ဗီယက်နမ်တစ်ဝှမ်းလုံး ရောဂါကူးစက်မှုကာကွယ်ရန် လော့ဒေါင်းတားဆီးပိတ်ဆို့ထားရခြင်းကို ရုတ်သိမ်း။ လူဦးရေ သန်း ၁၀၀ နီးပါးတွင် ကူးစက်ခံရသူ ၃၀၀ မပြည့်- သေဆုံးသူ ၁-ဦးမှ မရှိသော ဗီယက်နမ်၌ လော့ဒေါင်း ဖျက်သိမ်းစဉ် ဘရာဇီး၌ အစုအပုံလိုက် မြေမြှုပ်သြင်္ဂိုလ်နေရ

လွန်ခဲ့သည့် ဇန်နဝါရီလတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်မှုကို စတင်ကြုံတွေ့ခဲ့ရသော ဗီယက်နမ်သည် နိုင်ငံ့အတွင်း SARS-CoV2 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၀ မကျော်အောင် ၄-လမျှကြာအောင် ကာကွယ်ထိန်းချုပ်ထားနိုင်ခဲ့သည်။ ကူးစက်ခံရသူ ၂၆၈-ယောက်တွင် ၂၂၃-ယောက်ကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး သေဆုံးသူ တစ်ဦးမျှမရှိခဲ့ပဲ နိုင်ငံတစ်ဝှမ်း Lockdown ချထားရခြင်းကို ပြန်လည်ရုတ်သိမ်းနိုင်ပြီဖြစ်ကြောင်း Dhaka Tribune က ယမန်နေ့ရေးသားသည်။

လက်ရှိ လူနာ ၄၅ ဦးတွင် ၈-ဦးသာလျှင် စိုးရိမ်ရသော အခြေအနေရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ကူးစက်ခံရသူအရေအတွက်မှာ တစ်ရိပ်ရိပ်တိုးမြင့်နေစဉ် ဗီယက်နမ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ်မတွေ့ရကြောင်း ဝန်ကြီးချုပ် ငုယင်စွမ်းဖုက ပြောဆိုသည်။ နိုင်ငံတစ်ဝှမ်းလုံး ရောဂါကူးစက်မှုမှ ကာကွယ်ရန် လော့ဒေါင်းတားဆီးပိတ်ဆို့ထားရခြင်းကို ဗုဒ္ဓဟူးနေ့မှစတင်ကာ ရုတ်သိမ်းလိုက်ပြီး မရှိမဖြစ် လည်ပတ်ရန် မလိုအပ်သော လုပ်ငန်းအချို့အား ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

ဥစ္စာဓနကြွယ်ဝရာ၌ မယှဉ်သာသော်လည်း ဗီယက်နမ်သည် ကပ်ရောဂါကျရောက်ဆဲကာလ နိုင်ငံလူဦးရေ လူဦးရေ ၉၅.၅ – သန်းတို့အား ဗိုင်းရပ်စ်ပိုးရှိ-မရှိကို လူ ၁-သန်းလျှင်၂,၁၁၉-ဦးနှုန်း စစ်ဆေးပေးနိုင်ခဲ့သည်။ အဆိုပါအရေအတွက်မှာ ထိုင်ဝမ် (၂၃.၈-သန်း ) ၂,၃၈၇-ဦး၊ တောင်ကိုရီးယား ( ၅၁.၆ သန်း ) ၁၁,၂၇၃-ဦးနှင့် နှိုင်းယှဉ်ကြည့်ပါက ချီးကျူးစရာဖြစ်သည်။

လူအနည်းစုလေးမှ လူအသိုင်းကြီးတစ်ခုလုံးသို့ Covid-19 ကပ်ရောဂါ မကူးစက်စေရန် ဗီယက်နမ်သည် လူ ပေါင်းထောင်သောင်းချီ ရောဂါခြေချုပ်ချထားခဲ့သည်။ ကူးစက်လျှက်ရှိသူနှင့် ထိတွေ့ခဲ့သူများအား နောက်ကြောင်းလိုက်ရှာဖွေဖော်ထုတ်ယုံမက စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခဲ့ရာ၌ တရုတ်၏ အတိမ်းအစောင်းမခံသော စောစောပိုင်းနည်းနာများအတိုင်း ကောက်သင်းကောက် လုပ်ဆောင်ခဲ့ဖွယ်ရှိသည်။


ဗုဒ္ဓဟူးနေ့ အမေရိကန်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ FireEye က အဆိုအရ ဗီယက်နမ်အစိုးရ ကျောထောက်နောက်ခံပြု ဟက်ကာများသည် တရုတ်နိုင်ငံ ရောဂါပျံ့ပွားမှု ထိန်းချုပ်ရေးအဖွဲ့ ဋ္ဌာနချုပ်၏ ကွန်ပျူတာကွန်ရက်စံနစ်အတွင်း ဝင်ရောက်၍ သတင်းအချက်အလက်များရယူရန် ကြိုးစားခဲ့ကြသော ဟူ၏။


မြို့တော် ဟနွိုင်တွင် ၁-ရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂-ဦး တွေ့ရှိပြီးနောက် တရုတ်နိုင်ငံဝူဟန်မြို့နှင့် လေကြောင်းပျံသန်းမှုများ ဆိုင်းငံ့လိုက်သည်။ နောက်ပိုင်းရက်များနှင့် တရုတ်နှင့်ထိစပ်နေသော မိုင်ပေါင်း ၈၇၀-မျှရှည်လျှားသည့် နယ်စပ်တစ်လျှောက် မရှိမဖြစ်လိုအပ်သော ကုန်စည်ကူးသန်းမှုမှတစ်ပါး ပိတ်ပင်ခဲ့သည်။ မတ်လတွင် ခရီးသွားလာရေးကို တားဆီးလိုက်ပြီး နိုင်ငံတစ်ဝှမ်းလုံး အများပြည်သူဆိုင်ရာနေရာများတွင် မဖြစ်မနေ မျက်နှာဖုံး ဝတ်ဆင်ရန် ပြဋ္ဌာန်းသည်။


၂၀၀၃-ခုနှစ် SARS ရောဂါကျရောက်စဉ် တရုတ်နိုင်ငံပြင်ပ၌ ပထမဆုံးကူးစက်ခံရသော ဗီယက်နမ်သည် ယခု Covid-19 ကပ်ရောဂါကာလ၌ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးနှင့်ပတ်သက်၍ ထိရောက်အရည်အချင်းပြည့်ဝကြောင်း ပြသနိုင်ခဲ့သည်။ ဗိုင်းရပ်စ်ရောဂါကူးစက်ခံရသော်လည်း အသက်ကယ် တင်ပေးနိုင်သည့် ပမာဏမှာ ၈၃ ရာနှုန်းရှိသည်။


#ဒေသတွင်းအခြေအနေ Covid-19 ဖြင့် လူပေါင်း ၁,၂၀၀ ကျော်သေဆုံးပြီး ၃၃,၀၀၀ ကျော် ကူးစက်ခံခဲ့ရသည့် အရှေ့တောင်အာရှနိုင်ငံအများစုတွင် Lockdown တားဆီးပိတ်ဆို့မှုများ တည်ရှိနေဆဲဖြစ်သည်။


စင်္ကာပူသည် စောစောပိုင်းတွင် ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ခဲ့သော်လည်း ရွှေ့ပြောင်းအလုပ်သမားအဆောင်များ၌ ရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် Lockdown တားဆီးပိတ်ဆို့ခြင်းကို ဇွန်လ ၁ ရက်အထိ နောက်ထပ် ရက်သတ္တ ၄-ပတ်ကြာတိုးချဲ့ထားသည်။


ထိုင်းနိုင်ငံတွင်မူ ယခုဧပြီလကုန်၌ နိုင်ငံတော်အရေးပေါ်အခြေအနေပြဋ္ဌာန်းသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ထိုအချိန်ထိ ၂-ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမခံရသော ပြည်နယ်များအား Lockdown ပိတ်ဆို့မှု ပယ်ဖျက်ပေးရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အဆိုပြုထားသည်။

မလေးရှားနိုင်ငံအနေဖြင့် social distancing လူအချင်းချင်း နီးကပ်မှုလျှော့ချခြင်း ကန့်ချက်များအား တိုးချဲ့မည်၊ ရုတ်သိမ်းမည်ကို မဆုံးဖြတ်ရသေးချေ။ ဗုဒ္ဓဟူးနေ့ အစိုးရဝန်ကြီးတစ်ဦးက ပြောကြားရာတွင်မူ မြို့ပြဒေသမှ ထွက်ခွာသွားသူများပြန်လာနိုင်ရေး ခွင့်ပြုရန် သုံးသပ်လျှက်ရှိကြောင်း ပြောကြားသည်။


သေဆုံးသူ ၆၅၃ ဦးရှိနေသော အင်ဒိုနီးရှားသည် ဒေသတွင်း၌ Covid-19 ကူးစက်ကပ်ရောဂါ၏ ထိုးနှက်မှုကို ဆိုးရွားစွာ အခံရဆုံးနိုင်ငံဖြစ်သည်။ social distancing ကန့်ချက်များကို မေလ ၂၂ – ရက်နေ့ အထိတိုးချဲ့ မည်ဖြစ်သည်။

ဗီယက်နမ်တစ်နိုင်ငံလုံးအနေဖြင့်မူ social distancing ကန့်ချက်များအားလုံးကို ဖယ်ရှားပေးခြင်း မရှိသေးပါ။ တရုတ်နယ်စပ်အနီး မြောက်ပိုင်းတောင်ပေါ်ပြည်နယ်ရှိ လူဦးရေ ၇,၆၀၀ နေထိုင်ရာ ဟဂျန်မြို့တွင် ယခုလအတွင်း ကူးစက်ခံရသူ တွေ့ရှိပြီးနောက် Lockdown ပိတ်ဆို့ထားသည်။ ဟနွိုင်မြို့တော် ဆင်ခြေဖုံးရှိကျေးရွာ ၂ ရွာနေ လူပေါင်း ၁၂,၀၀၀ မှာလည်း တားဆီးပိတ်ဆို့ခံနေရဆဲဖြစ်သည်။


ထိုစဉ်အတောအတွင်း ဘရာဇီးနိုင်ငံတွင်မူ ကူးစက်ခံရသူ ၄၆,၁၈၂-ဦး သေဆုံးသူ ၂၉၂၄-ဦးဖြင့် ဒေသတွင်း၌ အဆိုးရွာဆုံးဖြစ်နေသည်။ ကူးစက်ရောဂါမကျရောက်မီ နေ့စဉ်သေဆုံးသူ ၃၀ ခန့်ရှိသော မြို့တော် မန်နော့စ်၌ လွန်ခဲ့သောရက်သတ္တ ၂-ပတ်တွင် နေ့စဉ် အသုဘပေါင်း ၁၀၀ ကျော် သြင်္ဂိုလ်နေခဲ့ရသည်။ ထိုနောက်ပိုင်း ဈာပနအားလုံးကို အစုအပုံလိုက်မြှုပ်နှံရန် မြို့တော်အာဏာပိုင်များက ဖိအားပေးလာကြောင်း Russia Today က ယမန်နေ့ ရေးသားသည်။

ကပ်ရောဂါကျရောက်သည်ကို ကာကွယ်ခုခံရန် ကြိုတင်ပြင်ဆင်ခြင်းမရှိသော သမ္မတဂျိုင်းဘိုဆိုနာရို၏ ဘရာဇီးအစိုးရသည် လူနေထူထပ်သော မြို့ကြီးတစ်မြို့တွင် ရေခဲတိုက်တစ်ခုကို ကမန်းကတန်း တည်ဆောက်နေသည်။ အဆိုပါမြို့၏ ဆေးရုံလူနာကုတင်များဘေးတွင် ပလပ်စတစ်အိတ်နှင့်ထည့်ထားသော လူသေအလောင်းများ ဖြစ်သလို ချထားသည်ကို နိုင်ငံတကာမီဒီယာတွင် ပျံ့လွင့်ခဲ့၍ဖြစ်သည်။

လူအများအပြားသေဆုံးရခြင်း အကြပ်အတည်းကို ဖြေရှင်းရန် ကူးစက်ရောဂါဖြစ်ပွားရာ မြို့သို့ ဆရာဝန်နှင့် ဆေးဝါးပစ္စည်းများ ပို့ပေးလျှက်ရှိပြီး ဒေသခံတိုင်းရင်းသားများအတွက် ဆေးရုံကိုလည်း တည်ဆောက်နေဆဲဖြစ်သည်။


((( Dhaka Tribune., April 22, 2020,” Vietnam to ease nationwide coronavirus lockdown.” ံကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/asia/2020/04/22/vietnam-to-ease-nationwide-coronavirus-lockdown

#ကိုရိုနာဗိုင်းရပ်စ်ဗီယက်နမ်လော့ဒေါင်းရုတ်သိမ်းတောင်အာရှနှင့်ဘရာဇီး

0

Leave a Reply

Your email address will not be published.