ပါကစ္စတန်သမ္မတဟောင်းနှင့် တပ်မတော်အကြီးအကဲဟောင်းဖြစ်သူ ပါဗက်ဇ်မူရှရတ်ဇ် သေဒါဏ်အပြစ်ပေးခြင်း ခံရ။

ပါကစ္စတန်သမ္မတဟောင်းနှင့် တပ်မတော် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ပါဗက်ဇ်မူရှရတ်ဇ်အား ပါကစ္စတန်တရားရုံးက သေဒါဏ်အမိန့်ချမှတ်လိုက်သည်ဟု Al Jazeera က ယနေ့ ရေးသားသည်။

၁၉၉၉ – ခုနှစ်တွင် စစ်အာဏာသိမ်းခြင်းဖြင့် ပါကစ္စတန်၏ အကြွင်းမဲ့အာဏာဆုပ်ကိုင်ခဲ့သူ မူရှရတ်ဇ်သည် နိုင်ငံရေးလောကမှ  ၉-နှစ်နီးပါး ရှောင်ဖယ်နေခဲ့ပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစဉ် ၂၀၁၃-ခုနှစ်၌ ထိန်းသိမ်းခြင်းခံခဲ့ရသည်။

၂၀၀၁-ခုနှစ်တွင် ပါကစ္စတန်သမ္မတဖြစ်လာသော မူရှာရတ်ဖ်လက်ထက်ပါကစ္စတန်နိုင်ငံမှာ အကြွေးပင်လယ်အတွင်း စုံးစုံမြုပ်ခဲ့ရသည်ဆို၏။ ပါကစ္စတန်တပ်မတော်အပေါ် ၂၀၀၇-ခုနှစ်အထိ ဦးစီးခဲ့သည်။ ၂၀၀၈-ခုနှစ်တွင် နိုင်ငံရေး စွပ်စွဲအပြစ်တင်မှု့များကို ရှောင်ရှားသည့်အနေဖြင့် ရာထူးမှ နှုတ်ထွက်နောက် အင်္ဂလန်နိုင်ငံတွင် ပြည်ပြေးအဖြစ် ခိုလှုံခဲ့ရသည်။

၂၀၁၃-ခုနှစ်တွင် ထိုစဉ်က မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲကြီး၌ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် ကိုယ်စားပြုသူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အစ္စလာမ်မာဘတ်သို့ ပြန်ရောက်လာပြီး တစ်လအကြာ၌ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ထိုစဉ်က မူရှရတ်ဇ်အား ထိန်းသိမ်းခြင်းမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် မရအောင် ဟန့်တားခြင်းအဖြစ် ယူဆခဲ့ပြီး တစ်ချိန်က ဦးစီးချုပ်ဟောင်းဖြစ်သူ မူရှရတ်ဇ်အပေါ် အရေးယူခဲ့လျှင် နိုင်ငံရေးတွင် သြဇာလွှမ်းခဲ့ဖူးသည့် ပါကစ္စတန်စစ်ဖက်၏ တုန့်ပြန်လာနိုင်ခြင်းကို လူအများ စိတ်ဝင်စားခဲ့ကြသည်။

မူရှရတ်ဇ်သည် ၂ဝဝ၇ ခုနှစ်က အရေးပေါ် အုပ်ချုပ်ရေးကာလအတွင်း တရားသူကြီးချုပ်အပါအဝင် တရားသူကြီးများအား ရာထူးမှဖယ်ရှားမှု့၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု့၊ ပြိုင်ဘက်နိုင်ငံရေးသမားတို့အား လုပ်ကြံမှု၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုအပါဝင် အခြားစွဲချက်များစွာဖြင့် တရားခွင်၌ ကြားနာစစ်ဆေးခြင်းခံရသည်။ 

(( နိုင်ငံရေးသမားတို့၏ ဘဝဇာတ်လမ်းတွင် မိမိကျင်လည်ရာနိုင်ငံ၏ ပတ်ဝန်းကျင်ခင်းကျင်းလာသည့်အတိုင်း ကျရာဇာတ်ရုပ်-ကြုံရာအခန်းမှ ပါဝင်ကပြကြရသူနှင့် ဖြစ်ခဲ့-ဖြစ်ဆဲအားလုံးကို ပြောင်းပြန်လှန်ကာ မိမိမျှော်လင့်ယုံကြည်သည့်အတိုင်း ပုံဖော်ထုဆစ်ခဲ့ကြသူဟု နှစ်မျိုး နှစ်စားသာ ခွဲခြားနိုင်ကြောင်း ကျွန်တော်မြင်ပါသည်။

၎င်းတို့ ၂-မျိုးစလုံးတွင် လျှမ်းလျှမ်းတောက်အောင်မြင်သူလည်းရှိ – ဆုံးရှုံးပျက်စီးရသူလည်း ရှိတတ်ပါသည်။ သေဒါဏ်ချမှတ်ခံရခြင်းမတိုင်မီ  မူရှရတ်ဇ်၏ အတိတ်ဘဝဇာတ်ကြောင်းများကို လွန်ခဲ့သည့်ရက်များကတည်းက မီဒီယာအချို့က ရေးသားဖော်ပြခဲ့ရာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ကိုတွေ့ရှိရပါသည်။ 

လွတ်လပ်စွာထင်မြင်သုံးသပ်နိုင်ရန် အလျှဉ်းသင့်သည့်အခါ အကျဉ်းချုံး ဖော်ပြပါမည်။   ။ သတင်းဘာသာပြန်သူ )))

((( Al Jazeera ., Dec. 17, 2019, “Pervez Musharraf, Pakistan’s fugitive ex-leader: Profile” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.aljazeera.com/news/2019/12/pervez-musharraf-pakistan-fugitive-leader-profile-191204104433416.html .

#၂၀၀၇ပါကစ္စတန်အရေးပေါ်ကာလ #သမ္မတဟောင်းနှင့်တပ်မတော်ဦးစီးချုပ်ဟောင်း #ပါဗက်ဇ်မူရှရတ်ဇ်

0

Leave a Reply

Your email address will not be published.