ပါကစ္စတန်နိုင်ငံဆိုင်ရာ သံတမန်များအား အာဖဂန်ပြန်ခေါ်။ ကဘူးလ်သံအမတ်ကြီး၏ သမီးအား မည်သူမည်ဝါ မသိရှိရသူတို့က ပြန်ပေးဆွဲ နှိပ်စက်ခဲ့ဟု ဆို။ ကာလရှည် ဆက်ဆံရေး မတည်ငြိမ်ခဲ့သော အိမ်နီးချင်းနှစ်နိုင်ငံအကြား တာလီဘန်တို့က နယ်မြေသိမ်းတိုးချဲ့နေစဉ် ပိုမိုတင်းမာ


ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ကြီး၏ သမီးဖြစ်သူအား မည်သူမည်ဝါ မသိရှိသူတို့က ခေတ္တပြန်ပေးဆွဲ၍ နှိပ်စက်ညှင်းပန်းမှု ဖြစ်ပွားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုးကား၍ အစ္စလာမ်မာဘတ်ရှိ သံရုံးမှ သံအမတ်ကြီးနှင့်အကြီးတန်းသံတမန်များကို ကဘူးလ်က ပြန်လည် ခေါ်ယူလိုက်သည်ဟု Al Jazeera က ယနေ့ ရေးသားသည်။

…   
ပြန်ပေးဆွဲမှုကျူးလွန်သူများအား ပါကစ္စတန်က ဖမ်းဆီး၍ ရုံးတင်စစ်ဆေးခြင်းများအပါအဝင် လုံခြုံရေးခြိမ်းခြောက်မှုများအားလုံးကို ကိုင်တွယ်ဖြေရှင်းခြင်း မတိုင်မီ အစ္စလာမ်မာဘတ်ရှိ သံအမတ်ကြီးနှင့် အဆင့်မြင့်သံတမန်တို့ကို အာဖဂန်နစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ ခေါင်းဆောင်များက ပြန်လည်ခေါ်ယူလိုက်ကြောင်း ကဘူးလ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့၌ သတင်းထုတ်ပြန်သည်။

…  
 ပြန်ပေးဆွဲခြင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်သို့ စေလွှတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရာ၌ ပါရှိသည်။ သို့သော် အိမ်နီးချင်းနိုင်ငံသို့ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိမည့်နေ့ရက်ကို အတိအကျဖော်ပြခြင်း မရှိချေ။ မည်သည့် နောက်ထပ်လုပ်ဆောင်မှုမျိုး မဆို ၎င်းကိုယ်စားလှယ်အဖွဲ့၏ တွေ့ရှိချက်များအပေါ် အခြေခံမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။


ကဘူးလ်က ၎င်း၏ သံတမန်များ ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ကံအကြောင်းမလှသည့် ဝမ်းနည်းဖွယ်အကြောင်းအရာ ဖြစ်ကြောင်း ပါကစ္စတန်က ပြောဆိုလိုက်ပြီး အစ္စလာမ်မာဘတ်ရှိ ကဘူးလ်သံအမတ်ကြီး၊ ၎င်း၏မိသားစု၊ သံဝန်ထမ်းများနှင့် ကောင်စစ်ဝန်ရုံး၏ လုံခြုံရေးကို ပိုမိုတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ သံတမန်များ ထွက်ခွာခြင်း မပြုမီ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံခဲ့ကြောင်း၊ ယခုကိစ္စတွင် အစ္စလာမ်မာဘတ်အနေဖြင့် ကဘူးလ်နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သတင်းထုတ်ပြန်သည်။

…  
လွန်ခဲ့သည့် သောကြာနေ့၌ ပါကစ္စတန်နိုင်ငံဆိုင်ရာ အာဖဂန်သံအမတ်ကြီး နာဂျစ်အလီခန်၏ သမီးဖြစ်သူ ဆဲလ်ဆီလာအလီခန်သည် အစ္စလာမ်မာဘတ်ရှိ ၎င်းနေအိမ်သို့ အပြန်တွင် ပြန်ပေးဆွဲခြင်း ခံခဲ့ရကြောင်း။ မုန့်တိုက်မှအပြန် ဆဲလ်ဆီလာစီးနင်းလာသည့် အငှားတက္ကဆီယာဉ်မောင်းသည် အခြားလူတစ်ဦးအား ခေါ်တင်ခဲ့ကြောင်း၊ ထိုသူသည် ဆဲလ်ဆီလာအား နှုတ်ဖြင့် စော်ကားခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ပါကစ္စတန် Dawn သတင်းစာ၌ ရေးသားထားသည်။

…   
အမည်မသိကျူးလွန်သူများသည် ဆဲလ်ဆီလာအား အကျဉ်းသားအဖြစ် နာရီပေါင်းများစွာကြာအောင် ပိတ်လှောင်ထားခဲ့ပြီး ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း စွပ်စွဲရေးသားထားပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ၊ ကြိုးတုပ်ထားသည့် အရာများဖြင့် ဆဲလ်ဆီလာအား ပြန်လည်တွေ့ရှိရသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

…   
ပါကစ္စတန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး၏ သမီးကို ပြန်ပေးဆွဲခြင်းနှင့် နောက်ဆက်တွဲညှင်းပန်းနှိပ်စက်ခံရသည့် သတင်းများသည် ကျွန်ုပ်တို့၏တိုင်းပြည်အတွက် စိတ်ဒဏ်ရာရရှိစေခဲ့ကြောင်း၊ အာဖဂန်၏အမျိုးသားရေး စိတ်ဓာတ်ကိုလည်း ညှင်းပန်းနှိပ်စက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ကဘူးလ် ဒုတိယသမ္မတက တနင်္ဂနွေနေ့၌ Twitter တွင် ရေးသားကြောင်း RT က ဖော်ပြသည်။

…   
အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက်ဆံရေးမှာ ကာလကြာမြင့်စွာ မတည်မငြိမ် ရှိခဲ့သည်။ ပါကစ္စတန်ပိုင်နက်တွင် တိုက်ခိုက်လျှက်ရှိသော စစ်သွေးကြွအချို့ကို အာဖဂန်က ခိုလှုံခွင့်ပေးထားကြောင်း အစ္စလာမ်မာဘတ်က စွပ်စွဲခဲ့ဖူးသည်။ အလားတူပင် တာလီဘန်များအတွက် ဘေးကင်းခိုလှုံရာဗိမာန်ကို ပါကစ္စတန်က ဖန်တီးပေးထားကြောင်း ကဘူးလ်က ပြန်လှန်စွပ်စွဲခဲ့ဖူးသည်။


ပြီးခဲ့သည့်နှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပသည့် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တာလီဘန်စစ်သွေးကြွများအား ခေါ်ဆောင်ရာတွင် ကူညီပေးသည့်အတွက် ကဘူးလ်က ပါကစ္စတန်ကို ချီးကျူးခဲ့သည်။ သို့တိုင်အောင်လည်း အဆိုပါ စေ့စပ်ညှိနှိုင်းမှုများမှ ထိရောက်သော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးပါ။

…   
စက်တင်ဘာ ၁၁ ရက် နေ့တွင် အာဖဂန်မှ အပြီးသတ်ရုတ်သိမ်းရန် စီစဉ်ထားသည့် အမေရိကန်တပ်များ ထွက်ခွာလျှက်ရှိချိန်တွင် တာလီဘန်တို့က ထိုးစစ်ဆင်မှုကိုအကြီးအကျယ်တိုးမြှင့်လိုက်ပြီး နိုင်ငံ့မြောက်ပိုင်းရှိ နယ်မြေ အတော်များများကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

((( အာဖဂန်၏ နယ်မြေ ၈၅% ကို သိမ်းယူပြီးဖြစ်ကြောင်း တာလီဘန်တို့၏ ကြေညာချက်မှာ မဟုတ်မမှန်ကြောင်း ကဘူးလ်က ငြင်းဆိုသော်လည်း မြောက်ပိုင်းသာမက အာဖဂန်တစ်ပြည်လုံးရှိ နယ်မြေအချို့ကို အစိုးရတပ်များ လက်လွှတ်လိုက်ရခြင်းမှာ သေချာသလောက်ရှိပါသည်။

…  
အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့သည် တစ်ချိန်က တာလီဘန်တို့၏ မဟာမိတ်ဖြစ်ပြီး ၁၉၇၉- ၁၉၈၉ ခုနှစ် အာဖဂန်အား ဆိုဗီယက်တို့ ကျူးကျော်စဉ် ပေါ်ပေါက်ခဲ့သည့် ဘာသာရေး အစွန်းရောက်အဖွဲ့များဖြစ်သည်။ 9/11 နယူးယောက်ခ်အကြမ်းဖက်မှု၌ လက်သည်တရားခံအဖြစ် စွပ်စွဲခြင်းခံရသော #အိုစမာဘင်လာဒင်အား လွှဲအပ်ခြင်း မရှိသဖြင့် ၂၀၀၁-ခုနှစ် အောက်တိုဘာ ၇-ရက်တွင် အမေရိကန်ဦးဆောင်သည့် နေတိုးမဟာမိတ် ညွန့်ပေါင်းတပ်တို့က အာဖဂန်အား ကျူးကျော်တိုက်ခိုက်ခဲ့သည်။

…  
ရက်ပိုင်းအတွင်း တာလီဘန်နှင့် အယ်လ်ကိုင်ဒါ၏ ထိပ်တန်းတပ်မှူးများ ကျဆုံး၍ ကဘူးလ်မှ တာလီဘန်အစိုးရ ပြုတ်ကျသော်လည်း အိုစမာနှင့် #တာလီဘန်ခေါင်းဆောင်_မူလာအိုမာတို့ ပျောက်ဆုံးသွားခဲ့သည်။

…   
၁၀-နှစ်ခန့်အကြာ ၂၀၁၁-ခုနှစ် မေလ ၇-ရက်နေ့တွင် ပါကစ္စတန် အဘော့တဘက်ရှိ စစ်တက္ကသိုလ်အနီး၌  အိုစမာကို အမေရိကန် နေဗီဆီးလ်အဖွဲ့က အသေဖမ်းဆီးခဲ့သည်။

..

တစ်ချိန်က ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI မှာ အယ်လ်ကိုင်ဒါတို့အား စစ်ရေးလေ့ကျင့်ပေးခဲ့ဖူးကြောင်း လက်ရှိ #ဝန်ကြီးချုပ်အင်မရန်ခန်းက ကုလအစည်းအဝေးတက်ရောက်ရန် နယူးယောက်ခ်၌ ရောက်ရှိနေစဉ် အမေရိကန်ကွန်ဂရက်အမတ်များ ရှေ့မှောက်တွင် ဝန်ခံခဲ့ဖူးသည်။ ၂၀၀၁-ခုနှစ် ဝန်းကျင်မှ အစပြုသည့် အတွေ့အကြုံများအရ ပါကစ္စတန်အနေဖြင့် အမေရိကန်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများတွင် အတူလက်တွဲဆင်နွှဲမည်ဖြစ်သော်လည်း ဝါရှင်တန်၏ လက်နက်ကိုင်ပဋိပက္ခများတွင် မည်သည့်အခါမျှ ပါဝင်တော့မည် မဟုတ်ကြောင်း ပြောဆိုသည်။

…  
တာလီဘန်နှင့် အယ်လ်ကိုင်ဒါတို့၏ စည်းရုံးရေးလက်နက်မှာ ဘာသာရေးဖြစ်ပြီး အကြမ်းဖက် ခြောက်လှန့်ခြင်းဖြင့် ထိန်းချုပ်သည်။ အယ်လ်ကိုင်ဒါမှ ပိုမိုအစွန်းရောက်သူတို့သည် #ခလီဖိတ်အစ္စလာမ်ကမ္ဘာထူထောင်လိုသူ #အိုင်အက်စ်_(_IS,_ယခင် ISIS, ISIL ) တို့ ဖြစ်သွားကြသော်လည်း တာလီဘန်နှင့် အယ်လ်ကိုင်ဒါတို့က အိုင်အက်စ်တို့အား အသိအမှတ် မပြုပါ။

…  
အယ်လ်ကိုင်ဒါသည် #အမေရိကန်_CIA, #ဗြိတိန်_MI6 နှင့် #ရုရှား_SVR_RF ကဲ့သို့ ထိပ်တန်းပြည်ပထောက်လှမ်းရေးအဖွဲ့များ၏ ထိုးဖောက်မွှေနှောက်ခြင်းကို ကောင်းစွာခံနိုင်သည့် ခေတ်မီဖွဲ့စည်းပုံနှင့် ဘဏ္ဍာငွေကြေး နောက်ခံရှိသည့် အစွန်းရောက် အကြမ်းဖက်အဖွဲ့ဖြစ်သည်။ ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ဗုံးခွဲခြင်းအပါအဝင် ချောင်းမြောင်း လုပ်ကြံရာတွင် အတွေ့အကြုံ ဝါရင့်သူများဖြင့် ဖွဲ့စည်းထားသည်။

…  
တာလီဘန်ဆိုသည်မှာ အာဖဂန်တွင် အစ္စလာမ်ဘာသာရေးကျောင်းသားများက စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး အာဖဂန်နယ်စပ် ပက်ရှ်တွန်နယ်မြေတွင်လည်း #တာရစ်အီးပါကစ္စတန်(TTP) ခေါ် ပါကစ္စတန်တာလီဘန်များရှိနေသည်။ ၎င်းတို့သည် ပါကစ္စတန် ပြည်တွင်းပြည်ပရှိ အစွန်းရောက်အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ရှိကြောင်း စွပ်စွဲခြင်းခံရသည်။    ။သတင်းဘာသာပြန်သူ))

(((Russia Today., 18 Jul, 2021, “ Afghanistan recalls ambassador, top diplomats from Pakistan in wake of envoy’s daughter kidnapping and torture.” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံး ဘာသာပြန်ဆိုသည်။)))

https://www.aljazeera.com/news/2021/7/18/afghanistan-recalls-envoy-diplomats-from-pakistan-over-abduction
https://www.rt.com/news/529550-afghan-ambassador-recalled-pakistan-kidnapping/
https://www.aljazeera.com/news/2021/7/17/afghan-envoys-daughter-to-pakistan-abducted-tortured-officials
https://timesofindia.indiatimes.com/world/pakistan/imran-khan-admits-pak-army-trained-al-qaida/articleshow/71269802.cms
https://www.voanews.com/south-central-asia/khan-pakistan-can-never-again-be-us-partner-war 

Leave a Reply

Your email address will not be published.