ဘက်လိုက်ရေးသားသဖြင့် ထုတ်ဝေခွင့်ရပ်ဆိုင်းခံရသော အိန္ဒိယသတင်းရုပ်သံ၂-ခုအား ပြန်လည်ခွင့်ပြု။ အိန္ဒိယတွင် တစ်ဖက်သပ်သတင်းဖော်ပြသည့် သတင်းထောက်များ ဝိုင်းရိုက်ခံရ။ အကြမ်းဖက်သမားကို လွတ်မြောက်ရေးသူရဲကောင်းအဖြစ် အရောင်တင် ရေးသားသည့် ဘင်္ဂလားဒက်ရှ်မီဒီယာတိုက်ကို ဝိုင်းဝန်းဖျက်ဆီး၊ အယ်ဒီတာချုပ် ဖမ်းဆီးအရေးယူ

ဒေလီအဓိကရုန်းဖြစ်ပွားစဉ်အတွင်း ဘက်လိုက်ရာရောက်သော အချက်အလက်များ ထည့်သွင်းပြသကြောင်း စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းခံရသည့် အိန္ဒိယသတင်းရုပ်သံ ချန်နယ် ၂- ခု အား မိုဒီအစိုးရက ပြန်လည်ထုတ်လွှင့် ခွင့်ပြုလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

ယနေ့နံနက်ပိုင်း ပြန်လည်ထုတ်လွှင့်ခွင့်ပြုခဲ့သော ရုပ်သံချန်နယ် ၂-ခုမှာ “Media One” နှင့် “AsiaNet News,” တို့ဖြစ်ကြပြီး၊ ဒေလီ၌ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားစဉ်အတွင်း တစ်ဖက်သပ်မြင်ကွင်းများဖော်ပြခြင်း၊ တိုက်ခိုက်သတ်ပုတ်ကြပုံတို့ကို ကွင်းကွင်းကွက်ကွက် အသားပေးဖော်ပြခြင်းစသည်ဖြင့် ဘက်လိုက်သည်ဟူသော စွပ်စွဲချက်များဖြင့် အိန္ဒိယဒေသန္တရအစိုးရ သတင်းနှင့်ရုပ်သံလွှင့်ဝန်ကြီးဋ္ဌာနက ထုတ်လွှင့်ခွင့် ၄၈-နာရီ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မာလီရာလန်ဘာသာစကားဖြင့် ထုတ်လွှင့်သော “Media One” သည် ဟိန္ဒူ-မွတ်စလင်အဓိကရုန်း ဖြစ်ပွားနေစဉ် အိန္ဒိယနိုင်ငံသားဥပဒေပြင်ဆင်ချက်နောက် ဆက်တွဲ CAA ကို ထောက်ခံသူတို့က လက်သရမ်းဖျက်ဆီးမှုများ ကျူးလွန်ကြောင်း မြင်တွေ့ရသည်ဟု သတင်းပေးခြင်း၊ ရာ့စ်တြိယဆွေရန်းဆီဗက်ဆန်းဂ် RSS ခေါ် ဟိန္ဒူ အမျိုးသားရေးအဖွဲ့အစည်းအား မေးခွန်းထုတ်ခြင်း၊ ဒေလီရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်များအား အရေးမယူဟု တစ်ဖက်သပ်စွပ်စွဲထုတ်လွှင့်ခဲ့သည်။

“Media One” ၏ သတင်းပေးပုံမှာ မငြိမ်မသက်အခြေအနေ၌ RSS နှင့် ဒေလီ ရဲတပ်ဖွဲ့အား အပြစ်ဖို့ရာရောက်စေခဲ့သည်ဆို၏။

Media One က ချေပသတင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် မညီသော ရှုတ်ချဖွယ် အရေးယူမှုဖြစ်ပြီး၊ လွတ်လပ်စွာ သတင်းရေးသားခွင့်နှင့် ကျိုးကြောင်းသတင်းဖေ်ာပြခွင့်တို့ကို ဗြောင်ကျကျတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ အာဏာရ BJP ပါတီမှ ဒေလီအရှေ့မြောက်နယ်မြေခေါင်းဆောင်- MLA ခေါ် ဒေလီဥပဒေပြုညီလာခံကိုယ်စားလှယ်ဟောင်း Kapil Mishra ကပီမစ်ရှရာ၏ အမုန်းစကားဟောပြောချက်များကြောင့် ဒေလီအဓိကရုန်း မီးတောက်လောင်ခဲ့ရကြောင်း၊ အစိုးရသည် တစ်စုံတရာအရေးယူခြင်းမရှိသည့်အပြင် ဂျာနယ်လစ်တို့၏ လွတ်လပ်စွာ သတင်းရေးသားခွင့်ကို တားဆီးလျှက်ရှိကြောင်း ဖော်ပြပါရှိသည်။

သောကြာနေ့ညပိုင်းတွင် အိန္ဒိယဒေသန္တရအစိုးရ သတင်းနှင့်ရုပ်သံလွှင့်ဝန်ကြီးဋ္ဌာနသို့ “AsiaNet News,” ကိုယ်စားပြုသူများ လာရောက်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြန်လည်ထုတ်လွှင်ခွင့်ရရှိသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ပြောဆိုသည်။

Asianet News အယ်ဒီတာအဖွဲ့ကမူ ယခုကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခြင်း မတွေ့ရချေ။ AsiaNetnews သည် အိန္ဒိယအာဏာရ BJP ပါတီ ပါလီမန်အမတ် ရာဂျေ့ချန်ဒရာရှိတ်ကား၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် တည်ရှိသည်။

RSS အဖွဲ့အစည်းသည် ၁၉၂၅-ခုနှစ် အိန္ဒိယနိုင်ငံ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက စတင်ဖွဲ့စည်းခဲ့သော ဟိန္ဒူ အမျိုးသားရေး လက်ယာဗော်လံတီယာများအစည်းအရုံးဖြစ်ပြီး၊ အင်္ဂလိပ်အုပ်ချုပ်မှုကာလ ၁-ကြိမ်နှင့် လွတ်လပ်ရေးရပြီး အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီအား လုပ်ကြံရန် ပတ်သက်မှု အပါအဝင် အိန္ဒိယအစိုးရတို့က ၃-ကြိမ် တားမြစ်ခြင်းခဲ့ရဖူးသည်။

လွန်ခဲ့သည့် နယူးဒေလီ ဟိန္ဒူ-မွတ်စလင် အဓိကရုန်းတွင် ဘက်လိုက်သတင်းဖော်ပြသည်ဟု စွပ်စွဲချက်ဖြင့် အိန္ဒိယ NDTV သတင်းဋ္ဌာန သတင်းထောက် ၂-ဦး ရုန့်ရင်းဆန်ခတ်ဖြစ်နေစဉ် ဝိုင်းရိုက်ခံရပြီး မီဒီယာပိုင် ရွေ့လျှားရုပ်သံထုတ်လွှင့်စံနစ်တစ်ခုလည်း ဖျက်ဆီးခြင်းခံရသည်။

Media One ကို Jamaat-e-Islami ဂျမတ်အီအစ္စလာမ်မီအုပ်စု( JEI ) ၏ ငွေကြေးထောက်ပံ့မှု့ရယူသော မက်ဒရာမန် လီမီတက်က ပိုင်ဆိုင်သည်။ JEI ကို ၁၉၄၁-ခုနှစ် ကိုလိုနီခေတ် အရှေ့အလယ်ပိုင်းမှ ထိုးဖောက်လာသော မွတ်စလင်ဘရားသားဟုဒ်တို့နှင့်အတူ အိန္ဒိယတွင် အစ္စလာမ်မစ် တက်ကြွလှုပ်ရှားသူတို့က စတင် တည်ထောင်သည်။ ဗြိတိန်- ပါကစ္စတန်- ကက်ရှ်မီးယား- အိန္ဒိယနှင့် အာရှနိုင်ငံတို့တွင် အသင်းခွဲများရှိသော မွတ်စလင်အမျိုးသားရေးအဖွဲ့အစည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းထောက်ပံ့မှုဖြင့် အရှေ့တောင်အာရှ သို့ဖြန့် ကြက်လာသည့် JEI သည် ဒေသတွင်း မွတ်စလင်အများစုနိုင်ငံများတွင် ဟိန္ဒူ-ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် လူနည်းစုတို့ကို ခြိမ်းခြောက်နှိပ်စက်လျှက်ရှိကြာင်း Economic Times ၁၉-နိုဝင်ဘာ၊ ၂၀၁၉ က ရေးသားသည်။

ဘင်္ဂလားဒက်ရှ် ဂျမတ်အီအစ္စလာမ်မီ JEI အဖွဲ့မှာမူ ပါကစ္စတန် ဂျမတ်အီတို့နှင့် ဆက်သွယ်ကာ ၁၉၇၁-ခုနှစ် ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲတွင် ဘင်္ဂါလီမျိုးချစ်တို့အပေါ် ပါကစ္စတန်စစ်သားတို့နှင့်အတူ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ထင်ရှားပေါ်ပေါက်ခဲ့သည်။ ၂၀၁၂-ခုလွန်နှစ်များတွင် ပါတီခေါင်းဆောင်ပိုင်း ၃-ဦးမှာ အဆိုပါ စစ်ရာဇဝတ်မှုဖြင့် ကြိုးပေးခံရ သည်။ ၂၀၁၃-ခုနှစ်တွင် ရှိတ်ဟာစီနာအစိုးရ၏ တရားမဝင်အဖွဲ့အစည်း အဖြစ် ကြေညာခြင်းခံထားရပြီး ရွေးကောက်ပွဲဝင်ရောက်ခွင့် တားဆီးခြင်းခံထားရသည်။ ထိုသည်ကို အကြောင်းပြု၍ ပါကစ္စတန်နှင့် ဘင်္ဂလားဒက်ရှ်တို့သည် တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲအပြစ်တင်ရာမှ သံတမန်များ အပြန်အလှန်မောင်းထုတ်ကြပြီး အဆင့်မြင့် သံတမန်ဆက်ဆံရေး ပြတ်တောက်သွားရသည်။

ထိုကိစ္စသည် ထိုမျှနှင့် ဇာတ်လမ်းမပြတ်ပဲ” မြို့တော်ဝန် အဗ္ဗဒူကွာဒါးမူလာအား ကြိုးပေးသတ်ဖြတ်ခြင်း ၆-နှစ်မြောက်” ဟု The Daily Sangram က မကြာသေးခင် ၂၀၁၉-ခုနှစ် ဒီဇင်ဘာလတွင် ရေးသားဖော်ပြသည်။

၁၉၇၁-ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲကာလ စစ်ရာဇဝတ်မှုဖြင့် ၂၀၁၃-တွင်ကြိုးပေးခံရသူ အကြမ်းဖက်သမား ကွာဒါးမူလာအား လွတ်မြောက်ရေးလှုပ်ရှားသူ ဟီးရိုးအဖြစ် အရောင်တင်ဖော်ပြသဖြင့် The Daily Sangram အား ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြရာမှ သတင်းစာတိုက်ပိုင် ရုံးသုံးပစ္စည်းများ ဖျက်ဆီးခြင်းခံရသည်။ ဆောင်းပါးရေးသားသူကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။

(( ၂၀၁၃-ခုနှစ်ကြိုးပေးခံရသူ အဗ္ဗဒူကွာဒါမူလာ၏ အကြောင်းမှာအလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။ သူသည် ကိုလိုနီခေတ် ဗြိတိသျှတို့က “ စစ်တကောင်းဘင်္ဂါလီ “ အဖြစ် ရေးမှတ်ခဲ့ကြပြီး ယနေ့ ဘင်္ဂလားဒက်ရှ်တွင် လူမျိုးအဖြစ် အမည်သာ ဖန်တီးပြောဆို၍ တရားဝင် မရှိသော ဘင်္ဂါလီတစ်ဦးဖြစ်နေပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., Mar. 7 2020,” 2 local channels back on air after Indian govt ban.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အိန္ဒိယမီဒီယာများဘက်လိုက်ရေးသားမှု #ဒေလီဟိန္ဒူမွတ်စလင်အဓိကရုန်း #ဂျမတ်အီအစ္စလာမ်မီJEI #အဗ္ဗဒူကွာဒါမူလာ

=====

https://www.dhakatribune.com/world/south-asia/2020/03/07/2-indian-tv-channels-back-on-air-day-after-facing-govt-ban

https://www.dhakatribune.com/world/south-asia/2020/03/07/no-going-back-after-deadly-delhi-riots

https://bdnews24.com/bangladesh/2019/12/14/bangladesh-newspaper-office-vandalised-after-it-called-hanged-war-criminal-a-martyr

https://www.aljazeera.com/news/2019/12/bangladesh-editor-arrested-report-executed-jamaat-leader-191214133841704.html

https://www.thedrum.com/news/2016/02/08/british-media-most-right-wing-and-biased-europe-according-views-public

https://www.thedrum.com/news/2016/02/08/british-media-most-right-wing-and-biased-europe-according-views-public#&gid=1&pid=1

https://www.rt.com/usa/470073-trump-slams-wapo-alligators-moat/.

https://economictimes.indiatimes.com/news/defence/jamaat-e-islami-promotes-terrorism-radicalism-in-south-asia-us-lawmaker/articleshow/72119970.cms?from=mdr

https://www.realcleardefense.com/articles/2019/03/09/jamaat-e-islami_a_danger_in_south_asia_and_the_us_114245.html

0

2 Replies to “ဘက်လိုက်ရေးသားသဖြင့် ထုတ်ဝေခွင့်ရပ်ဆိုင်းခံရသော အိန္ဒိယသတင်းရုပ်သံ၂-ခုအား ပြန်လည်ခွင့်ပြု။ အိန္ဒိယတွင် တစ်ဖက်သပ်သတင်းဖော်ပြသည့် သတင်းထောက်များ ဝိုင်းရိုက်ခံရ။ အကြမ်းဖက်သမားကို လွတ်မြောက်ရေးသူရဲကောင်းအဖြစ် အရောင်တင် ရေးသားသည့် ဘင်္ဂလားဒက်ရှ်မီဒီယာတိုက်ကို ဝိုင်းဝန်းဖျက်ဆီး၊ အယ်ဒီတာချုပ် ဖမ်းဆီးအရေးယူ”

Leave a Reply

Your email address will not be published.