ဘဂ္ဂဒက်အမေရိကန်သံရုံးအနီး ရော့ကက် ၂-စင်း ကျရောက်ပေါက်ကွဲပြန်။ အီရန်ကျောထောက်နောက်ခံစစ်သွေးကြွတို့လက်ချက်ဟုယူဆ။ အရှေ့အလယ်ပိုင်းစစ်ရေးပေါက်ကွဲလုနီးတွင် ရုရှားနှင့် တူရကီတို့ ရွှေလမ်းငွေလမ်းဖောက်။ နှစ်နိုင်ငံပူးတွဲ၍ လစ်ဗျားတွင် အပစ်အခတ်ရပ်စဲကြရန် ကြေညာချက်ထုတ်ပြန်

ဗုဒ္ဓဟူးနေ့ညပိုင်း အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လုံခြုံရေးအထူးတင်းကြပ်ထားသည့် “ အစိမ်းရောင်ဇုံ “ ခေါ် အစိုးရနှင့် သံရုံးများတည်ရှိရာ ဧရိယာတွင် ရော့ကက်နှစ် ၂- စင်းကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒါဏ်ရာရသူ မရှိကြောင်း၊ အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များလက်ချက်ဟု ယူဆရကြောင်း Fox News က ယနေ့ရေးသားသည်။

အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် လေကြောင်းပစ်ခတ်ခြင်းများဖြင့် စစ်ရေးရှုတ်ထွေးလျှက်ရှိစဉ် ဗုဒ္ဓဟူးနေ့ ည ၁၁း၄၅-နာရီ၌ ကျယ်လောင်သော ပေါက်ကွဲသံ ၂-ချက်နှင့် သတိပေးဥသြသံများထွက်ပေါ်လာကို ဘဂ္ဂဒက်မြို့သားများ ကြားကြရသည်ဆို၏။ ရော့ကက်များမှာ အမေရိကန်သံရုံးဧရိယာအတွင်း ကျရောက် ခြင်းမရှိကြောင်း သိရှိရသည်။

လွန်ခဲ့သည့် သောကြာနေ့ ဘဂ္ဂဒက်လေဆိပ်အနီးတွင် အီရန်ထောက်လှမ်းရေးနှင့် အထူးတိုက်ခိုက်ရေးတပ်မှူး ကာဆင်စူလမန်နီအား ဒရုန်းလေယာဉ်အသုံးပြု၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အီရန်က လက်တုန့်ပြန်သော အားဖြင့် ဗုဒ္ဓဟူးနေ့စောစောပိုင်းတွင် အီရတ်နိုင်ငံအတွင်း အမေရိကန်ဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့များအခြေစိုက်ရာ အေယန်အယ်လ်ဆဒ်လေတပ်စခန်းနှင့် အာဘီလ်လေယာဉ်ကွင်းတို့ကို ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့သည်။ ပင်တာဂွန်၏ အဆိုအရ ပစ်ခတ်ခဲ့သော ဒုံးကျည်များမှာ ၂၂-စင်းရှိပြီး ထိခိုက်သေဆုံးသူ လုံးဝမရှိကြောင်း သိရှိရသည်။

ထိုစဉ်က ပစ်ခတ်ခဲ့သော ဒုံးကျည်များအနက် ၁၅ -စင်းမှာ အီရန်နယ်မြေအတွင်းမှ ဖြစ်ကြောင်း၊ ၎င်းတို့သည် တိုက်ချင်းပစ် ပဲ့ထိန်းမစ်ဆိုင်းလ်အမျိုးအစားဖြစ်ပြီး ယခု အစိမ်းရောင်နယ်မြေအတွင်း ကျရောက်ပေါက်ကွဲခဲ့သော ရော့ကက်များနှင့် လုံးဝခြားနားကြောင်း Fox News သတင်းထောက်က ရှင်းပြသည်။

ယခု ရော့ကက်များမှာ မစ်ဆိုင်းလ်များလောက် ပေါက်ကွဲမှု့ပြင်းထန်ခြင်းမရှိကြောင်း၊ ထိုသို့သော အငယ်စား တိုက်ခိုက်မှု့မျိုးများဖြင့် အမေရိကန်တပ်များအား ခြိမ်းခြောက်မှု့ ရှိနေသည်ဟု ကောက်ချက်ချနိုင်ကြောင်း၊ ဗုဒ္ဓဟူးနေ့ လေကြောင်းတိုက်ခိုက်မှု့အားလုံးသည် အီရန်အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိပဲ ၎င်းအစိုးရထံမှ ငွေကြေးထောက်ပံ့မှု့နှင့် ညွှန်ကြားချက်များ ရယူသည့် ပြည်သူ့စစ်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သို့သော် တစ်ခါတစ်ရံတွင် အီရန်ဥသျှောင် အယာတိုလာအလီခါမေနီနှင့် သမ္မတဟာစန်ရောဟနီတို့ကိုယ်တိုင် အဆိုပါ ပြည်သူ့စစ်များ၏ အီရန်နှင့် အီရတ်နိုင်ငံအတွင်း လှုပ်ရှားမှု့တို့ကို ထိန်းချုပ်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ ရကြောင်း Fox News က ဆက်လက်ရေးသားသည်။

စစ်ရေးပေါက်ကွဲလုနီးဖြင့် အရှေ့အလယ်ပိုင်းမှာ ဆူပွက်လျှက်ရှိသော်လည်း ရုရှားနှင့် တူရကီတို့မှာ ရွှေလမ်း-ငွေလမ်းဖောက်ကာ အလွမ်းသင့်လျှက်ရှိကြောင်း Russia Today က ယနေ့ရေးသားသည်။

ရုရှား ပင်လယ်နက်ဆိပ်ကမ်းမှ တူရကီအထိ မိုင် ၆၂၀ ကျော်ရှည်လျှားသည့် TurkStream မဟာဓါတ်ငွေ့ပိုက်လိုင်းဖွင့်ပွဲသို့ တူရကီသမ္မတတေရစ်အာဒိုဂန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကိုယ်တိုင်တက်ရောက်သည်။

ဖွင့်ပွဲအခန်းအနားတွင် အာဒိုဂန်က ကျွန်ုပ်တို့ ဒေသအား သွေးနှင့် မျက်ရည်ချောင်းစီးခြင်း မဖြစ်ရအောင် ကျွန်ုပ်တို့တွင်ရှိသော လက်နက်ကိရိယာများနှင့် သံတမန်နည်းလမ်းတို့ကို ဆက်လက်အသုံးပြုဖြင့် ကာကွယ်သွား ကြမည်ဟု ပြောကြားသည်။

ဗုဒ္ဓဟူးနေ့ တူရကီအင်ကာရာမြို့တော်၌ အာဒိုဂန်နှင့် ပူတင်တို့ တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် လစ်ဗျားနိုင်ငံပဋိပက္ခအတွင်း ပါဝင်ပတ်သက်လျှက်ရှိသူအားလုံးတို့က အပစ်အခတ် ရပ်စဲကြောင်း ကြေညာကြရန် တောင်းဆိုသည်ဟု ပါရှိသည်။

သို့သော်လည်း ရုရှားနှင့် တူရကီတို့သည် လစ်ဗျားတွင် အသေအကြေ သတ်ပုတ်လျှက်ရှိသော စင်ပြိုင်အစိုးရနှစ်ရပ်အား ဆန့်ကျင်ကွဲလွဲစွာ အသီးသီး ထောက်ခံသည့် နိုင်ငံများဖြစ်သည်။ တူရကီဆိုလျှင် မကြာသေးမီက လစ်ဗျားသို့ မြေပြင်တိုက်ခိုက်ရေးတပ်များစေလွှတ်ခဲ့ပြီး လစ်ဗျားတိုဘရုခ်အစိုးရကလည်း တူရကီအား ဂျီဟဒ်စစ်ကြေညာထားသည်ကို တွေ့ရကြောင်း သတင်း၌ ဝေဖန်ရေးသားထားသည်။

(( ငြိမ်းချမ်းခြင်းဆိုသည်မှာ စစ်ပွဲများရပ်တန့်သွားခြင်း၊ စစ်မဖြစ်တော့ခြင်းကို ဆိုလိုကြောင်း သူငယ်နှပ်စား ကလေးအရွယ်များပင် သိရှိကြသည်။ သို့သော် စစ်ခင်းခြင်းဆိုသည်မှာ နိုင်ငံရေးနည်းနှင့် အဖြေရှာမရသည့်အဆုံး အသုံးပြုရသည့် အဖြေထုတ်နည်းဖြစ်သည်။ ထို့ကြောင့် ပြဿနာတိုင်းကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာနိုင်ရန် သေချာလျှင် မည်သည့်နိုင်ငံမှ အကုန်အကျခံပြီး စစ်တပ်ဖွဲ့စည်းထားမည်မဟုတ်ချေ။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပြီး ထူးချွန်နိုင်ငံရေးသမားများနှင့် ပညာရှင်အများအပြားရှိနေသည့် အမေရိကန်၏ စစ်ရေး အသုံးစရိတ်သည် ၂၀၁၅ ခုနှစ်တွင် ၁.၆ ထရီလီယံရှိပြီး တစ်ကမ္ဘ္ဘာလုံးစစ်အသုံးစရိတ်၏ ၃၇ ရာနှုန်းရှိသည်။ အမေရိကန်က ၂.၇၇ ဒေါ်လာသုံးတိုင်း တရုတ်က ၁-ဒေါ်လာ သုံးနေသည်ဟုပင်ဆိုကြသည်။

စစ်ဆိုသည်မှာလည်း အနည်းဆုံး နှစ်ဖက်ရှိမှ ဖြစ်တတ်ပါသည်။ ထိုထက်ပိုလျှင်ကား ဘယ့်နှယ့်ပြောရမှန်း မသိတော့ချေ။ ကိုယ့်ကို အနိုင်ယူနေမှန်း၊ ကိုယ်ကချည့် ရှုံးနေမှန်း မသိခြင်းနှင့် “ ငြိမ်းချမ်းခြင်း “ သည် တစ်ခြားစီဖြစ်သည်။ ထိုသို့ ပိန်းလွန်းသဖြင့် ဤကမ္ဘာမြေမှ မျိုးတုန်းပျောက်ကွယ်သွားသော သက်ရှိများ၊ လူမျိုးနွယ်များ အထင်အရှားသမိုင်းရှိပါသည်။ တမင်အပျောက်ရိုက်နေလျှင်ကား မပြောတတ်တော့ပါ။

အောက်ခြေလွတ် စိတ်ကူးယဉ်နိုင်ငံရေးသမားတို့သည် လေသက်သက် ဟောပြောယုံနှင့် ငြိမ်းချမ်းတော့မယောင် ယုံမှားလေ့ရှိသည်။ “ ငါ ပြောလိုက်ရင် ရမှာပဲ “ ဟု ယုံကြည်ခြင်းသည် ဘဝင်မြင့်ခြင်းမျှသာ ဖြစ်လေသည်။

ကျွန်တော်တို့၏ ဂေါတမမြတ်စွာဘုရားရှင်သည် နတ်-လူ-ဗြဟ္မာတို့၏ အားကိုးမှီခိုရာဖြစ်သည်။ ထိုသို့သော “ဘုရားရှင်” သက်ရှိထင်ရှားရှိနေခိုက်မှာပင် သူတို့ကိုယ်သူတို့ “ ဘုရား “ ဟု ကြေညာသော “ စင်ပြိုင်ဘုရား “ ၉-ဆူခန့် ရှိခဲ့လေသည်။

ယခုလည်း လစ်ဗျားပြည်တွင်းစစ်တွင် စင်ပြိုင်အစိုးရနှစ်ရပ်တို့အား ကွဲလွဲစွာ ထောက်ခံကြသော တူရကီနှင့် ရုရှားသည် ပြုံးကာ ရယ်ကာ ပုခုံးချင်း ဖက်လျှက်ရှိပြီး စစ်မီးပြာပုံထဲမှ လစ်ဗျားပြည်သူတို့သည်ကား သွေးနှင့် မျက်ရည်အတိဖြစ်လျှက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့နိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Foxnews., Jan.08 ,2020, “2 rockets land in Baghdad’s Green Zone; Iran-backed militias suspected.” ကို #HtayOung, #OungMarine ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.foxnews.com/world/two-rockets-baghdad-green-zone-iran-backed-militias-suspected

https://edition.cnn.com/2020/01/08/politics/rockets-land-in-green-zone/index.html

https://www.rt.com/news/477723-putin-erdogan-cooperation-istanbul/

https://www.rt.com/news/477737-putin-erdogan-libya-ceasefire/

https://www.nationalpriorities.org/campaigns/us-military-spending-vs-world/

#ဘဂ္ဂဒက်အစိမ်းရောင်ဇုံရော့ကက်ပေါက်ကွဲ #ရုရှား-တူရကီမဟာဓါတ်ငွေ့ပိုက်လိုင်း #လစ်ဗျားပြည်တွင်းစစ်

0

Leave a Reply

Your email address will not be published.