ပူတင်မိန့်ခွန်းအပြီး ရုရှားအစိုးရအဖွဲ့ ရာထူးမှ ရုတ်တရက်နှုတ်ထွက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံတော်သို့ နှစ်ပတ်အခြေပြုမိန့်ခွန်းပြောကြားပြီး များမကြာမီ ဒီမီထရီမက်ဗီဒက်ဦးဆောင်သည့် ရုရှားအစိုးရအဖွဲ့က ရာထူးမှ ရုတ်တရက် နှုတ်ထွက်သွားကြသည်ဟု Russia Today က ယနေ့ရေးသားသည်။

မက်ဗီဒက်၏ ရာထူးမှ နှုတ်လွှာကို သမ္မတပူတင်က လက်ခံခဲ့ပြီး တာဝန်ကြေပွန်စွာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ အစိုးရသစ်မဖွဲ့စည်းနိုင်မီ အိမ်စောင့်အစိုးရအား ဦးဆောင်ပါရန် ပြောကြားသည်။

ရုရှားနိုင်ငံတော်အား အသေးစိတ် မွန်းမံရန်နှင့် နိုင်ငံအုပ်ချုပ်မှု့ဖွဲ့တည်ပုံပြောင်းလဲရန်အတွက် ဖွဲ့စည်းပုံဥပဒေအား ပြင်ဆင်ရန် မိမိတောင်းဆိုကြောင်း ဗလာဒီမာပူတင်၏ မိန့်ခွန်းပြောကြားအပြီးတွင် မက်ဗီဒက်အစိုးရအဖွဲ့နှုတ် ထွက်ခြင်းဖြစ်သည်ဟု Al Jazeera က ယနေ့ရေးသားသည်။

ရုရှားနိုင်ငံတွင် အင်အားတောင့်တင့်သော ပါလီမန်ထွန်းပေါ်လာရေးအတွက် ဖွဲ့စည်းပုံဥပဒေတွင် ပါလီမန်၏ အခွင့်အာဏာများကို တိုးမြှင်ပေးအပ်သည့် ပြင်ဆင်ချက်များ ထည့်သွင်းပေးရန်လိုအပ်ကြောင်း၊ ထိုအတွက် ရုရှားပြည်သူတို့အနေဖြင့် ယခုအတိအကျမသတ်မှတ်သေးသော ရက်တွင် ဆန္ဒမဲပေးကြရလိမ့်မည်ဖြစ်ကြောင်း ပူတင်၏ နှစ်ပတ်လည်မိန့်ခွန်း၌ ပါရှိသည်ဆို၏။

အသက် ၅၄-နှစ်အရွယ် ဥပဒေပညာရှင်ဖြစ်သော မက်ဗီဒက်သည် ပူတင်၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် နာမည်ထွက်ခဲ့သည်။ ဗလာဒီမာပူတင်နည်းတူ ယူနိုက်တက်ရုရှားပါတီမှဖြစ်သည်။ ရုရှားနိုင်ငံဖွဲ့စည်းပုံဟောင်းအရ နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့်မရှိသည့် သမ္မတ ပူတင် ( ၂၀၀၀-၂၀၀၈ ခုနှစ် ) က ရာထူးသက်တမ်းအပြီး ဝန်ကြီးချုပ် ပြောင်းလဲတာဝန်ယူချိန် မက်ဗီဒက်က သမ္မတ ( ၂၀၀၈- ၂၀၁၂ ) ရာထူးယူခဲ့သည်။ ထိုနောက် ပူတင်က ၂၀၁၂ မှစတင်ကာ သမ္မတပြန်လည်ဖြစ်လာကြောင်း သိရှိရသည်။

ယခုနောက်ဆုံးသတင်းအရ နှုတ်ထွက်သွားသောအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် မက်ဗီဒက်သည် ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယအကြီးအကဲဖြစ်လာကြောင်း Russia Today က ယနေ့ ရေးသားသည်။ ပင်လယ်ရပ်ခြားလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ခံဖြစ်သော အဆိုပါရာထူးကို လက်ခံရန် မက်ဗီဒက်က သဘောတူသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။

((( Russia Today., 15 Jan, 2020, “Russian government resigns after President Putin’s state-of-the-nation address proposes changes to the constitution.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/russia/478340-government-resigns-russia-putin-medvedev/

https://www.aljazeera.com/news/2020/01/russian-govt-quits-putin-calls-constitutional-shake-200115110750948.html

https://www.rt.com/russia/478343-medvedev-security-council-after-resignation/

# ရုရှားအစိုးရအဖွဲ့ ရာထူးမှ ရုတ်တရက်နှုတ်ထွက် #ဒီမီထရီမက်ဗီဒက်

0

Leave a Reply

Your email address will not be published.