစ်ရန် စီစဉ်ထားကြောင်း သိရှိရသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 


အဆိုပါ ပထမအသုတ်တွင် ဒုက္ခသည်ဘင်္ဂါလီ ၂,၅၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး အဆောက်အအုံများနှင့် အဆင်ပြေသာယာမှုနိုင်မှုအခြေအနေများအား ထည့်သွင်းစဉ်းစားပြီးနောက် ကျွန်းသို့ပြောင်းရွှေ့ရန် ဆန္ဒအလျောက်သဘောတူခဲ့ကြသူများဖြစ်သည်ဆို၏။ 


ဒုက္ခသည်များ နေရပ်ပြန်ရေးဆိုင်ရာကော်မရှင်နာရုံး (RRRC) မှ ကော်မရှင်နာမင်းကြီး ရှားရက်ဇ်ဝမ်ဟေရတ်ကမူ ဒုက္ခသည်အုပ်စုငယ်တစ်ခုကို ပထမအဆင့်တွင် ပြောင်းရွှေ့နေရာချထားမည်ဖြစ်ပြီး အချိန်ပေးသည်နှင့်အမျှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားသည်။ သို့သော် ပြောင်းရွှေ့ရမည့် နေ့ရက်အတိအကျကို ပြောဆိုရန် ငြင်းဆန်ခဲ့ပြီး နေ့ရက်အတည်မပြုရသေးကြောင်း ဖြေကြားသည်။ 


ကော့ခ်ဘဇားရှိ နေထိုင်သူအဆမတန်ဖြစ်နေသော ဒုက္ခသည်စခန်းများထက် ပိုမိုကောင်းမွန်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြစေရန် ရည်ရွယ်၍ ဘာဆန်ချာကျွန်းပေါ်တွင် ဒုက္ခသည် ဘင်္ဂါလီ ၁၀၀,၀၀၀ ကျော် နေထိုင်နိုင်မည့် အဆောက်အအုံများကို ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်က တည်ဆောက်ပေးခဲ့သည်။ 


အစိုးရအနေဖြင့်မူ ဒုက္ခသည်ဘင်္ဂါလီများကို ကျွန်းပေါ်သို့ပြောင်းရွှေ့ရန် နှစ်ပေါင်းများစွာကြံဆနေခဲ့သည်။ သို့သော်အချို့သောဒုက္ခသည်များနှင့် ကုလသမဂ္ဂတို့က ပြောင်းရွှေ့နေရာချထားမည့်နယ်မြေအပေါ် အယုံအကြည် မရှိကြပေ။ စက်တင်ဘာလ ၅ ရက်နေ့တွင် သုံးရက်ကြာ“ လာရောက်ကြည့်ရှုရန်”အစီအစဉ်ကို အစိုးရက ကမကထပြု၍ ကော့ခ်ဘဇားစခန်းများမှ ဒုက္ခသည်ဘင်္ဂါလီ ၄၀ တို့အား ကျွန်းပေါ်ရှိ အဆောက်အဦးများကို စစ်ဆေးခွင့်ပြုခဲ့သည်။ 


နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် NGO များရေးရာဗျူရို၏ ကြီးကြပ်မှုအောက်ရှိ ဒေသခံ အစိုးရမဟုတ်သောအဖွဲ့အစည်း ၂၂ ခုမှ ကိုယ်စားလှယ်များက ကျွန်းပေါ်သို့ လာရောက်လည်ပတ်ခဲ့သည်။ ထိုနောက် NGO များက ကျွန်းပေါ်တွင် ဝန်ဆောင်မှုပေးအပ်နိုင်ရေးအတွက် စီမံကိန်းအဆိုပြုလွှာများကို တင်သွင်းခွင့်ပြု ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ 


ကျွန်းပေါ်တွင် ဝန်ဆောင်မှုပေးမည့် အစိုးရရုံးဋ္ဌာနအားလုံးတို့ကလည်း ပထမဆုံးအသုတ် ဒုက္ခသည်ဘင်္ဂါလီများအား ကြိုဆိုလက်ခံရန် နောက်ဆုံးအဆင့် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးနေပြီး ကယ်ဆယ်ရေးပစ္စည်းများလည်း အသင့်ရှိနေပြီဖြစ်သည်။ 


ဒီဇင်ဘာ ၄-ရက်နေ့တွင် ဘာဆန်ချာကျွန်းပေါ်သို့ ဒုက္ခသည်ဘင်္ဂါလီ ၂,၅၀၀ ခန့် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ကျွန်းပေါ်တွင် လောလောဆယ် ၃၀၆-ဦးရှိနေပြီး ပင်လယ်ပြင်မှ ကယ်ဆယ် ခေါ်ဆောင်ထားခဲ့ကြသူများ ဖြစ်ကြောင်း၊ ထိုစဉ်ကတည်းက ကျွန်းပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၆၇-ဦးကို နေရာချထားပေးခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေးစံနစ်ကျနစေရန် နောက်ထပ် တပ်ဖွဲ့ဝင် ၂၁၂-ဦးကို ချထားရန် ရှိနေကြောင်း၊ ရဲစခန်းကို ကျွန်းပေါ်၌ တည်ဆောင်ထားပြီး ခွင့်ပြုချက်ရသည်နှင့် တာဝန်ထမ်းဆောင်မှု စတင်လည်ပတ်မည်ဖြစ်ကြောင်း နိုအာခါလီရဲတပ်ဖွဲ့ ရဲမှူးကြီး မိုဟာမက်အလမ်ဂါဟိုစိန်က ပြောဆိုသည်။ 

  
အလားတူပင် ကျွန်းပေါ်၌ ဒုက္ခသည်များအား ဆေးဝါးပြုစုကုသနိုင်ရန် ဆေးရုံ ၂-ရုံနှင့် ရပ်ကွက်ဆေးပေးခန်း ၄-ခုတို့ကို ထူထောင်ပေးထားကြောင်း ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ဆေးရုံများနှင့်ဆေးခန်းများ) ဒေါက်တာ ဖာရစ်ဟိုစိန်မီအတ်က အတည်ပြုသည်။ 

  
လောလောဆယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းကျော်ကို လက်ခံထားရပြီး အများစုမှာ ၂၀၁၇-ခုနှစ် သြဂုတ်လ ၂၅ ရက်မှစ၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရက်စက်ကြမ်းကြုတ်မှုမှ ထွက်ပြေးပြီး ကောခ့်ဘဇားသို့ ရောက်ရှိလာသူများ ဖြစ်သည်။

  
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနှစ်နိုင်ငံအကြားဒုက္ခသည်များ ပြန်လည် နေရာချထားရေးဆိုင်ရာ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဒုက္ခသည်များ မူလနေထိုင်ရာသို့ ပြန်သွားရာ၌ လွယ်ကူချောမွေ့စေရေး ရုပ်ပိုင်းဆိုင်ရာဆိုင်ရာ အစီအစဉ်များကို နှစ်နိုင်ငံစလုံးက လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း မည်သည့် ဒုက္ခသည်ဘင်္ဂါလီများကိုမျှ နေရပ်ပြန် လည်ပို့ဆောင်နိုင်ခြင်း မရှိသေးပါ။

  
ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်များသည် ကုလသမဂ္ဂက လူနေထိုင်ရန် ဘေးကင်းလုံခြုံသောနေရာအဖြစ် မကြေညာရသေးသည့် ဘင်္ဂလားပင်လယ်အော်အတွင်း ဝေးလံခေါင်ဖျား ကျွန်းတစ်ကျွန်းသို့ ဒုက္ခသည်ဘင်္ဂါလီမိသားစု ၁၀၀ ကျော်အား ပြောင်းရွှေ့မည့် အစီအစဉ်များကို စွန့်လွှတ်ရန် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI ) က တောင်းဆိုသည်။ ထို့သို့ ရွှေ့ပြောင်းမည့်အကြောင်း အပြည့်အ၀ အသိပေးအကြောင်း ကြားခြင်းမရှိ သည့်အပြင် ဒုက္ခသည်များကလည်း ထိုကျွန်းနှင့်ပတ်သက်၍ ဘာမှ သိထားခြင်းမရှိကြောင်း ရှုတ်ချသည်။ လောလောဆယ်တွင် ဘာဆန်ချာကျွန်းပေါ်ရောက် ရာနှင့်ချီသော ဒုက္ခသည်ဘင်္ဂါလီများအား ၎င်းတို့၏ မိသားစုများရှိရာ ကောခ့်ဘဇားရှိသို့ ချက်ချင်းပြန်ပို့ပေးရန်ကိုလည်း တိုက်တွန်းလိုက်သည်။

စက်တင်ဘာလ၂၁ ရက်နေ့တွင် လူ့အခွင့်အရေးအဖွဲ့အစည်း ၅-ခုက ဒုက္ခသည်ဘင်္ဂါလီများနှင့် အနှောင်အဖွဲ့မရှိ တွေ့ဆုံခွင့်အပါအဝင် လွတ်လပ်စွာအကဲဖြတ်ရန်အတွက် ဘာဆန်ချာသို့ လွယ်ကူအဆင်ပြေစွာ ဝင်ရောက်ခွင့် ရရှိရေး၊ ဘာဆန်ချာ၏ ရေရှည်တည်တန့်ခိုင်မြဲမှုနှင့် ပတ်ဝန်းကျင်အခြေအနေများကို ပြန်လည်သုံးသပ်ရန် ကုလသမဂ္ဂဦးဆောင်သော နည်းပညာအဖွဲ့နှင့် အချိန်မီဆက်သွယ်နိုင်ရေးစသည်တို့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီးဋ္ဌာန အတွင်းဝန် မာဆွတ်ဘင်မိုမန်ထံသို့ စာရေးသား တောင်းဆိုခဲ့သည်။ 


၎င်းအဖွဲ့အစည်း ၅-ခုမှာ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ နိုင်ငံတကာဒုက္ခသည်များဆိုင်ရာအဖွဲ့၊ ရောဘတ်အက်ဖ်ကနေဒီ လူ့အခွင့်အရေးအဖွဲ့၊ Fortify Rights နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့တို့ဖြစ်ကြသည်။ 


(( မြန်မာနိုင်ငံမှ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ဒုက္ခသည်ဘင်္ဂါလီဦးရေမှာ ၁.၁-သန်း ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုပြီး ၎င်းနိုင်ငံ မီဒီယာများကလည်း ယခုသတင်းပါ ထိုအရေအတွက်အတိုင်း သုံးနှုန်းရေးသားကြသည်။ မကြာသေးမီက ဒေါက်တာဝါကာအူဒင်က OIC ထံရေး သားပေးပို့သည့် စာတွင် ဒုက္ခသည်ဘင်္ဂါလီဦးရေမှာ ၁.၂-သန်း ဖြစ်နေပြန်သည်။ 


ကုလသမဂ္ဂ UNHCR ဝဘ်ဆိုက်တွင် ၂၀-အောက်တိုဘာ၊ ၂၀၂၀ ရက်စွဲဖြင့် ဖော်ပြထားချက်အရ လတ်တလော တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကော့ခ်ဘဇားခရိုင် တစ်လျှောက်၌ အခြေချနေထိုင်နေထိုင်လျှက်ရှိသည့် ဒုက္ခသည် ဘင်္ဂါလီစုစုပေါင်းမှာ ရိုဟင်ဂျာဒုက္ခသည် ၈၆၀,၀၀၀ ခန့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် အများစုဖြစ်သော ၇၄၀,၀၀၀ ခန့်မှာ ၂၀၁၇ ခုနှစ် အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံမှထွက်ပြေးလာသူ များဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ဒေသတွင်းရှိ အခြားနိုင်ငံများမှ ဒုက္ခသည်ဘင်္ဂါလီ ၁၅၀,၀၀၀ ခန့်ကိုလည်း လက်ခံထားရသည်။ ခန့်မှန်းခြေ ဒုက္ခသည်ဘင်္ဂါလီ ၆၀၀,၀၀၀ ခန့်မှာ ရခိုင်ပြည်နယ်တွင် နေထိုင်ဆဲဖြစ်သည်ဟု UNCHR က ဖော်ပြသည်။

 
မကြာမီက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးUNHCR တို့ပူးတွဲလျှက် ဒုက္ခသည်အရေအတွက် အမှန်တကယ် ကိန်းဂဏန်း ရရှိစေရန် စိစစ်အတည်ပြုခြင်းကို စတင်ခဲ့သည်။ UNHCR အဆိုအရ ယခင်ခန့်မှန်းချက် ၉၁၄၉၉၈-ဦး ဖြစ်သော်လည်း ၂-နှစ်ခန့်အတွင်း ကလေးပေါင်း ၇၅,၀၀၀ မွေးဖွားပြီး ၂၀၂၀၊ သြဂုတ် ၃၁ အထိ လက်ရှိအရေအတွက်မှာ ၈၆၀,၆၉၇-ဦး ဖြစ်သည်။ ယခုနောက်ဆုံးကိန်းဂဏန်းမှာ ဘင်္ဂလားဒေ့ရ်ှအစိုးရက ဖက်စပ် လုပ်ကိုင်သည့် ဘိုင်အိုမက်ထရစ်နည်းပညာဖြင့် မှတ်ပုံတင်ခြင်းမှ ထွက်ပေါ် လာသည့် ရလာဒ်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာများက ရေးသားသည်။ 


မည်သို့ပင်ဖြစ်စေ ရှိတ်ဟာစီနာအစိုးရ၏ ဘာဆန်ချာကျွန်းသို့ ဒုက္ခသည်ဘင်္ဂါလီများ ပြောင်းရွှေ့နေရာချ ထားမည်ဆိုခြင်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအား ပိုမိုသက်ရောက်လာနိုင်ဖွယ်ရှိသည်။ ။ သတင်းဘာသာပြန်သူ )) 


#ဘာဆန်ချာသို့ပထမအသုတ်ဒုက္ခသည်၂၅၀၀နေရာချထားမည် #ဒုက္ခသည်ဘင်္ဂါလီနောက်ဆုံးလူဦးရေ

 
((( Dhaka Tribune., November 30, 2020, “Rohingya relocation to Bhashan Char slated for next week. By: Syed Samiul Basher Anik” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/11/30/rohingya-relocation-to-bhashan-char-slated-for-next-week

https://www.unhcr.org/news/briefing/2020/10/5f8d7c004/unhcr-calls-solidarity-support-solutions-rohingya-refugees-ahead-urgent.html

https://bdnews24.com/bangladesh/2020/10/09/new-rohingya-population-figure-in-bangladesh-is-accurate-officia

Leave a Reply

Your email address will not be published.