ကိုဗစ်-နိုင်တင်း ကပ်ရောဂါဖြင့် ကမ္ဘာတစ်ဝှမ်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခြင်းခံရမှုပေါင်း ၁-သန်းနီးပါးဖြစ်ပွားလျှက်ရှိစဉ် အမေရိကန်ပြည်ထောင်စုမှာ ဖျားနာ-သေဆုံးနှုန်းအများဆုံး ကြောက်မက်ဖွယ်နေ့ရက်ကို ရင်ဆိုင်နေရသည်ဟု South China Morning Post ( SCMP ) က ယနေ့ရေးသားသည်။
ကပ်ရောဂါပိုးသည် အသက်အရွယ်ကြီးရင့်သူများကို အသက်ရှင်ခွင့် မပေးသယောင်ရှိနေယုံမက နုနယ်ငယ်ရွယ်သူများကိုလည်း ချမ်းသာမပေးချေ။ အမေရိကန်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုပေါင်း ၂၁၅,၀၀၀ ကျော် တွေ့ရှိရပြီး၊ လူပေါင်း ၅၁၀၀-ကျော် ( ယနေ့နံနက် ၀၈း၁၃-နာရီ ) သေဆုံးခဲ့ပြီးဖြစ်သည်။ ရက်သတ္တ ၆-ပတ်မျှ သာ ရှိသေးသူ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ၁-ဦးသေဆုံးခြင်းမှာ လက်ရှိကူးစက်ရောဂါတွင် အသက်အငယ်ဆုံး အသက်ဆုံးရှုံးရသူ ဖြစ်လိမ့်မည်ဟု ယုံကြည်ရသည်။
အမေရိကန်တွင် လွန်ခဲ့သည့် ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၈၈၄-ဦး တွေ့ရှိရပြီး နိုင်ငံတကာ၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူအများဆုံး သေဆုံးသည့်နိုင်ငံဖြစ်နေသည်။ နိုင်ငံတကာတွင် အသင့်အတင့်မှ ပြင်းထန်ရောဂါ လက္ခဏာပြသူများ၏ ၁၀- ၁၅ ရာခိုင်နှုန်းသာလျှင် အသက် ၅၀ အောက် အဖြစ်များသည်။ သို့သော် အမေရိကန် နယူးယောက်ရှိ ဆေးရုံများ၌မူ ဗိုင်းရပ်စ်စွဲ လူနာ ၅-ဦးလျှင် ၁-ဦးမှာ အသက် ၄၄-နှစ်အောက်အရွယ်ရှိသူများဖြစ်နေသည်။ အချို့ဆိုလျှင် အသက် ၃၂-နှစ်အရွယ် ကျန်းမာသန်စွမ်းသော အမျိုးသားဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရှိရသည်ဆို၏။
လွန်ခဲ့သည့် သောကြာနေ့၌ အမေရိကန်ရေတပ်မတော်၏ လေယာဉ်တင် စစ်သင်္ဘော ယူအက်စ်အက်စ်-သီအိုဒိုရူးစ်ဗဲ့
ပေါ်တွင် ကိုဗစ်-နိုင်တင်းရောဂါ ကူးစက်မှုကို စတင်တွေ့ရှိရသည်။ ဂူအမ်ကျွန်းတွင် ဆိုက်ကပ်ထားသည့်
အဆိုပါ လေယာဉ်တင်သင်္ဘောတွင် တပ်ဖွဲ့ဝင်ပေါင်း ၅,၀၀၀ ခန့်ရှိရာ ၁၀၀ ခန့်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး
ကူးစက်ခံထားခြင်းဖြစ်သည်ဆို၏။
ဗုဒ္ဓဟူးနေ့တွင် အဆိုပါလေယာဉ်တင်သင်္ဘောမှ တပ်ဖွဲ့ဝင် ၃,၀၀၀ နီးပါးကို ကူးစက်မှု ပိုမိုကျယ်ပျံ့လာခြင်းမှ တားဆီးရန် ပြောင်းရွှေ့ကယ်ထုတ်ခဲ့ရသည်။ ရက်ပိုင်းအတွင်း ဟိုတယ်အခန်းများတွင် “ကွာရန်တင်း” ရောဂါခြေချုပ် ချထားရမည်ဖြစ်ရာ ကူးစက်ကပ်ရောဂါကျရောက်နေချိန်၌ အခက်တွေ့လျှက်ရှိသည်။ထိုအတွက် အမေရိကန်ပြည်မနယ်မြေပေါ်၌ တပ်ဖွဲ့ဝင်များ ထားရှိနိုင်မည့် သင့်လျှော်သော အခန်းနေရာများ သတ်မှတ်ပေးရန် အစိုးရနှင့် ညှိနှိုင်းလျှက်ရှိသည်။
ညူကလီယာစွမ်းအင်သုံး တန်ချိန် ၁-သောင်း ကျော်ရှိ လေယာဉ်တင်သဘောၤကြီးမှ သင်္ဘောသား ထောင်ပေါင်းများစွာ
ထွက်ခွာသွားသော်လည်း အခြားသင်္ဘောသားများက သင်္ဘောကြီးအား ကာကွယ်ရန်နှင့် အရေးကြီး စက်ကိရိယာတို့အား
ထိရောက်စွာ ကိုင်တွယ်မောင်းနှင်နိုင်ကြောင်း ရေတပ်အတွင်းဝန် သောမတ်စ်မိုဒလီက ပြောဆိုသည်။
ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ၂၀၀,၀၀၀ ခန့် သေဆုံးပျက်စီးဖွယ်ရှိကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ခန့်မှန်းထားရာ ပင်တာဂွန်စစ်ဋ္ဌာချုပ်အနေဖြင့် အရပ်ဖက်အများဆုံးအသုံးပြုရန်အတွက် တပ်မတော်သုံး အလောင်း ထည့်အိတ် ပေါင်း ၁၀၀,၀၀၀ ကို စုဆောင်းလျှက်ရှိသည်ဟု SCMP က ယနေ့ရေးသားသည်။
အမေရိကန်တွင် လာမည့်ရက်သတ္တပတ်များအတွင်း သေဆုံးသူအရေအတွက် မြင့်တက်နိုင်ကြောင်း သတိပေးထားပြီးုဖြစ်သည်။ ဖယ်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီအနေဖြင့် “ ရုပ်ကြွင်းသယ် အိတ် “ ဟု လူသိများသော ရုပ်အလောင်းထည့်အိတ် ၁၀၀,၀၀၀ ကျော် ပေးပို့ရန် ကာကွယ်ရေးဝန်ကြီးဌာနအား တောင်းခံထား သည်။
အမေရိကန်ရေတပ်မတော်ကသည် လောလောဆယ်တွင် လူနာအဆမတန်များပြားမှုကြောင့် ဝန်ပိလျှက်ရှိသော လော့အိန်ဂျလိစ်နှင့် နယူးယောက်မြို့တော် ဆိပ်ကမ်းသို့ ဆေးရုံစစ်သင်္ဘော ၂-စီး စေလွှတ်ထားရာ ပင်တာဂွန်၏ မြင့်မားသော ပြည်သူ့အကျိုးပြုစွမ်းရည်အဖြစ် အသိအမှတ်ပြုခြင်းခံရသည်။
အမေရိကန်ကာကွယ်ရေးဌာန ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီများသည် စစ်ဇုန်များတွင် အစိမ်းရောင်နိုင်လွန် ၂၃၄ x ၈၇ စင်တီမီတာ ( ၉၄ x ၃၈ လက္မ ) အရွယ်အစားရှိ အိတ်များကို အသုံးပြုလေ့ရှိရာ လက်ရှိကန်ထရိုက်များထံမှ လောလောဆယ် အိတ်ရေ ၅-သိန်းရရှိနိုင်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြသည်။
((( South China Morning Post., 2 Apr, 2020, “Coronavirus latest: global
infections near 1 million on America’s deadliest day” ကို #HtayOung, #OungMarine
ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန် ဆိုသည်။ အကြောင်းအရာတူ ဖြည့်စွက်သတင်းများမှာ ပေးထားပါ
Links များမှ ရယူကြောင်း ဝန်ခံပါသည်။ )))
#ကိုဗစ်-နိုင်တင်းအမေရိကန်နှင့်ပင်တာဂွန်