ပိုမိုပြင်းထန်လာသော အဇာဘိုင်ဂျန်နှင့် တိုက်ပွဲများအား တုန့်ပြန်ရေးအတွက် ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အရ ရုရှားက အမြန်ဆုံးကူညီရန် အာမေးနီးယားတောင်းဆို။ တူရကီကျောထောက်နောက်ခံ အဇာဘိုင်ဂျန်နှင့် ရုရှားနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားသော အာမေးနီးယားတို့၏စစ်ပွဲ ဒေသတွင်း ကျယ်ပြန့်လာမည့်အလားအလာ



အငြင်းပွားနယ်မြေ နာဂေါ်နို-ကာရာဘတ်ဒေသ ထိန်းချုပ်ရေး အိမ်နီးချင်းအဇာဘိုင်ဂျန်နှင့် ပြင်းထန်စွာဖြစ်ပွားလျှက်သော တိုက်ပွဲများအား တုန့်ပြန်ရေးအတွက် ရုရှားက အမြန်ဆုံးကူညီရန် အာမေးနီးယားက တောင်းဆိုလိုက်သည်ဟု Financial Times က ယနေ့ရေးသားသည်။ 


အဇာဘိုင်ဂျန်က အာမေးနီးယန်းတို့ ထိန်းချုပ်ထားသော နာဂေါ်နို-ကာရာဘတ်ဒေသရှိ အဓိကနယ်မြေများအား သိမ်းယူပြီး အရေးပါသော မြို့အား ခြိမ်းခြောက်လျှက်ရှိစဉ် ၁၉၉၇ ခုနှစ် နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့်လုံခြုံ ရေးဆိုင်ရာ အပြန်အလှန် အထောက်အကူပေးရေးစာချုပ်ပါ အချက်အလက်များအရ ရုရှားက အကူအညီပေးရန်နှင့် သမ္မတပူတင်နှင့် အမြန်ဆုံးဆွေးနွေးလိုကြောင်း အာမေးနီးယားဝန်ကြီးချုပ် နစ်ကိုးလ်ပက်ရှင်းညာက ပထမဆုံးအကြိမ် ပြောကြားလိုက်သည်ဆို၏။ 



လွန်ခဲ့သော ရက်သတ္တ ၅-ပတ်က စတင်ဖြစ်ပွားခဲ့သော စစ်ပွဲတွင် လူပေါင်း ၅,၀၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။ အင်အားကြီး တူရကီ၏ ကျောထောက်နောက်ခံ အခိုင်အမာရရှိထားသော အဇာဘိုင်ဂျန်နှင့် ရုရှားနှင့်ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားသည့် အာမေးနီးယားတို့၏ စစ်ပွဲမှာ ဒေသတွင်းသို့ ကူးစက်လောင်ကျွမ်းမည့်အန္တရာယ် ပိုမိုတိုးမြင့်လျှက်ရှိသည်။ 



နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာသဘောတူစာချုပ်တွင် အာမေးနီးယား၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို တိုက်ခိုက်ခြင်းခံရလျှင် ရုရှားက ကူညီရန်ဖြစ်သော်လည်း နာဂေါ်နို-ကာရာဘတ်ဒေသ သို့မဟုတ် အဇာဘိုင်ဂျန်က ပိုင်ဆိုင်ထားသော နယ်မြေများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရှိရသည်။ 



အာမေးနီးယန်းတို့ စိုးရိမ်မှု တိုးပွားလျှက်ရှိစဉ် ရုရှားနိုင်ငံအနေဖြင့် ယခင်ဆိုဗီယက်နယ်မြေဟောင်း နိုင်ငံတို့၏ နယ်စပ်အရေး ပဋိပက္ခတွင် တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ ကြားနေရန် ကြိုးစားလျှက်ရှိသည်။ သို့သော်လည်း ကော့ကေးဆပ်ဒေသတွင် တူရကီ၏ သြဇာတိုးချဲ့လိုမှုကို သတိပြုနိုင်ဖွယ်ရှိသည်ဆို၏။

 

အဇာဘိုင်ဂျန်ကလည်း တောင်တန်းဒေသ နာဂေါ်နို-ကာရာဘတ်အား နိုင်ငံအတွင်း ပြန်လည်သွတ်သွင်းရန် ကတိပြုထားသည်။ အဇာဘိုင်ဂျန်၏ ခရိုင် ၇-ခု ဝန်းရံထားသည့် နာဂေါ်နို-ကာရာဘတ်ဒေသတွင် အာမေးနီးယန်းလူမျိုးစုများနေထိုင်ကြပြီး ၁၉၉၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော နှစ်နိုင်ငံစစ်ပွဲပြီးဆုံးချိန်မှစ၍ အာမေးနီးယား ကျောထောက် နောက်ခံပြု အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ 



အဇာဘိုင်ဂျန်တပ်များသည် နာဂေါ်နို-ကာရာဘတ်ဒေသတောင်ပိုင်း စတုရန်းမိုင် ၅၈၀ ကျော်ကို သိမ်းယူထားပြီး လွန်ခဲ့သော ကြာသပတေးနေ့တွင် အာမေးနီးယန်းတို့၏ မြို့တော်နယ်မြေနှင့် ဆက်သွယ်ရာ လမ်းကြောင်းပေါ်ရှိ ရှူရှားမြို့နှင့် ၃-မိုင်အကွာနယ်မြေတွင် အဇာဘိုင်ဂျန်တပ်များရောက်ရှိနေကြောင်း အာမေးနီးယားက သတိပေးခဲ့သည်။ 


ဝန်ကြီးချုပ်ပက်ရှင်းညန်က သမ္မတပူတင်ထံ စနေနေ့တွင် စာရေးသားကြောင်း အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် နယ်စပ်၌ ရန်လိုမုန်းတီးမှုများ တိုးချဲ့လာခြင်းနှင့် အာမေးနီးယား၏ အချုပ်အခြာပိုင်နက်သို့ ကျူးကျော်တိုက်ခိုက်မှုများ ချဉ်းကပ်လာသည်ကို တွေ့မြင်နေရကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် အာမေးနီးယား၏ လုံခြုံရေးတွင် ပံ့ပိုးပေးနိုင်သည့် အကူအညီ ပမာဏအတွက် နှစ်နိုင်ငံတိုင်ပင် ဆွေးနွေးမှုများ အမြန်ဆုံးစတင်ရန် လိုအပ်လာကြောင်း အဇာဘိုင်ဂျန် – တူရကီတို့၏ စစ်ရေးအရ ကျူးကျော်ရန်စမှုနှင့် စိန်ခေါ်ရာရောက်သည့် ဖြစ်စဉ်များအကြောင်း အသေးစိတ် ဖော်ပြထားသည်။ 


အပြန်အလှန်အားဖြင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆွေးနွေးပွဲများစတင်နိုင်မည်မဟုတ်ကြောင်း ကြေညာ ချက်တစောင်ထုတ်ပြန်ခဲ့သည်။ သဘောတူစာချုပ်အရ ရုရှားအနေဖြင့် အာမေးနီးယားပိုင်နက်သို့ ပဋိပက္ခများ တိုက်ရိုက် ကူးစက်လာပါက လိုအပ်သောအကူအညီများကိုပေးအပ်မည်ဖြစ်ကြောင်း၊ အာမေးနီးယားတွင် ရုရှား စစ်အခြေစိုက်စခန်းများ တည်ရှိနေကြောင်း၊ ကာကွယ်ရေးဆိုင်ရာစာချုပ်တွင် နာဂေါ်နို-ကာရာဘတ်ဒေသ သို့မဟုတ် အဇာဘိုင်ဂျန်၏ အခြားပိုင်ဆိုင်ထားသော နယ်မြေများ ပါဝင်ခြင်း မရှိကြောင်း ရေးသားထားသည်။ 

သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အာမေးနီးယားနှင့်အဇာဘိုင်ဂျန်တို့သည် နှစ်ဘက်နိုင်ငံခြားရေး ဝန်ကြီးများဆွေးနွေးကြအပြီးတွင် လူနေဧရိယာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ရပ်တန့်ရန် သဘောတူညီခဲ့ကြသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း အပြန်အလှန်စွပ်စွဲ၍ ၃-ကြိမ်တိုင် အပစ် အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် ယခုကဲ့သို့ ထပ်မံသဘောညီကြခြင်းဖြစ်သည်။ 

  
(( အာမေးနီးယား၏ အကူအညီတောင်းခံမှုကို ရုရှား၏ အကြောင်းပြန်ကြားစာတွင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာစာချုပ်အရ နာဂေါ်နို-ကာရာဘတ်ဒေသ သို့မဟုတ် အဇာဘိုင်ဂျန်၏ အခြားပိုင်ဆိုင်ထားသော နယ်မြေများ ပါဝင်ခြင်း မရှိဟု ဆိုထားသည်။ သို့သော် နာဂေါ်နို-ကာရာဘတ်စစ်ပွဲတွင် တူရကီကျောထောက်နောက်ခံပြု အဇာဘိုင်ဂျန်တပ်များသည် အာမေးနီးယားနိုင်ငံအတွင်းထိ ကျုးကျော်ဝင်ရောက်ရှိလာပါလျှင် ရုရှား၏ စစ်အခြေ စိုက်စခန်း ျား ရှိနေကြောင်း သတိပေးရာရောက်သည်ဟု ယူဆရပါသည်။ စစ်ပွဲတို့၏ သဘာဝမှာ စမိလျှင် မမျှော်လင့်ပဲ နယ်မြေကျယ်ပြန့်လာခြင်းမရှိအောင် ထိန်းချုပ်ရန် အလွန်ခက်ခဲလေ့ရှိပါသည်။ ။ သတင်း ဘာသာပြန်သူ )) 

#နာဂေါ်နို-ကာရာဘတ်ပဋိပက္ခ #ရျုရှားထံအာမေးနီးယားအကူအညီတောင်း


((( Financial Times., OCTOBER 31 2020, By:Henry Foy “Armenia calls for Russian help as fight with Azerbaijan intensifies.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန် ဆိုသည်။ ))) 

https://www.ft.com/content/9ca3163a-d267-4ac2-bfc3-77f86995dc75 

0

Leave a Reply

Your email address will not be published.