ပါကစ္စတန်တွင် လက်ရှိဝန်ကြီးချုပ် အင်မရန်ခန်းအား ရာထူးမှနှုတ်ထွက်ပေးရန် လူသောင်းချီဆန္ဒပြ။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ မကျရောက်မီကပင် ပါကစ္စတန်စီးပွားရေးမှာ အနှုတ်လက္ခဏာပြနေခဲ့၊ အတိုက်အခံလှုပ်ရှားမှုများကို ဖြိုခွင်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများ တိုးမြင့်လာဟုဆို

  
တနင်္ဂနွေနေ့တွင် ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ သောင်းနှင့်ချီသော လူအများတို့က လက်ရှိဝန်ကြီးချုပ် အင်မရန်ခန်းအား ၂၀၁၈ -အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်၏ ကုလားဖန်ထိုးမှုဖြင့် အနိုင်ရရှိထားသူအဖြစ်စွပ်စွဲကာ ရာထူးမှနှုတ်ထွက်ပေးရန် စုဝေးဆန္ဒပြကြသည်ဟု Reuters က ယနေ့ဖော်ပြသည်။ 


အဆိုပါ ဆန္ဒပြပွဲကို လွန်ခဲ့သည့်လတွင် အတိုက်အခံပါတီ ၉-ခုဖြင့် ဖွဲ့စည်းခဲ့သည့်” ပါကစ္စတန်ဒီမိုကရက်တစ် အရေးတော်ပုံအဖွဲ့ (PDM) “ က ဦးဆောင်၍ အစိုးရဆန့်ကျင်ရေး နိုင်ငံလုံးကျွတ်လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် စုဝေးဆန္ဒပြ ခြင်းဖြစ်ကြောင်း သိရှိရသည်။

  
ပါကစ္စတန်နိုင်ငံတွင် ၃-ကြိမ်တိုင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နာဝါ့ဇ်ရှာရစ်၏ သမီးဖြစ်သူ မာရန်နာဝါ့ဇ်က အင်မရန်ခန်းသည် ပါကစ္စတန်လူထုအား အလုပ်လက်မဲ့ဖြစ်အောင် လုပ်နေပြီး ပြည်သူလူထု၏ ထမင်းကို လုစားနေသူဖြစ်ကြောင်း ၃-ရက်အတွင်း ၂-ကြိမ်မြောက်စုဝေးလာသူများအား ဟောပြောသည်။

  
ဝန်ကြီးချုပ်ဟောင်း ဘင်နာဇီယာဘူတို၏ သား၊ အခြားအတိုက်အခံတစ်ဦးဖြစ်သူ ဘီလာဝေါဘူတိုဇာဒါရီကလည်း လယ်သမားတို့သည် နေအိမ်တွင် ငုတ်တုတ် ငတ်မွတ်နေကြပြီး လူငယ်များမှာလည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြကြောင်း ဟောပြောသည်။ 

  
ကမ္ဘာလုံးဆိုင်ရာက်ကပ်ရောဂါ မကျရောက်မီကပင် ဂဏန်း ၂-လုံးအထိရောက်နေသော ငွေကြေးဖောင်းပွမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အနှုတ်လက္ခဏာပြနေသော ပါကစ္စတန်စီးပွားရေးအတွက် ခန်း၏အစိုးရအပေါ် အတိုက်အခံတို့က အပြစ်တင်လျှက်ရှိသည်။ ငွေကြေးဖောင်းပွမှုမှာ မိမိတို့သားသမီးများကို ရှာဖွေကျွေးမွေးရမည့် ဆင်းရဲသားတို့အား သူတောင်းစားဖြစ်အောင် တွန်းပို့နေကြောင်း၊ ခန်း၏ ၂-နှစ်တာ သက်တမ်းအတွင်း အတိုက်အခံလှုပ်ရှားမှုများ ကို ဖြိုခွင်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများ တိုးမြင့်လာကြောင်း အတိုက်အခံတို့က ပြောဆိုသည်။ 

  
ဟောပြောသူတို့က “ ဒီလိုအစိုးရမျိုး ဆင်းပေးဖို့ အချိန်တန်ပြီ .. “ ဟု တိုင်ပေးလိုက်သောအခါ လူအုပ်ကြီးက “ အင်မရန်ခန်း ထွက်သွား .. ထွက်သွား “ ဟု ကြွေးကြော်ကြသည်။ 


ပါကစ္စတန်၏ အထွေထွေရွေးကောက်ပွဲမှာ လာမည့် ၂၀၂၃-ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည်။ 



ယခု ကရာချိမြို့ဆန္ဒပြပွဲမှာ သောကြာနေ့က အရှေ့ပိုင်းမြို့တော် ဂူဂျရန်ဝါလာမြို့ မဟာမိတ်များက ခန်း၏ဝန်ကြီး ချုပ်ရာထူး သက်တမ်းအတွင်း အကြီးမားဆုံး ကန့်ကွက်ပွဲမျာပြုလုပ်ပြီးနောက်ပိုင်း ဒုတိယအကြိမ် စုရုံးကြခြင်းဖြစ်သည်ဆို၏။ 


လန်ဒန်တွင်ရောက်ရှိနေသော ပြည်ပြေးဝန်ကြီးချုပ်ဟောင်း နဝါ့ဇ်ရှရစ်က ဂူဂျရန်ဝါလာမြို့လူထုအစည်းအဝေးသို့ ဗွီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ၂၀၁၈-ခုနှစ် ရွေးကောက်ပွဲမှာ စစ်တပ်အကြီးအကဲ အိုမာဂျာဗက်ဘာ့ဂျ်ဝါက ကုလားဖန်ထိုးခဲ့ကြောင်း စွပ်စွဲလိုက်ပြီး ၂၀၁၇-ခုနှစ်တွင် မိမိအား ရာထူးမှဖယ်ရှားခဲ့ခြင်းကို နိုင်ကွက်နင်းလျှက် တရားစွဲဆိုရန် အသုံးချခဲ့ပုံတို့ကို ပြန်ပြောင်းဟောပြောသည်။ 


နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အမှားအယွင်းများ ဆောင်ရွက်ခဲ့သည်ဆိုခြင်းကို ငြင်းပယ်ခဲ့သော ပါကစ္စတန်တပ်မတော်သည် ရှရစ်ဖ်၏ ယခုစွပ်စွဲချက်များနှင့် ပတ်သက်၍ အထူးတလည် တုံ့ပြန်ခြင်း မရှိသေးချေ။ 


အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖြင့် အာဏာရရှိလာသော ဝန်ကြီးချုပ် အင်မရန်ခန်းကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိအောင် စစ်တပ်ကူညီခဲ့သည်ဆိုခြင်းကို ငြင်းပယ်လိုက်ပြီး ပါကစ္စတန်တပ်မတော်အား ကာကွယ်ပြောဆိုသည်။ 


#ဝန်ကြီးချုပ်အင်မရန်ခန်းနှုတ်ထွက်ပေးရန်_ပါကစ္စတန်မြို့ကြီးများတွင်_လူသောင်းချီဆန္ဒပြ 


((( Bdnews24., 19 Oct 2020,” Tens of thousands rally to demand Pakistan PM Khan resign .”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))) 

https://bdnews24.com/world/south-asia/2020/10/19/tens-of-thousands-rally-to-demand-pakistan-pm-khan-resign

https://www.dhakatribune.com/world/2020/10/19/tens-of-thousands-rally-to-demand-pakistan-pm-khan-resign

0

Leave a Reply

Your email address will not be published.