ပျက်ကျယူကရိန်းလေယာဉ် ဘလက်ဘောက်စ်မှ အချက်ပြများကို ဖတ်ရေး ပြင်သစ် သို့မဟုတ် ကနေဒါကျွမ်းကျင်သူများ အကူအညီလိုအပ်ဟု အီရန်ပြောဆို။ မှားယွင်းပစ်ချမိခဲ့ကြောင်း ပြောဆိုချက်တို့မှာ ယုတ္တိမရှိသော ကောလဟလများသာဖြစ်ဟု အီရန်ပယ်ချ။

ဗုဒ္ဓဟူးနေ့ တဟီရန်မြို့အနီး ပျက်ကျသွားသော ယူကရိန်းခရီးသည်တင်လေယာဉ်၏ Black Box များမှ မှတ်တမ်းတင်အချက်အလက်များကို ဖတ်ရန် ပြင်ပအကူအညီ လိုအပ်လျှက်ရှိကြောင်း အီရန်က ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။

အီရန်အနေဖြင့် အချက်အလက်များ မည်သို့ဖတ်ရမည်ကို ယေဘူယျအားဖြင့် သိရှိသော်လည်း အဆိုပါ Black Box များမှာ ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် ပြင်ပအကူအညီ လိုအပ်ခြင်းဖြစ်ကြောင်း အီရန်လေကြောင်း ပျံသန်းမှု့ဆိုင်ရာ အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အလီအဗ္ဗက်ဇဒါးက CNN နှင့် တွေ့ဆုံစဉ်ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

သာမန်အားဖြင့် Black Box မှတ်တမ်းတင် အချက်အလက်များကို မည်သူမဆို ဖတ်နိုင်ကြောင်း၊ ထိုအတွက် သောကြာနေ့တွင် ယူကရိန်းနှင့် အီရန်ကျွမ်းကျင်သူတို့ ပူးတွဲလျှက် စတင်ဖတ်ကြရန် အစီအစဉ်ရှိကြောင်း၊ သို့သော် မိမိတို့တွင် ရှိသော ထောက်ကူကိရိယာတို့မှာ လုံလောက်မှု့မရှိလျှင် ပြင်သစ် သို့မဟုတ် ကနေဒါနိုင်ငံ ကျွမ်းကျင်ပညာရှင်များထံ ပေးပို့မည်ဖြစ်ပြီး မည်သို့စစ်ဆေးတွေ့ရှိသည်ဖြစ်စေ နိုင်ငံတကာသို့ သတင်းမှန် ထုတ်ပြန်ကြေညာပေးမည်သာဖြစ်ကြောင်း၊ အလားတူပင် အီရန်၌ မိမိတို့နှင့်အတူ ပူးပေါင်းကူညီ စစ်ဆေးရန် ဘိုးရင်းကုမ္ပဏီအနေဖြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးရေး အကူအညီတောင်းခံထားသည်ဟု အလီက ရှင်းပြသည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကမူ အီရန်အနေဖြင့် Black Box သေတ္တာအား ကိုယ်တိုင်စစ်ဆေးရန် ဆန္ဒရှိပြီး အမေရိကန်နှင့် ဘိုရင်းကုမ္ပဏီလက်သို့ ပေးအပ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ကြာသပတေးနေ့တွင် အမေရိကန်မီဒီယာတို့က အမည်မဖော်လိုသော ပင်တာဂွန်နှင့် ထောက်လှမ်းရေးအရာရှိများ ပြောဆိုချက်ဟုဆိုကာ သတင်းများ ရေးသားခဲ့သည်။ အီရတ်ရှိ အမေရိကန်စစ်စခန်းအား မစ်ဆိုင်းလ်များဖြင့် ပစ်ခတ်စဉ် အခြေအနေ ရှုတ်ထွေးနေခိုက် တဟီရန် အီမန်ခိုမေနီလေဆိပ်မှ ပျံတက်သွားသော ယူကရိန်းခရီးသည်တင်လေယာဉ်ကို အီရန်ကိုယ်တိုင်က မှားယွင်းပစ်ချမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကနေဒါဝန်ကြီးချုပ် ဂျတ်စတင်ထရူးဒိုးကိုယ်တိုင်ပင်လျှင် အမေရိကန် သံယောင်လိုက်ကာ အီရန်အနေဖြင့် ယူကရိန်းလေယာဉ်အား မတော်တဆ ပစ်ချမိကြောင်း တာဝန်ရှိသည်ဟု ထောက်လှမ်းရေးသတင်းများက ညွှန်ပြနေသည်ဟု ပြောဆိုခဲ့သည်။

အီရန်ကမူ အဆိုပါ ပြောဆိုချက်အားလုံးတို့မှာ သက်သေအထောက်အထားမရှိ ယုတ္တိကင်းမဲ့သော ကောလဟလများကို အခြေခံထားခြင်းသာဖြစ်သည်ဟု ပြင်းထန်စွာ ပယ်ချခဲ့သည်။

(( ယူကရိန်း ခရီသည်တင်လေယာဉ်ကို အီရန်က မတော်တဆ/မှားယွင်းပစ်ချခဲ့ကြောင်း ပင်တာဂွန်နှင့် ထောက်လှမ်းရေးတို့က ပြောဆိုသည်ဟု Al Jazeera အပါအဝင် နိုင်ငံတကာ မီဒီယာကြီးများ ရေးသားချက်တို့ ယမန်နေ့ ပလူပျံအောင် ထွက်ပေါ်ခဲ့ကြောင်း တွေ့ရပါသည်။ ကျွန်တော်သတိထားမိသလောက်ဆိုလျှင် အီရန်က မှားယွင်းပစ်ချကြောင်း ပြောဆိုသည့်အထဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း ပါဝင်၍ ဗုဒ္ဓဟူးနေ့ညပိုင်း အမေရိကန်ပြည်သူများသို့ အစီရင်ခံရာတွင် သတင်းထောက်များအမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုထိသတင်းများအား စုစည်းကောက်ချက်ချရလျှင် အီရန်သည် ပျက်ကျယူကရိန်းလေယာဉ်မှ Black Box ကို အမေရိကန်နှင့် အမေရိကန်အစိုးရထံမှ စစ်ဖက်ကန်ထရိုက်များ ရယူနေသော ဘိုးရင်းကုမ္ပဏီလက်သို့ မပေးအပ်နိုင်၊ ဘိုးရင်းကုမ္ပဏီအနေဖြင့် အီရန်တွင် ယူကရိန်းနှင့် Black Box စစ်ဆေးအဖြေရှာရာတွင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဖြင့် လာရောက်ပူးပေါင်းရန် အကူအညီတောင်းခံသည်။ တဟီရန်လေယာဉ်ကွင်းမှ ပျံတက်သွားသော ယူကရိန်းလေယာဉ်သည် အင်ဂျင်ချို့ယွင်းမှု့ကြောင့် မြေပြင်သို့ ထိုးစိုက်ကျသွားကြောင်း အီရန်အာဏာပိုင်များက ပြောကြားသည်ဟု Reuters က ရေးသားသည့် သတင်းမှာ အမှန်မဟုတ်။ ထိုသတင်းအပေါ်ကိုးကား၍ ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလင်စကီးက ၎င်းသတင်းထုတ်ပြန်ချက်ကို နောက်ပိုင်း ပြန်လည်ရုတ်သိမ်းသည်။

ယူကရိန်းလေယာဉ်မှာ မစ်ဆိုင်းလ်ထိမှန် မီးလောင်ကျွမ်းပြီး ပျက်ကျရသည်ဟု ယူဆဖွယ်ရာများ တွေ့ရသည်။ သို့သော် လူမှု့ကွန်ယက်တွင် ပျံနှံံ့နေသည်အတိုင်း ရုရှားလုပ် Tor မစ်ဆိုင်းလ်ဖြင့် ပစ်ချခံရကြောင်း ပြောဆိုချက်များမှာ သက်သေအထောက်အထား ရှာဖွေနေဆဲဖြစ်၊ အွန်လိုင်း နှင်းပုလဲဆားမောင်တို့ ပြောဆိုနေကြသည့် အီရန်အပေါ် ပြဿနာရှာရန် CIA က ပစ်သည်ဆိုခြင်း၊ ကြားဝင်အမြတ်ထုတ်လိုသော ရုရှား-တူရကီ-ဆော်ဒီ သို့မဟုတ် အယာတိုလာခါမေနီကိုပင် တစ်ခါတစ်ရံ ဘာတွေလုပ်နေမှန်း အသိမပေးသည့် အီရန်ပြည်သူ့စစ်များ က ပစ်ချသည်ဆိုခြင်းမှာလည်း အထောက်အထား အတိအကျမသိရသေး၊

ထိုထက်ပို၍ ကြွတက်ကြပြီး သကာလ ဖိုတိုရှော့များ ဆွဲစပ် ဖြတ်ညှပ်ကပ်များဖြင့် ခပ်တည်တည် သောက်ဖောင်းထုနေသည့်တို့ အွန်လိုင်းတွင် ပြန့်နှံ့နေခြင်းများမှာ ပြည်သူလူထုအား လှည့်စားရန်မှ တုန်လှုပ်ခြောက်ခြားစေသည်ဖြစ်၍ မရှယ်ကြ/ မဖြန့်ကြပါရန် ယူကရိန်းသမ္မတက မေတ္တာရပ်ခံထားသည်။

သို့သော်လည်း ယူကရိန်းခရီးသည်လေယာဉ်ကို အီရန်က မှားယွင်းပစ်ချ၍ လူပေါင်း ၁၇၆-ယောက်အသက်ဆုံးရှုံးသွားသည်ဆိုခြင်းမှာ ကမ္ဘ္ဘာပတ်လျှက်ရှိပြီး၊ အမှန်ဟုတ်-မဟုတ် အတည်ပြုသည့် အခိုင်အမာသက်သေ ပေါ်ထွက်လာလျှင်သော်မှ လူတိုင်းလက်ခံသည်အထိ ချေဖျက်ရန် အတော်ခဲယဉ်းမည်ဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို ( လေးစားအပ်သော မိတ်ဆွေတို့ကိုမဆိုလိုပါ ) မွေးစားသား လေးဖက်ထောက်များဖြင့် တည်ဆောက်အံ့။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 9 Jan, 2020, “Iran says it may need help from French or Canadian experts to decode data from ‘damaged’ black boxes.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပျက်ကျယူကရိန်းခရီးသည်တင်လေယာဉ်

https://www.rt.com/news/477865-iran-black-boxes-damaged/ .

https://www.rt.com/news/477857-iran-responds-missile-ukraine-boeing/

https://www.rt.com/news/477852-trump-iran-sanctions-plane-crash/

https://edition.cnn.com/2020/01/09/politics/is-iran-ukraine-plane/index.html

https://www.aljazeera.com/news/2020/01/video-appears-show-moment-ukraine-plane-hit-iran-200109215242705.html

0

Leave a Reply

Your email address will not be published.