ဖမ်းဆီးခံရသူ လူမည်း ဂျော့ဖလွိုက်သေဆုံးမှုဖြင့် ရဲအရာရှိအား တရားစွဲဆိုပြီးနောက် ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား ပဋိပက္ခ ပိုမိုတိုးမြင့်လာ၊ အမေရိကန်နိုင်ငံတဝှမ်း မြို့ကြီးများသို့ ကန့်ကွက်ဆန္ဒပြမှုများ ပြန့်နှံ့၍ မငြိမ်မသက်မှုများဖြစ်ပွား၊ သမ္မတအိမ်တော် Lockdown ချထားခြင်းများ ရုတ်သိမ်း

ဖမ်းဆီးခံရသူ လူမည်း ဂျော့ဖလွိုက်သေဆုံးခြင်းမှ အစပြုသော မီနီယာပိုလိစ် ကန့်ကွက်ဆန္ဒပြပွဲများသည် သောကြာနေ့ ညနေပိုင်းတွင် နယူးယောက်စီးတီး၊ အတ္တလန်တာနှင့် ၀ ါရှင်တန်အပါအဝင် အမေရိကန်နိုင်ငံတစ်ဝှမ်း အခြားမြို့ကြီးများသို့ ဆက်လက်ပြန့်နှံ့လာခဲ့ကြောင်း Whshington Post က ယနေ့ရေးသားသည်။

နယူးယောက်မြို့တွင်ဖမ်းဆီးမှုများကိုပြုလုပ်လျှက်ရှိခြင်းကြောင့် အောက်မန်ဟက်တန်အနီးတဝှိုက် ဆန္ဒပြသူ ရာပေါင်းများစွာတို့ ထွက်ပြေး ရှောင်တိမ်းလျှက်ရှိကြောင်း တွေ့မြင်ကြရသည်။ ဘရွတ်ကလင်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား ဖြိုခွင်းရာတွင် အော်ဟစ်ကြွေးကြော်နေသူများအား မြေပြင်သို့ လှဲချဖမ်းဆီးခဲ့သည်။

အတ္တလန်တာတွင်မူ ဆန္ဒပြသူများက CNN စင်တာအနီး စုရုံးခဲ့ကြသည်။ ဆန္ဒပြသူ အချို့သည် CNN ဌာနချုပ် အပြင်ဘက်နံရံတွင် ကြွေးကြော်သံများကို စပရေးဗူးများအသုံးပြု၍ ဧရာမအနီရောင်စာလုံးကြီးများဖြင့် ရေးသားကြသည်။ ရဲတပ်ဖွဲ့က လူစုခွဲခြင်းမတိုင်မီ အချို့ကပြတင်းပေါက်မှန်များကို ရိုက်ခွဲ၍ အဆောက်အအုံများအတွင်းသို့ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြစဉ် မီးလောင်နေသော ရဲကားတစ်စီးကို မြင်တွေ့ရသည်။

လူဖြူရဲအရာရှိများက ဂျော့ဖလွိုက်အား ဖမ်းဆီးစဉ် မြေသို့ လှဲချ၍ လည်ပင်းပိုင်းကို ဒူးဖြင့် ဖိထားခြင်းကြောင့် ဂျော့ဖလွိုက်မှာ နောက်ပိုင်းတွင် သေဆုံးခဲ့ရသည်။ မေ-၂၆ ရက်မှစတင်သော မင်နီယာပိုလိစ်ကန့်ကွက်ဆန္ဒပြပွဲများသည် သောကြာနေ့တွင် တစ်နိုင်ငံလုံးသို့ ကူးစက်ကာ မြို့ပြမငြိမ်သက်မှုများ ဖြစ်ပေါ်စေသည်။

ဂျော့ဖလွိုက်သေဆုံးခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခြင်းခံထားရသော မင်နီယာပိုလိစ်မှ ရဲအရာရှိ ဒဲရစ်ရှိုဝမ်အား တတိယအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားကြောင်း သောကြာနေ့မွန်းလွဲပိုင်း ဟန်နီပင်ကောင်တီ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

မငြိမ်သက်မှုများ ရက်ဆက်ပြင်းထန်လာခြင်းကြောင့် မင်နီယာပိုလိစ်နှင့် အမွှာမြို့ဖြစ်သော စိန့်ပေါလ်တွင် သောကြာနေ့မှ စတင်ကာ ည ၈-နာရီမှ နံနက် ၆-နာရီအထိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားသည်ဆို၏။

တရားစွဲဆိုခြင်း ခံထားရသော ဒဲရစ်ရှိုဝမ်သည် ယခင်ကလည်း သံသယရှိသူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်၍ အခြားတစ်ဦးအား အပြင်းအထန်ဒါဏ်ရရှိစေမှု၌ ပါဝင်ပတ်သက်ခဲ့ဖူးသူဖြစ်သည်။ စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်သော ရှိုဝမ်သည် မင်နီယာပိုလိစ်ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်သည့် နှစ် ၂၀ အတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ၁၇ ကြိမ် တိုင်ကြားခြင်းခံခဲ့ရဖူးသည်။

သို့သော် အတ္တလန်တာမြို့တော်အတွင်း အကြမ်းဖက်မှုများနှင့် လက်သရမ်းဖျက်ဆီးခြင်းများမှာ ကန့်ကွက်ဆန္ဒပြသည်ဟူ၍ သတ်မှတ်ရန်မဖြစ်နိုင်ကြောင်း၊ ကွယ်လွန်သူ လူမည်းလူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာကဲ့သို့ အမြင်ခံယူချက်မျိုးမဟုတ်ပဲ ပရမ်းပတာလုပ်ရပ်များသာဖြစ်ကြောင်း ဆန္ဒပြသူများအနေဖြင့် နေအိမ်များသို့ အေးချမ်းစွာ ပြန်သွားသင့်ကြောင်း အတ္တလန်တာမြို့တော်ဝန်က ပြောဆိုသည်။

သမ္မတဒေါ်နယ်ထရမ့်ကမူ လုယက်မှုများ စတင်သည်နှင့် သေနတ်နှင့် ပစ်ခတ်ခြင်းများလည်း စတင်ရလိမ့်မည် ဖြစ်ကြောင်း ယနေ့နံနက်စောစောပိုင်း ၎င်း၏ Twitter စာမျက်နှာ၌ ခြိမ်းခြောက်ရေးသားကြောင်း တွေ့မြင်ကြရသည်။ စောစောပိုင်း သမ္မတအိမ်တော် Lockdown ချထားခြင်းများ ရုတ်သိမ်းကြောင်း Newzeland Herald က ယနေ့ရေးသားသည်။

((( Washington Post ., May 30, 2020, “Protesters clash with police after former officer is charged in George Floyd’s death.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.washingtonpost.com/nation/2020/05/29/george-floyd-minneapolis-protests-live-updates/

https://www.nzherald.co.nz/world/news/article.cfm?c_id=2&objectid=12336022

0

Leave a Reply

Your email address will not be published.