ဖယ်ရှားခံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေ၊ ရက်အနည်းငယ်အတွင်း တရားရုံး၌ ကြားနာမည်ဟု စစ်အစိုးရခေါင်းဆောင် ပြော။ ပါတီစုံဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရွေးကောက်ပွဲအသစ်ကို တစ်နှစ် သို့မဟုတ် ၆-လတိုးမြှင့်ကာလအတွင်း ကျင်းပနိုင်မည်ဟုဆို


ဖယ်ရှားခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိနေပြီး လာမည့် ရက်အနည်းငယ်အတွင်း တရားရုံး၌ စစ်ဆေးခံမည်ဖြစ်ကြောင်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးအကြိမ် ရုပ်သံအင်တာဗျူး၌ ပြောဆိုသည်ဟု AFP က ယမန်နေ့ ရေးသားသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရအား ဖေဖော်ဝါရီ ၁-ရက်နေ့တွင် ဖယ်ရှားခဲ့သော မင်းအောင်လှိုင်၏ ကြာသပတေးနေ့ ဟောင်ကောင်အခြေစိုက် Phoenix TV ရုပ်သံနှင့် ၂-နာရီကြာ အင်တာဗျူးမှာ အစအဆုံး ထုတ်လွှင့်ရခြင်း မရှိသေးချေ။

…  
ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း၊ နေအိမ်တွင် နေထိုင်လျှက်ရှိပြီး လာမည့် ရက်အနည်းငယ်အတွင်း တရားရုံး၌ ကြားနာမည်ဟု ဗိုလ်ချုပ်မှူးကြီးက မြန်မာဘာသာဖြင့် ပြောဆို၍ ကွန်ယက်က တရုတ်ဘာသာဖြင့် စာတန်းထိုးပြသည်ကို စနေနေ့ လူမှုကွန်ယက်၌ တွေ့မြင်ကြရသည်။

…   
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအောင်မြင်မှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် စစ်ခေါင်းဆောင်က အတိုချုပ်ပြောရလျှင် ဒေါ်စုအနေဖြင့် တတ်နိုင်သမျှ အားလုံးပြုလုပ်ခဲ့ကြောင်း ဖြေဆိုသည်။

…   
အဏာသိမ်းသည့်နေ့တွင် နေအိမ်အကျယ်ချုပ်ချခံထားရပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အား လူအများ မြင်ကွင်း၌ တွေ့မြင်ရခြင်း မရှိတော့ချေ။

…    
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးကာကွယ်ရေး ကန့်သတ်ချက်များကို ချိုးဖောက်မှုနှင့် လိုင်စင်မဲ့ ဝေါ်ကီ-တော်ကီဆက်သွယ်ရေးစက်များကို လက်ဝယ်ထားရှိမှုအပါအဝင် ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

…  
အဆိုးဝါးဆုံး စွပ်စွဲချက်တစ်ခုမှာ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်သည်ဟု စွဲဆိုခံရခြင်းဖြစ်သည်။

…  
ရုံးထုတ်စစ်ဆေးရန် ရက်သတ္တပတ်များစွာ နှောင့်နှေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးတော်၌ ကြားနာမှုကို ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့၌ ကိုယ်တိုင်တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဒေါ်စု၏ ရှေ့နေများအနေဖြင့် ၎င်းတို့က ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်မည့်သူနှင့် လူချင်းသီးသန့်တွေ့ဆုံရန် အလွန်ခက်ခဲစွာ ရင်ဆိုင်ခဲ့ရသည်။

…  
[#အမျိုးသားသစ္စာဖောက်] ၂၀၂၀ ရွေးကောက်ပွဲတွင်   သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အဆိုပါရွေးကောက်ပွဲ၌ မဲမသမာမှု့များ ပြုလုပ်ခဲ့သည့်အတွက်ဖျက်သိမ်းပစ်မည်ဟု စစ်အစိုးရက ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြီးအကဲက သောကြာနေ့တွင် ခြိမ်းခြောက်ခဲ့သည်။ နိုဝင်ဘာရွေးကောက်ပွဲရလဒ်များအပေါ် စုံစမ်းစစ်ဆေးမှုများ မှာ ပြီးဆုံးလုနီးဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုသည်။

…   
မသမာမှုပြုလုပ်ခဲ့သည့် NLD ပါတီကို  ဖျက်သိမ်းရန် သို့မဟုတ် မသမာမှုကျူးလွန်သူများကို အမျိုးသားသစ္စာဖောက်အဖြစ် အရေးယူရန် ၎င်းတို့၏ လုပ်ဆောင်မှုကို စိစစ်သုံးသပ်ပြီး အရေးယူရန် စဉ်းစားမည်ဖြစ်ကြောင်း ဦးသိန်းစိုး၏ ပြောဆိုချက်ကို ဒေသခံမီဒီယာတစ်ခုက Facebook စာမျက်နှာ၌ လွှင့်တင်သော ဗွီဒီယိုတွင် တွေ့မြင်ကြရသည်။


အဓိက(ရွေးချယ်ပွဲ) စံနစ် ပြောင်းလဲရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် စစ်အစိုးရဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်တို့ သောကြာနေ့၌ တွေ့ဆုံရာတွင် NLD ပါတီ၏ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။

…  
စစ်တပ်၏ မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား အရှက်တကွဲအကျိုးနည်းစေခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် မသမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲကာ မင်းအောင်လှိုင်က သူ၏ အာဏာကို ဆုပ်ကိုင်ထားခဲ့သည်။

…  
သို့သော် လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကမူ ၂၀၂၀-ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များမှာ ပြည်သူလူထု၏ ဆန္ဒကိုကိုယ်စားပြုသည်ဟု ဆိုပါသည်။

…  
အာဏာသိမ်းပြီးသည့်နောက်တွင် တစ်နှစ်ကြာ အရေးပေါ်အခြေအနေပြဋ္ဌာန်းကြောင်းနှင့် ပါတီစုံရွေးကောက်ပွဲအသစ်များ ပြုလုပ်မည်ဖြစ်ကြောင်း စစ်တပ်က ကြေညာခဲ့သည်။

…  
ပါတီစုံဒီမိုကရေစီကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ထွန်းကားစေလိုကြောင်း၊ အခြေအနေက ခွင့် ပြုမည်ဆိုလျှင် တစ်နှစ်အတွင်း အောင်မြင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ သို့မဟုတ်လျှင် နောက်ထပ် ၆ လကြာ ရွှေ့ဆိုင်းရန်ရှိကြောင်း မင်းအောင်လှိုင်က Phoenix TV သို့ ရှင်းပြသည်။

…  
ဇူလိုင်လတွင် အသက် ၆၅-နှစ်ပြည့်မည့် မင်းအောင်လှိုင်အား ဆက်လက် အမှုထမ်းခွင့် ရရှိစေမည့် ဗိုလ်ချုပ်ကြီးများအတွက် မဖြစ်မနေ အနားယူရမည့် အသက်အရွယ်ကို စစ်အစိုးရက ကြာသပတေးနေ့တွင် ပယ်ဖျက်ပေးခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

…  
သူ၏အနာဂတ်အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းသောအခါသူ၌ စိတ်ကူးမရှိကြောင်း စစ်အစိုးရခေါင်းဆောင်က ဖြေဆိုသည်။

…   
စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံသည် ပရမ်းပတာဖြစ်လျှက်ရှိပြီး စီးပွားရေးပြိုလဲခဲ့သည်။ ကန့်ကွက်သူများအား စစ်ဘက်က ဖြိုခွင်းရာတွင် လူ ၈၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသန္တရ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အဆိုအရ သိရှိရသည်။

…  
မင်းအောင်လှိုင်ကမူ သေဆုံးသူ ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်း၍ ရဲတပ်ဖွဲ့ဝင် ၄၇ ဦး အသတ်ခံရပြီး ၂၀၀ ဒဏ်ရာ ရရှိခဲ့သည်ဟု ရုပ်သံနှင့် တွေ့ဆုံစဉ် စောဒက တက်ခဲ့သည်။

စစ်အစိုးရကို ချိနဲ့စေရန် ရည်ရွယ်လျှက် များသောအားဖြင့် NLD ပါတီဝင်များ ပါဝင်သည့် ဖြုတ်ချခံလွှတ်တော်ကိုယ်စားလှယ်များအုပ်စုက တိုင်းရင်းသားခေါင်းဆောင်များနှင့်ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရကို လွန်ခဲ့သော လ၌ ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်က အဆိုပါ အုပ်စုအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာသည်။

…  
ဧပြီလနှောင်းပိုင်းတွင် မင်းအောင်လှိုင်သည် ၁၀ နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများ အသင်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ တောင်အာရှခေါင်းဆောင်များက “အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန်” နှင့် မြန်မာနိုင်ငံသို့ ဒေသတွင်း အထူးကိုယ်စားလှယ်တစ်ဦး လာရောက်ရန် တောင်းဆိုသည့် အချက် ၅-ချက်ပါ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။

…  
ရုပ်သံအင်တာဗျူးတွင်မူ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ အစီအစဉ်ကို လက်ခံရန် အဆင်သင့် မဖြစ်သေးကြောင်း စစ်အစိုးရခေါင်းဆောင်က ပြောဆိုသည်။

#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဟောင်ကောင်ရုပ်သံအင်တာဗျူး

(((AFP., MAY 22, 2021,” Aung San Suu Kyi in good health, says junta leader.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.reuters.com/world/asia-pacific/myanmar-junta-leader-says-suu-kyi-good-health-2021-05-22/
https://www.frontiermyanmar.net/en/aung-san-suu-kyi-in-good-health-says-junta-leader/?fbclid=IwAR2vs9-jmHaYSbwIsU4kFR1-0OM-5-RWhgwamjxTGaMOXYGTEHBCVR4KWlg
https://www.straitstimes.com/asia/se-asia/myanmar-junta-leader-says-suu-kyi-in-good-health 

0

Leave a Reply

Your email address will not be published.