ဘဂ္ဂဒက်တွင် အမေရိကန်တပ်ဖွဲ့များတည်ရှိရာ ဧရိယာတို့ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ။ အမေရိကန်စစ်ရဟတ်များ အုပ်စုဖွဲ့ ပျံသန်းနေခဲ့

အီရတ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များတည်ရှိရာ ဧရိယာတို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့ပုံနှင့် ပစ်ခတ်ခံရစဉ် ဘဂ္ဂဒက်ဝေဟင်၌ အမေရိကန်စစ်ရဟတ်ယာဉ် အများအပြား ဥဒဟို ပျံသန်းနေပုံ ဓါတ်ပုံနှင့် ဗွီဒီယိုဖိုင်များ လူမှု့ကွန်ယက်တွင် ပြန့်နှံ့လျှက်ရှိရာ ဘဂ္ဂဒက်လေဆိပ်အနီး၌ အီရန်စစ်ဦးစီး ကာဆင်စူလမန်နီအား အမေရိကန်က လုပ်ကြံသတ်ဖြတ်ပြီး နောက်တရက်၌ဖြစ်သည်ဟု Russia Today က ယနေ့ရေးသားသည်။

ဘဂ္ဂဒက်မြို့တော်၏ “ အစိမ်းရောင်ဇုံ “ အဖြစ် ပြောဆိုကြသည့် အမေရိကန်သံရုံးတည်ရှိရာ ဧရိယာနှင့် ဘဂ္ဂဒက် မြောက်ဖက် မိုင် ၅၀-ခန့်အကွာ အယ်လ်ဆူမားရီးယန်း လေတပ်အခြေစိုက်စခန်းတို့မှာ ဒုံးကျည်အများအပြား ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်ဆို၏။ ဒုံးကျည်အချို့မှာ အမေရိကန်သံရုံးတည်ရှိရာအဆောက်အအုံနှင့် များစွာမဝေးလှနေရာ၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒုံးကျည်ထိမှန်သဖြင့် ပျက်စီးနေသော အဆောက်အအုံတစ်ခုကိုလည်း Twitter ၌ တွေ့မြင်ကြရသည်။ အမေရိကန်အခြေစိုက်စခန်းတွင် ဒုံးကျည် ၃-စင်း ထိမှန်ခဲ့ကြောင်းလည်း ပြောဆိုလျှက်ရှိသည်။

ထိခိုက်ပျက်စီးမှု့ တရားဝင်သတင်းမရရှိသော်လည်း ဗွီဒီယိုမှတ်တမ်းအရ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရှိသည်ကို တွေ့ရှိရသည်။ သို့သော် အမေရိကန်စစ်ဖက်တပ်ဖွဲ့ဝင်များတွင် ထိခိုက်ပျက်စီးမှု့မရှိကြောင်း ပင်တာဂွန်က ယနေ့ကြေညာသည်။

လက်တုန့်ပြန်လာနိုင်သဖြင့် အမေရိကန် စစ်အခြေစိုက်စခန်း သို့မဟုတ် အမေရိကန်တပ်ဖွဲ့များတည်ရှိရာ အဆောက်အအုံတို့နှင့် အနည်းဆုံး ၁-မိုင်အကွာအတွင်း တပ်တည်-တပ်လှုပ်ခြင်း မပြုရန် အီရတ် “ ခါတက်ဗ်ဟဇ် ဘိုလာ” စစ်ဋ္ဌာချုပ်က ၎င်း၏ လက်အောက်ခံတပ်များအား ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ ခါတက်ဗ် ဟဇ်ဘိုလာတို့သည် ၂၀၀၃-ခုနှစ် အီရတ်သို့ အမေရိကန်ကျူးကျော်စဉ်မှ စတင်၍ အမေရိကန်ဆန့်ကျင်ရေး ပုန်ကန်မှု့များဖြင့် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူ ရှီယိုက်မွတ်စလင်ပြည်သူ့စစ်များဖြစ်သည်။ ၎င်းတို့သည် ၂၀၁၄-ခုနှစ် အိုင်စစ် ( ISIS, ယခင် ISIL ) အစွန်းရောက်-အကြမ်းဖက်တို့၏ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးကို အမေရိကန်နှင့် အီရတ်အစိုးရတို့က ချေမှုန်းရာ၌ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့်အတူ အစိုးရ၏ ကူညီထောက်ပံ့မှု့ ရရှိခဲ့သည်။ ( PMF ) ခေါ် အီရတ် လူထုစည်းရုံးရေး ပြည်သူ့စစ်တပ်တော်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ သောကြာနေ့ ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့တွင် အီရန်အစ္စလာမ်မစ်တော်လှန်အစောင့်တပ်မတော်၏ ထောက်လှမ်းရေးနှင့် ပြည်ပစစ်ဆင်ရေးစစ်ဦးချုပ် ဗိုလ်ချုပ်ကာဆင်စူလမန်နီနှင့်အတူ PMF ဒုတိယတပ်မှူးအပါအဝင် ၇-ဦး သေဆုံးသည်။

လတ်တလောတွင် အမေရိကန်နှင့် အီရတ်တို့မှာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ခြိမ်းခြောက်လျှက်ရှိ သည်ကိုတွေ့ရသည်။ အမေရိကန်နှင့် အစ္စရေးပစ်မှတ် ၃၅-ခုတို့သည် မိမိတို့ အလွယ်တကူ ချေမှုန်းနိုင်သော လက်တကမ်းအကွာတွင်ရှိကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပြီး အီရန်က စလာခဲ့လျှင် အမေရိကန်က အီရတ်ပစ်မှတ် ၅၂-ခုတို့ကို အချိန်တိုအတွင်း အထိနာသွားအောင် လက်တုန့်ပြန်တိုက်ခိုက်နိုင်ကြောင်း ဒေါ်နယ် ထရမ့်က ချေပပြောဆိုသည်။

((( အီရန်တွင် ၂၀၀၅- မှ ၂၀၁၃ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ မာမွတ်အာမက်ဒီနီဂျက် လက်ထက်၌ အီရန်က ညူကလီယာစစ်ကို အကန့်အသတ်ဖြင့် ဆင်နွှဲနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးသည်။ ထိုသို့ပြောကြားချက်မှာ အဓိပ္ပါယ်မဲ့ မဆင်မခြင်ပြောဆိုမှု့အဖြစ် နိုင်ငံတကာက ဝိုင်းဝန်း-ပြောင်လှောင် ရှုတ်ချခဲ့ကြသည်။ ညူကလီယာကို လက်နက်အဖြစ် အသုံးချမိလျှင် ကန့်သတ်စစ်ပွဲဟူ၍ မဖြစ်နိုင်တော့ပါ။ ညူကလီယာပေါက်ကွဲမှု့သည် အလွန်ထိန်းချုပ်ရခက်ခဲ့ပြီး မထင်မှတ်သည့် ရေဒီယိုအဆိပ်သင့်ခြင်းများ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်ပါသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံ အတိအလင်းစစ်ခင်းဖူးသည့်အပြင် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းမျိုး အကြိမ်ကြိမ်ရှိခဲ့သည်။ သမားရိုးကျစစ်ခင်းလျှင် အိန္ဒိယနှင့် စစ်အင်အားခြင်း မယှဉ်နိုင်သည့် ပါကစ္စတန်သည် ညူကလီယာလက်နက်သုံးရန် ၃-ကြိမ်ထက်မနည်း စဉ်းစားခဲ့ဖူးကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းတစ်ဦးက ဝန်ခံပါသည်။

သို့သော် ပါကစ္စတန်သာမက အိန္ဒိယတို့ကပါ ညူလက်နက်အသုံးပြုရန် ချုပ်တည်းနိုင်ခဲ့ကြသည်။ အကယ်၍ သုံးမိပြီဆိုလျှင်လည်း အိန္ဒိယ၏ လက်တုန့်ပြန်ခြင်းသာမက မိမိလက်နက်ကြောင့်ပါ ပါကစ္စတန်တွင် ညူကလီယာအဆိပ်သင့်လျှက် ရက်အနည်းငယ်အတွင်း လူသန်းပေါင်းများစွာ သေဆုံးနိုင်ပါသည်။

ထို့ကြောင့် အမေရိကန်နှင့် အီရန်တို့သည် ရှောင်လွှဲမရ၍ စစ်ခင်းကြရလျှင် ကန့်သတ်စစ်နှင့် ကိုယ်စားပြုစစ် ( Proxy War ) သာလျှင် ဖြစ်နိုင်ပါသည်။ အီရန်တွင် ညူကလီယာလက်နက်ပိုင်ဆိုင်သည်ဟု ပြောဆိုနေကြပြီး သုံး-မသုံးဆိုသည်မှာ ၎င်းတို့ဆုံးဖြတ်ချက်သာဖြစ်၍ ခန့်မှန်းရန် မဖြစ်နိုင်ပါ ။

ညူလက်နက်စတင် အသုံးပြုသည့်နေ့သည် ကျွန်ုပ်တို့ ကမ္ဘ္ဘာကြီး၏ နောက်ဆုံးနေ့စတင်ခြင်းဖြစ်လာပါမည်။ ။သတင်းဘာသာပြန်သူ )

((( Russia Today., 4 Jan, 2020, “Damaged cars & swarm of US choppers: First footage of rocket attacks on Iraqi facilities housing Americans emerge (VIDEOS)” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/477480-iraq-rocket-attacks-aftermath/

https://www.rt.com/news/477479-iraqi-air-base-us-rocket-fire/

https://www.rt.com/news/477479-iraqi-air-base-us-rocket-fire/

https://www.rt.com/news/477490-coalition-base-balad-attack/

https://www.rt.com/news/477489-trump-iran-strike-targets/

#အီရတ်အမေရိကန်သံရုံးနှင့်လေတပ်အခြေစိုက်စခန်း #မာမွတ်အာမက်ဒီနီဂျက်

0

Leave a Reply

Your email address will not be published.